Pregnancy Pains ကိုယ်ဝန်ဆောင် ဝေဒနာ

ကိုယ်ဝန်ဆောင်တာနဲ့ အရင်လိုမဟုတ်တော့ပါ။ ခံစားရမှာတွေ ရှိလာမယ်။ ကိုယ်ဝန်ဆောင်တွေက တယောက်နဲ့ တယောက်၊ တခါနဲ့ တခါ မတူကြပါ။ အခုရေးတာမှန်သမျှ ကိုယ်လဲ ခံရမယ် မထင်စေလိုပါ။ သက်သာအောင် ဘယ်လို လုပ်မလဲ။
၁။ Pregnancy Breast Changes ရင်သားအပြောင်းအလဲများ၊
• ရင်သား ထွားထွားလာမယ်။ အထဲက နို့ရည်ထွက်မဲ့ (ဂလင်း) လေးတွေကြီးလာ၊ အဆီတွေများလာလို့ပါ။
• တချို့မှာ နာမယ်။ ကိုယ်ဝန်ဆောင်ကာစနဲ့ ကလေးဖွါးခါနီးမှာ သိသာတယ်။
• သွေးကြောတွေလဲ များတာလို့ ပြာစိမ်းစိမ်းသွေးကြောလေးတွေမြင်လာရမယ်။
• နို့သီးအရောင်လဲ ရင့်လာ၊ မဲလာမယ်။
• Colostrum ဆိုတဲ့ ကနဦး-နို့ရည်ထွက်နိုင်တယ်။ ဒါတွေအားလုံးက ပုံမှန်အပြောင်းအလဲတွေသာဖြစ်တယ်။
• Bra (ဘရာ) ချောင်တာသာ ဝတ်ပါ။ မ-တင်ပေးနိုင်အောင်တော့ ဖြစ်ပါစေ။ (ကော်တွန်) နဲ့ သဘာဝပစ္စည်းနဲ့ လုပ်တာသာ ဖြစ်ပါစေ။ ကိုယ်ဝန်ရင့်လာတာနဲ့အမျှ (ဘရာ) အရွယ်အစား ကြီးကြီးလာဘို့လိုမယ်။ နေ့ရော ညပါဝတ်ထားပါ။ နို့ရည်ကြည်ထွက်နေရင် (ဘရာ) အတွင်းမှာ ဂွမ်းစခံထားပါ။ စိုလာရင် အသစ်လဲပါ။
• နို့သီးထိပ်ကို ရေခပ်နွေးနွေးနဲ့သာ ဆေးကြောပေးပါ။ ရေချိုးချိန်ကလွဲရင် ဆပ်ပြာမသုံးပါနဲ့။ ခြောက်သွေ့စေတယ်။
၂။ Pregnancy Fatigue ကိုယ်ဝန်ဆောင်စဉ်အားယုတ်ခြင်း၊
• ကိုယ်ဝန်ဆောင်လာရင် အားကုန်တယ်။ (အင်နာဂျီ) ပိုလိုလို့ပါ။
• Anemia သွေးအားနည်းရောဂါ မရှိအောင်ဆေးစစ်ပါ။ ကုသပါ။
• ကောင်းကောင်းနားပါ။ စောစောအိပ်ရာဝင်ပါ။ နေ့ခင်းလဲ ခဏတဖြုတ်အိပ်ပါ။
• ဖြစ်နိုင်သရွေ့ အချိန်ဇယားလုပ်ထားပါ။ အလုပ်လုပ်တာနဲ့ နားတာ မျှပါစေ။
• ကိုယ်လက်-လေ့ကျင့်ခန်းလုပ်ပါ။
၃။ Pregnancy Nausea or Vomiting ကိုယ်ဝန်ဆောင်စဉ် ပျို့-အန်ခြင်း၊
• ကိုယ်ဝန်ဆောင်တော့ ဟော်မုန်း အပြောင်းအလဲတွေဖြစ်လာလို့ ပျို့တာ၊ အန်တာတွေဖြစ်တယ်။
• ကိုယ်ဝန်ဆောင်စမှာသာ အဖြစ်များပြီး နောက်ဆိုရင် ကိုယ်ခန္ဓာက ထိန်းနိုင်လာမယ်။
• အစာမရှိချိန် မနက်ခင်းမှာ ပိုဆိုးတယ်။ ဒါကြောင့် Morning sickness (မောနင်း-ဆစ်ကနက်စ်) လို့ခေါ်ကြတယ်။ ၄ လရောက်ရင် မဖြစ်တော့ဘူး။
