LSCS and Anesthesia ဗိုက်ခွဲမွေးတာ ဘယ်မေ့ဆေး သုံးမှာလဲ

ဗိုက်ခွဲမွေးတာမှာ အများဆုံးသုံးကြတာက Spinal anesthesia (SA) ခါးထုံဆေးဖြစ်တယ်။ မေ့ဆေး General anesthesia (GA) လဲ သုံးတတ်သလို ရိုရိုး ထုံးဆေး Local anesthesia (LA) လဲ သုံးရတဲ့အခါ သုံးပါတယ်။ Epidural နည်းကတော့ ခါးထဲကို ထုံဆေး တောက်လျှောက်သွင်းထားရင် ခွဲတယ်။ မခွဲဘဲလဲ မွေးလမ်းကမွေးရင်လဲ လုံးဝမနာအောင် ဒီနည်းကို သုံးနိုင်ပါတယ်။
LA ရိုးရိုး-ထုံဆေးက ဆေးထိုးတဲ့ နေရာလေးမှာသာ ကွက်ပြီး ထုံနေမယ်။ နာတယ်ဆိုတာ အရေပြားကသာ နာတာ။ အဆီ၊ ကြွက်သား၊ အရွတ်ပြားတွေက မနာလို့ ထုံဆေး မလိုဘူး။ အရိုးဆိုတာတောင် မနာဘူး။ ဗိုက်ဖွင့်ရင် ဗိုက်အတွင်းမှာ ရှိရှိသမျှကို ဖုံးပေးထားတဲ့ အလွှာပါးပါးလေး ရှိတယ်။ သူက နာတယ်။ ဒါ့ကြောင့် အဲဒီနေရာကို မထိ-မကိုင်-အခွဲခင် ထုံဆေးထပ်ထိုးရအုံးမယ်။ နောက်ပြီး သားအိမ်ကို ဖုံးနေတဲ့ အဲဒီအလွှာနဲ့ တဆက်ထဲ အဖုံးကလဲ အတူတူဘဲမို့ မနာအောင် ဒါးရာပေးမဲ့ နေရာကို ထုံဆေး ထပ်ထိုးရမယ်။ ထုံဆေးနဲ့ မတည့်သူကလွဲရင် ဘာမှ ပြသနာမရှိဘူး။ တခုတော့ ရှိတယ်။ ထိတာ-ကိုင်တာမှာ မေ့နေသူလိုတော့ မဟုတ်ဘူး သိနေမယ်။ နဲနဲနာမယ်။ စိတ်လှုတ်ရှားသူတွေက မခံနိုင်ဘူး။ ဒါ့ကြောင့် အိပ်ဆေးပါ ထိုးတတ်တယ်။ ဘေးထွက်-ဆိုးကျိုး အနည်းဆုံးဖြစ်တယ်။ မခွဲခင် ကြိုတင် ပြင်ဆင်မှု ဘာမှ မလိုသလောက်ဘဲ။ အရေးပေါ်၊ တောမှာ၊ တခြားရွေးစရာမရှိ၊ မေ့ဆေး၊ ခါးထုံဆေး မခံနိုင်သူတွေ အတွက် သုံးရတယ်။ မွေးပြီးနောက် စောင့်ကြည့်နေရတဲ့ တာဝန် အနည်းဆုံး ဖြစ်တယ်။
SA ခါးထုံဆေး၊ ခါးအောက် နေရာမှန်သမျှ ဘာမှ မသိအောင် ထုံနေမယ်။ လူကတော့ ခွဲပေးတဲ့ ဆရာဝန်-ဆရာမတွေလိုဘဲ နိုးနိုးကြားကြား ရှိနေမယ်။ ဒါပေမဲ့ လူနာကို အိပ်ဆေးပါ ထိုးကြတာများတယ်။ ခါးထုံဆေးက သွေးဖိအား ကျတတ်လို့ ကြိုတင်ဆေးပါ ထိုးထားပေးမယ်။ တောက်လျှောက်လဲ BP တိုင်းထားနေမယ်။ ခွဲပြီးနောကိလဲ ၁-၂ ရက် ဆီးမသွားနိုင်သေးတာမို့ ဆီးပိုက် ထည့်ထားပေးမယ်။ မခွဲခင်လဲ ပြင်ဆင်စရာတွေ လုပ်ရမယ်။ အစာကို ဘယ်နှစ်နာရီကြို မစားဘဲ အနေခိုင်းတာ၊ ကြိုတင်ဆေးထိုးတာ။ မတော်တဆ ဆိုတာတော့ ဖြစ်တတ်တယ်။ အာရုံကြောထိတာမျိုး။ နောက်ပိုင်း ခါးနာနေတတ်တာမျိုး။ ကောင်းတာက ရိုးရိုး-ထုံဆေး နဲ့ ခါးထုံဆေးက ဆေးဟာ အထဲကကလေးဆီ မရောက်ဘူး။