• မနက်ထမှာ ခပ်ခြောက်ခြောက်အစာ စားပါ။ ဥပမာ အနှံတွေကလုပ်တဲ့ စားစရာတွေဖြစ်တဲ့ ပေါင်မုံ့၊ (ခရက်ကာ) စတာမျိုး၊ နောက်ပြီး (ပရိုတင်း) များတာ ဥပမာ အဆီလွတ်အသား၊ (ချိစ်) ကို ညမအိပ်ခင်စားပါ။
• အစာကို တခါစားရင် သိပ်မများစေဘဲ ၂-၃ နာရီတခါစားသောက်ပါ။ ဖြေးဖြေးချင်း အချိန်ယူစားပါ။
• အရည်တွေ တနေကုန်သောက်ပါ။ ဗိုက်ကယ်အောင် မသောက်ပါနဲ့။ အေးနေတဲ့ ကြည်နေတဲ့ ပန်းသီးရည်၊ စပျစ်သီးရည်တွေက ပိုသင့်တယ်။
• စပ်တဲ့၊ ပူတဲ့အစာတွေရှောင်ပါ။
• Vitamin B6 (ဗီတာမင် ဘီ-၆) သောက်ပါ။
• အန်တာ မသက်သာရင် ဆရာဝန်ကို အကူအညီတောင်းပါ။
၄။ Pregnancy Frequent Urination ဆီးခဏခဏသွားခြင်း၊
• ကိုယ်ဝန်ဆောင်စ လတွေမှာ ကြီးလာနေတဲ့ သားအိမ်က သူ့ရှေ့မှာနေတဲ့ ဆီးအိမ်ကိုဖိသလိုဖြစ်လို့ ခဏခဏဆီးသွားချင်လာမယ်။
• အတွင်းခံမှန်သမျှ ကြပ်မနေပါစေနဲ့၊
• Urinary tract infection ဆီးကပူမယ်၊ အောင့်မယ်ဆိုရင် ဆရာဝန်ပြပါ။ ပိုးဝင်တာဖြစ်နိုင်တယ်။
၅။ Pregnancy Headaches ခေါင်းကိုက်ခြင်း၊
• စိတ်ဖိအားများတာ၊ ဝမ်းချုပ်တာကြောင့် ခေါင်းကိုက်တာဖြစ်နိုင်တယ်။ တချို့မှာ Preeclampsia (PET) သွေးဆိပ်တက်တာ ဖြစ်နိုင်တယ်။
• နဖူး၊ ဂုတ်ပိုးနေရာ ရေခဲတင်ပေးပါ။
• အလင်းရောင် မများတဲ့နေရာ-အခန်းမှာ နားပါ၊ ငြိမ်နေပါ။ မျက်စိမှိတ်ပြီး စိတ်လျှော့ပေးပါ။
• Tylenol (Acetaminophen) လိုအပ်ရင် (ပါရာစီတမော) ဆေးပြားသောက်ပါ။
• ပျို့တာနဲ့ ခေါင်းကိုက်တာ တွဲဖြစ်ရင် ဆရာဝန်ပြပါ။
၆။ Pregnancy Constipation ဝမ်းချုပ်ခြင်း၊
• Hormones ပြောင်းလဲလာတဲ့ ဟော်မုန်းတွေ၊ (ဗီတာမင်တွေ) နဲ့ သံဓါတ်အားဆေးတွေကြောင့် ဝမ်းချုပ်နိုင်တယ်။
• သားအိမ်ကနေ နောက်မှာနေတဲ့ အစာဟောင်းအိမ်ကို ဖိနေလို့လဲ ဖြစ်နိုင်တယ်။
• Fiber (ဖိုက်ဘာ) များတဲ့ ဖြူနေအောင်ချွတ်မထားတဲ့ အမှုံ့နဲ့လုပ်တဲ့အစာတွေ၊ လတ်ဆတ်တဲ့အသီးတွေ၊ ဟင်းသီးဟင်းရွက်တွေ ပိုစားပါ။
• ရေ-အရည်ပိုသောက်ပါ။ တနေ့မှာ ရေ ၆-၈ ခွက်၊ ဖျော်ရည် ၁-၂ ခွက်။
• မနက်ခင်းမှာ ခပ်နွေးနွေးအရည် သောက်ပါ။
• Exercise ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။
• ရေအိမ်သွားချိန် အလေ့အကျင့်လုပ်ပေးပါ။
• Laxative ဝမ်းနုပ်ဆေး ဆရာဝန်ပေးတာသောက်ပါ။ သဘာဝ ဝမ်းပျော့-ဝမ်းသွားစေတာသုံးပါ။ သင်္ဘောသီး၊ မန်ကျီးသီးမှည့်၊ ကန်စွန်းရွက်။