GA မေ့ဆေးဆိုရင် သွေးထဲရောက်တာမို့ အထဲကကလေးဆီကို ဆေးရောက်တယ်။ ကိုယ်ဝန်ရှိချိန် ထိုးဆေး-စားဆေး ဆင်ခြင်ရတာမျိုး ရှိတယ် မဟုတ်ပါလား။ အချင်းကနေတဆင့် ကလေးဆီရောက်တာပါ။ မေ့ဆေးရော ခါးထုံဆေးပါ မေ့ဆေး-ဆရာဝန် သပ်သပ်ရှိမှ လုပ်တာ ကောင်းတယ်။ ဆရာတို့ မြန်မာပြည်တုံးက တောမှာဆိုရင် ဘယ်ရှိမလဲ။ ဒါလဲ အကောင်းမွေးနိုင်တာပါဘဲ။ မေ့ဆေးအတွက် ကြိုတင် ပြင်ဆင်မှုတွေ ပိုလိုတယ်။ သတိမရချိန် ချွဲ-အရည်တွေ ထွက်တာကို နည်းအောင် ဆေးထိုးရတယ်။ ထွက်လာသမျှကိုလဲ စုတ်ထုတ် ပေးနေရတယ်။
Anesthesia for Cesarean Section မေ့ဆေး နဲ့ ဗိုက်ခွဲမွေးခြင်း
ဆေးပညာ သင်ယူ-လုပ်ကိုင်ပေးနေသူတွေအတွက် ပညာဆန်ဆန် ရေးပါ့မယ်။ ဗိုက်ခွဲမွေးကြတာ ခေတ်စားလာတယ် ပြောရမလား၊ များများ လာနေတယ်။ အမေရိကားမှာ ၂ဝ-၂၅% က ခွဲမွေးကြတယ်။ အမှန်က မခွဲမဖြစ် ခွဲရမဲ့သူတွေကို High-risk patients လို့ သတ်မှတ်ပြီး ခွဲပေးရတာ ဖြစ်ပါတယ်။ Pregnancy induced hypertension ကိုယ်ဝန်ရှိမှ သွေးတိုး ဖြစ်သူ၊ Pre-eclampsia, Eclampsia ကိုယ်ဝန်-သွေးဆိပ်တက်သူ၊ Diabetes ဆီးချိုရှိသူ၊ Prematurity အချိန်မတိုင်ခင် မွေးသူ၊ စတာသူတွေ ဖြစ်တယ်။ သေခြာပေါက် ခွဲမှဖြစ်မဲ့ကိုယ်ဝန်ဆိုတာ အရိုးကွင်းကျဉ်းသူနဲ့ အချင်းရှေ့ရောက်နေသူတွေ ဖြစ်တယ်။ နောက်ပိုင်းမှာ HIV ပိုးရှိသူတွေ ပါလာတယ်။ ဘီ ပိုး နဲ့ စီ ပိုး ရှိသူတွေကိုတော့ တချို့က ခွဲတာ အားပေးတယ်။ အများက မခွဲလဲ ကလေးကို ကူးစက်ဘို့ ထူးပြီး စိုးရိမ်စရာ မရှိဘူး ပြောတယ်။
အခြေခံပြောရရင် Cesarean section ဗိုက်ခွဲမွေးတာမှာ အန္တရာယ် ဘာမှမရှိဘူး မဟုတ်ပါ။ ရှိနိုင်ပါတယ်။ ဒီခေတ်မှာ နည်းပညာ၊ အတတ်ပညာတွေ ပိုကောင်းလာနေတော့ နောက်ဆက်တွဲ ဖြစ်စရာတွေ နည်းသထက် နည်းလာနေပါတယ်။ ဒါ့ကြောင့်လဲ လူနာတွေ ကိုယ်တိုင်က ခွဲချင်ကြတာလဲ အရေအတွက် တိုးစေတဲ့ အချက်တချက် ဖြစ်တယ်။ အန္တရာယ် ဆိုတာ လျှော့မတွက်တာ အကောင်းဆုံး ဖြစ်ပါတယ်။
ဘယ်နည်းရွေးမလဲ
Safest and most appropriate စိတ်အချရဆုံးနဲ့ အသင့်တော်ဆုံးဆိုတာ နေရာ၊ လူနာအပေါ် မူတည်တယ်။ Reason for the cesarean section ဘာလို့ ခွဲမွေးရသလဲ။ Emergency အရေးပေါ်လား၊ Elective အေးအေးဆေးဆေး ရက်ရွေးမွေးတာလား။ ဘယ်မေ့ဆေး ရွေးမယ်ဆိုတာ Anesthesiologist မေ့ဆေး ဆရာဝန် ရဲ့ အလုပ်ဖြစ်ပါတယ်။ သူကနေ အချက်အလက်စုံကို စစ်ဆေးပြီး၊ လူနာကို Risks and Benefits အကျိုး-အပြစ်တွေ ပြောပြဆွေးနွေးပြီး ဆုံးဖြတ်မှာပါ။
(1) The safety of the mother မိခင်လောင်းအတွက် စိတ်ချနိုင်မှု၊
(2) The safety of the baby ကလေးအတွက် စိတ်ချနိုင်မှု၊
(3) The comfort of the mother မိခင်လောင်းအတွက် သက်တောင့်သက်သာရှိမှု နဲ့
(4) The ability to perform the surgery မေ့ဆေးနဲ့ခွဲစိတ်နည်း လုပ်ပေးနိုင်ချေ တွေကို ကြည့်ပါမယ်။
Types of anesthesia မေ့ဆေး အမျိုးမျိုး၊
အခြေခံအားဖြင့် ၂ မျိုးရှိတယ်။ General anesthesia မေ့ဆေး နဲ့ Regional anesthesia ထုံဆေးတွေ ဖြစ်တယ်။ General anesthesia မေ့ဆေးကို True emergency တကဲ့ အရေးပေါ်မှာ သုံးရတာများတယ်။ ဒါ့ကြောင့် Regional anesthesia ထုံဆေးတွေဟာ Almost universally preferred နေရာတကာ၊ လူတကာသုံးနည်းလို့ သတ်မှတ်တယ်။
General anesthesia မေ့ဆေး ရဲ့ ကောင်းချက်တွေ –
• မြန်မြန်ပေးလို့ရတယ်၊
• သွေးဖိအားကို ထိန်းရတာလွယ်တယ်၊
• အသက်ရှူတာကို ထိန်းပေးရတာလွယ်တယ်။
• သွေးထွက်-သွေးယို ပြသနာရှိတဲ့လူနာတွေ၊
• အာရုံကြောရောဂါရှိတဲ့ လူနာ၊
• ခါးထုံဆေးထိုးမဲ့နေရာ ကူးစက်ရောဂါရှိနေသူတွေအတွက် မေ့ဆေးဘဲသုံးရမယ်။
General anesthesia မေ့ဆေးရဲ့ အားနည်းချက်တွေ –
• လုံးဝသတိမေ့နေမယ်။ မွေးဖွါးပြီးပြီးချင်း သူ့ကလေးနဲ့ ဘာမှ မပါတ်သက်သလိုနေမယ်။
• မွေးပြီးဗိုက်နာတာ ပိုခံစားရနိုင်တယ်။
• တခြားအန္တရာယ်တွေလဲ ရှိသေးတယ်။