၇။ Pregnancy Dizziness မူးဝေခြင်း၊
• Pregnancy hormone ကိုယ်ဝန်ဆောင်-ဟော်မုန်း လို့ခေါ်တဲ့ Progesterone (ပရိုဂျက်စတီရုံး) ကနေ သွေးကြောတွေကို ကျယ်စေတယ်။ ခြေထောက်ပိုင်းမှာ သွေးတွေစုလာစေတယ်။ သားအိမ်ဆီလဲ သွေးပိုရစေတယ်။ သွေးဖိအားကျစေတယ်။ အထူးသဖြင့် အနေအထား ရုတ်တရက် အပြောင်းမှာ ဖြစ်တယ်။ ခေါင်းမူးနိုင်တယ်။
• အစာစားချင်စိတ်ကို ပြောင်းစေတယ်။ သွေးထဲမှာ သကြားဓါတ်နည်းရင်လဲ ခေါင်းမူးစေမယ်။
• မတ်တတ်အနေအထားမှာ ကြာကြာနေရရင် ဟိုဟိုဒီဒီသွားလာနေပါ။
• ဘယ်ဘက်ကို စောင်းအိပ်ပြီး နားပါ။
• အနေအထားပြင်တာမှာ ဖြေးဖြေးသာလုပ်ပါ။
• သကြားဓါတ် မနည်းစေအာင် အစာကို မကြာမကြာစားပေးပါ။
၈။ Difficulty Sleeping အိပ်မပျော်ချင်ခြစ်လာခြင်း၊
• Sleep medication အိပ်ဆေးမသောက်ပါနဲ့၊
• အိပ်ရာဝင်ချိန်မှာ နွားနို့ အပူသောက်ပေးပါ၊
• အိပ်ရာမဝင်ခင် ရေနွေးချိုးပါ၊
• ခေါင်းအုံးအပိုသုံးကြည့်ပါ၊ ဘေးတစောင်းအိပ်ပါ။
၉။ Pregnancy Heartburn or Indigestion အစာအကျေ-ဗိုက်အောင့်ခြင်း၊
• အစာခြေစနစ်က အလုပ်နှေးလို့ဖြစ်တယ်။ ကြီးလာနေတဲ့ သားအိမ်ကလဲ အစာအိမ်ကိုဖိတယ်။ ဟော်မုန်းတွေ အပြောင်းအလဲကြောင့်လဲ ပါတယ်။
• အစာကို နည်းနည်းချင်း ခဏခဏစားပါ။ ဖြေးဖြေးသာစားပါ။
• ရေနွေး၊ (ဟာဘယ်လ်) လဖက်ရည်သောက်ပါ။
• ပူ-စပ်တာ၊ မစာမကျေလွယ်တာ၊ ကျော်ထားတွေ ရှောင်ပါ။
• စားပြီးပြီးချင်း လှဲမအိပ်ပါနဲ့။
• အိပ်တာ၊ လှဲတာ အိပ်ရာခေါင်းရင်းကို မြှင့်ထားပါ။ ခေါင်း၊ ပခုံးအောက်က ခေါင်းအုံးခုခံထားနိုင်တယ်။
• အချိုနဲ့ အဆီ တခါတည်း တွဲမစားပါနဲ့။
၁ဝ။ Pregnancy Hemorrhoids လိပ်ခေါင်း၊
• စအိုမှာ သွေးပြန်ကြောလေးတွေဖေါင်းပြီး ဝမ်းသွာတဲ့အခါ အပြင်ကိုစုထွက်လာတာဖြစ်မယ်။ ကိုယ်ဝန်ကနေ မွေးလမ်းနဲ့ အစာဟောင်းအိမ်တွေအပေါ်မှာ ဖိအားသက်ရောက်လို့၊ သွေးလျှောက်တာလဲပိုလာလို့ ဖြစ်ရတယ်။
• ဝမ်းအချုပ်မခံပါနဲ့။ ဝမ်းသွာတဲ့အခါ မညှစ်ရစေနဲ့။
• အကြာကြီးထိုင်တာ၊ ရပ်တာ ရှောင်ရှားပါ။ အနေအထား မကြာမကြာ ပြောင်းပေးပါ။
• လိပ်ခေါင်းနေရာက် ရေခဲတလှည့် ရေနွေးတလှည့်တင်ပေးပါ။
• အတွင်းခံကျပ်မနေပါစေနဲ့။
• လိုအပ်ရင် ဆရာဝန်ပြပါ။
၁၁။ Pregnancy Varicose Veins သွေးပြန်ကြောထုံးခြင်း၊
• ခြေထောက်တွေမှာ သွေးပြန်ကြောတွေ ဖေါင်းကြွပြီး ထုံးနေသလိုထင်-မြင်ရတယ်။ တချို့ကတော့ အရင်ကတည်းက ရှိနေတတ်တယ်။
• မတ်တပ်ရပ်တာ၊ ထိုင်နေတာ အကြာကြီးမလုပ်ပါနဲ့။ ရွေ့လျှားသွားလာပေးပါ။ ခြေနှစ်ချောင်း ချိတ်ထိုင်တာ မကောင်းပါ။
• နားနေချိန်မှာ ခြေထောက်ပိုင်းကို မြှင့်ထားပေးပါ။
• ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။
• ကိုယ်အောက်ပိုင်း အဝတ်အစား တင်းကြပ်မနေစေပါနဲ့။
၁၂။ Pregnancy Leg Cramps ကြွက်တက်ခြင်း၊
• (ကယ်လ်စီယမ်) များတဲ့အစားအသောက်ပိုစားပါ။ နွားနို့၊ ဒိန်ခဲ၊ အရိုးပါစားလို့ရတဲ့ငါ။
• ဖိနပ် မကြပ်စေနဲ့၊ ခုံမြင့်ဖိနပ်မစီးပါနဲ့။
• နားနေချိန်မှာ ခြေထောက်ပိုင်းကို မြှင့်ထားပေးပါ။
• ခြေနှစ်ချောင်း ချိတ်ထိုင်တာ မကောင်းပါ။
• ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။
• အိပ်ရာမဝင်ခင် ခြေဆန့်-လက်ဆန့်လုပ်ပေးပါ။
• ပက်လက်အိပ်တာ နည်းပါစေ။
• ခြေထောက်တွေကို နှိပ်နယ်ပေးပါ။
၁၃။ Pregnancy Nasal Congestion နှာခေါင်းပိတ်ခြင်း၊
• အအေးမိသလိုနေတယ်။ ကိုယ်ဝန်ဆောင်-ဟော်မုန်းကြောင့်ဖြစ်ရတယ်။
• ပါး-နှာခေါင်းနေရာကို ရေနွေးဝတ်တင်ပါ။
• Nasal sprays ဆေးမသုံးပါနဲ့။
• ရေ-အရည် များများသောက်ပါ။ တနေ့မှာ ၆-၈ ခွက်။
• ခေါင်းအုံးအပိုသုံးပါ။
• Humidifier or Vaporizer သုံးနိုင်တယ်။
၁၄။ Shortness of Breath အသက်ရှူမဝခြင်း၊
• လမ်းလျှောက်နေရင်းဖြစ်ရင် အရှိန်လျျော့ချလိုကပ်ပါ။ နားလိုက်ပါ။
• လက်တွေကို ခေါင်းပေါ်မြှောက်လိုက်ပါ။
• အိပ်ရင် ခေါင်းပိုင်းက မြင့်နေပါစေ။

၁၅။ Pregnancy Stretch Marks အကြောပြန်ခြင်း၊
• ကြီးထွားလာတဲ့ အရေပြားရဲ့ ဆန့်နိုင်၊ ကျုံ့နိုင်စွမ်းက လိုသလောက်မလိုက်နိုင်လို့ဖြစ်တယ်။ ဗိုက်၊ ပေါင်၊ ရင်သားနေရာတွေမှာ အများဆုံးဖြစ်တယ်။ နောင်မှာ လုံးဝပျောက်မသွားပေမဲ့ မှေးမှိန်လာမယ်။
• Vitamins C and E တွေသောက်ပေးပါ။
• Skin lotion လိမ်းပါ။
• ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။
၁၆။ Swelling in the Feet and Legs ခြေထောက်ရောင်ခြင်း၊