• မေ့ဆေးဆရာဝန်ကနေ လူနာ အသက်ကောင်းကောင်းပြန်ရှူနိုင်အောင် လုပ်ပေးရတယ်။ လိုအပ်ရင် Endotracheal tube ပိုက်-ကရိယာ ထည့်ပေးရတယ်။ အထည့်-အထုတ်မှာ မလိုလားအပ်တာတွေဖြစ်နိုင်တယ်။ မေ့ဆေးဆရာဝန် အလုပ်များမယ်။
• နောက်ဆုံးတချက်က မေ့ဆေးဟာ ကလေးကို သက်ရောက်တယ်။
• ခွဲစိတ်ဆရာဝန်က မြန်မြန်မွေးထုတ်ပေးရမယ်။
• ကလေးလဲ မွေးပြီးနောက် မေ့နေသလို ဖြစ်နေအုံးမယ်။
Regional anesthesia ကွက်ပြီးထုံစေတဲ့ ဆေးထိုးနည်းတွေထဲမှာ –
Spinal anesthesia (စပိုင်နယ်လ်) နဲ့ Epidural (အပီဂျူရယ်လ်) နည်းတွေ ရှိတယ်။ ဘယ်နေရာမှာ လုပ်တယ်၊ ဘယ်လို သက်ရောက်တယ် ဆိုတာတွေ အတော်တော့ ဆင်တူပါတယ်။ ယေဘုယျပြောရရင် Spinal နည်းက ပိုမြန်တယ်၊ ပိုရှင်းတယ်၊ ဆေး တချက်သာထိုးဘို့လိုတယ်။ Epidural က အချိန်ပိုလိုတယ်၊ နည်းနာလဲ ပိုတယ်၊ ဆေးတချက်ထဲ ထိုးရတာ မဟုတ်ဘဲ Plastic catheter ပလပ်စတစ် ပိုက်ကလေး တပ်ထားထိုးရတယ်။ အဲဒီကနေ ခွဲစိတ်တာ ကြာရင် ကြာသလို ဆေးတဖြေးဖြေး ချင်းသွင်းပေးနေရတယ်။ ဗိုက်ခွဲမွေးတာ မဟုတ်ဘဲလဲ မနာဘဲ ကလေးမွေးအောင်အတွက်ပါ သုံးနိုင်တယ်။
• မေ့ဆေးနဲ့ ခွဲမွေးတာက ဘာမှမနာဘူးလို့ ထင်ရင် မမှန်ပါ။
• မွေးလမ်းကနေ ကလေးဖွားရတာက ဗိုက်နာနေချိန်နဲ့ ကလေး ထွက်ချိန်တွေမှာ နာတာအမှန်ဘဲ။ မွေးပြီးတာနဲ့ နာတဲ့ကိစ္စ ပြီးသွားပါပြီ။
• Cesarean section ဗိုက်ခွဲမွေးရင် ခွဲနေတုံးတော့ လုံးဝမနာပါ။ မေ့ဆေး၊ ထုံဆေး ပျယ်တာနဲ့ နာပါပြီ။
• Anesthesiologists တွေက မေ့ဆေးကို နောက်ဆုံးရွေးရတာ လုပ်ချင်ပါတယ်။ Postoperative pain control ခွဲပြီးနာတာကို သက်သာအောင် လုပ်ပေးရတာ ပိုခက်လို့ပါ။
• အမှန်က နာတာကို အသက်သာဆုံးဆေးက Morphine ဘိန်းကနေထုတ်တဲ့ဆေးသာ ဖြစ်တယ်။
• Epidural နည်းနဲခွဲရင် ကလေးမွေးပြီးတော နာနေတာကိုပါ သက်သာစအောင် ဆက်လုပ်ပေးနိုင်တယ်။
• Spinal နည်းသုံးရင် ခွဲပြီးလဲ ၁-၂ နာရီပိုင်းအထိ ထုံနေအုံးမယ်။ ပြီးရင် နာလာမယ်။ မေ့ဆေးလောက် မဆိုးဘူး။ နာရင် Duramorph ဆေးပေးနိုင်တယ်။

Dr. တင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Water poisoning ရေအဆိပ်သင့်ခြင်း