• ခြေထောက်ကသွေးကြောနဲ့ သွေးပြန်ရည်ကြောတွေအပေါ်မှာ ကြီးလာတဲ့သားအိမ်ကဖိနေလို့ဖြစ်တယ်။
• မတ်တတ်အကြာကြီးမရပ်ပါနဲ့။
• ရေ-အရည် များများသောက်ပါ။ တနေ့မှာ ၆-၈ ခွက်။
• ငန်တဲ့အစာတွေ ရှောင်ပါ။ (ဆိုဒီယမ်) များတဲ့ ဆား၊ ငါးခြောက်၊ ငါးပိ၊ ငန်ပြာရည်၊ ဟင်ချိုမှုံ့၊ ဆော်ဒါ၊ ရှောင်ပါ။
• ခြေထောက်ပိုင်း မြျှင့်ထာနားပါ။
• အဝတ်အစား၊ ဖိနပ် တင်းကြပ်မနေစေပါနဲ့။
• (ပရိုတင်း) များများစားပါ။
• မျက်နှာပါ ရောင်ရင် ဆရာဝန်ပြပါ။
၁၇။ Vaginal Discharge မွေးလမ်းကစိုနေခြင်း၊
• သွေးလှည့်တာနဲ့ ဟော်မုန်းများလာလို့ဖြစ်တယ်။
• အဖြူရောင် ကြည်လင်နေတယ်။ မယားဘူး၊ အနေရမခက်ဘူး။
• (ကော်တွန်) အတွင်းခံသာသုံးပါ။
• အတွင်းခံ တင်းကြပ်မနေစေနဲ့။
• Douche (ဗဂျိုင်းနား) ဆေးကြောနည်း မလုပ်ပါနဲ့။
• ဆပ်ပြာနဲ့ ရေသာသုံးပါ။
• သန့်ရှင်းရေးလုပ်တိုင်း လက်ကို ရှေ့ကနေ နောက်ဖက်ကိုသာ ဦးတည်လုပ်ပါ။
• ဆင်းနေတာက ပူလောင်၊ ယားယံ၊ အနံ့ရှိလာရင် ဆရာဝန်ပြပါ။
၁၈။ Pregnancy Backaches ခါးနာခြင်း၊
• ဖိနပ်မမြင့်ပါစေနဲ့။ အလေးအပင် မမပါနဲ့။
• အောက်ကျတာတခုခုကောက်ချင်ရင် ဒူးကိုအရင်ကွေးပါ။ ခါးကို နောက်မှကွေးပါ။
• မတ်တပ်အကြာကြီးမရပ်ပါနဲ့။ ထိုင်ရင် နောက်ကျာမှီစရာပါတာနဲ့သာထိုင်ပါ။ ထိုင်နေရင်းလဲ ခြေထောက်ကို တခုခုမှာတင်ထားပါ။
• အိပ်ယာအောက်ခံ မာနေပါစေ။ ကြိုးကုတင်၊ စပရင်ကုတင် မသုံးပါနဲ့။ ပက်လက်ကုလားထိုင်မှာ မထိုင်ပါနဲ့။
• ခါးနာတဲ့နေရာကို အပူးကပ်ပေးပါ။ အပူဆေးကပ်ခွါသုံးနိုင်တယ်။ နှိပ်နယ်ပေးပါ။
• မျက်နှာသစ်၊ လက်ဆေး၊ ပန်းကန်ဆေးတာ ကိုယ့်အရပ်နဲ့ အနေတော် ရေစဉ်၊ ကြွေခွက်ဖြစ်ပါစေ၊
• (စတီရွိုက်) မပါတဲ့ အနာသက်သာဆေးသောက်ပါ။
၁၉။ Abdominal Pain or Discomfort ဗိုက်အောင့်ခြင်း၊
• ကိုယ်ခန္ဓာ အနေအထားပြင်ပေးပါ။
• သက်တောင့်သက်သာ ရှိပါစေ။ ရေနွေးအိတ်ကပ်ပါ။
• Tylenol (Acetaminophen) (ပါရာစီတမော) လိုအပ်ရင်သောက်ပါ။
• မသက်သာရင် ဆရာဝန်ပြပါ။
၂ဝ။ Braxton-Hicks Contractions ကလေးလှုတ်ခြင်း၊
• ကိုယ်ဝန် ၅ လကျော်ရင် ကလေးလှုတ်တာ သိသာလာမယ်။
• သက်တောင့်သက်သာ နေထိုင်ပါ။ လူအနေအထား ပြုပြင်ပေးပါ။
• မွေးချင်သလား အထင်မှားတတ်တယ်။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