Hair Loss (1) ဆံပင်ကျွတ်ခြင်း (၁)
ဆံပင်ကျွတ်စေတဲ့ အကြောင်းတွေထဲမှာ ဆံပင်ကို တင်းနေအောင်ဆွဲပြီး၊ ဖီးတာ၊ ဆံပင်ပုံစံ လုပ်တာကနေဖြစ်တာပါတယ်။ (ပိုနီတေးလ်)၊ (ကောင်းန်-ရိုးလ်) လိုမျိုးပေါ့။ Trichotillomania ခေါ်တယ်။ ငယ်ရွယ်သူတွေမှာ ပိုဖြစ်တယ်။ ပြင်းတဲ့ ဆေးတွေနဲ့ ကုရလို့၊ ဓါတ်ကင်-ခွဲစိတ်ခံရလို့၊ အဆိပ်သင့်လို့ကြောင့်လည်း ဖြစ်ကြရတယ်။ Tinidazole ရဲ့ Side-effects တွေထဲမှာ ဆံပင်ကျွတ်တာ မပါပါ။ ကလေးဖွါးရလို့လည်း ဖြစ်သေးတယ်။ အမှန်က ကိုယ်ဝန်ဆောင်နေတုန်းဆံပင် ပိုထူလာရာကနေ၊ မွေးပြီးတော့ ပါးသွားရတာပါ။ ကလေးဖွါးပြီး ၃ လောက်နေ ဆံပင်ကျွတ်တတ်တယ်။ သံဓါတ် နည်းရင်လည်း ဖြစ်တတ်တယ်။ ကွက်ပြီး ဆံပင်ကျွတ်တာက (အော်တို-အင်မြူး) ရောဂါရလို့ ဖြစ်တယ်။ ချွေးထွက်အိပ်တွေမှာ အလုံးအကျိတ် ကင်ဆာရောဂါ ရလို့လဲ ဖြစ်တယ်။
ဆေးကုမ္ပဏီတွေ အတော်အလုပ်ဖြစ်ကြတယ်။ တကယ်တော့ အောင်မြင်တာဟာ အကန့်အသတ်သာ ဖြစ်ပါတယ်။ ဆေးပညာအရ ဟုတ်ပါတယ်လို့ လက်ခံထားတဲ့ဆေးတွေက Finasterois (Propecia) နဲ့ Dutasteride (Avodart) ဆေးတွေပါ။ ဒီဆေးတွေက ယောက်ျားဆီးကြိတ်ကြီးရောဂါ BPH ကိုကုရတဲ့ Antiandrogen ကျားဟော်မုန်း ဆန့်ကျင် ဆေးတွေ ဖြစ်တယ်။ အခု Finasteride (Propecia) နဲ့ Minoxidil (Rogaine) တို့ကိုဘဲ အမေရိကားမှာ တရားဝင် ထုတ်လုပ် ရောင်းချခွင့် ရှိတယ်။
Minoxidil (Rogaine) ဆေးက ဆံပင်အတွက်သက်သက် လိမ်းဆေးဖြစ်တယ်။ အရက်ပြန်ပါလို့ ဦးရေခြောက်ပြီး ဘောက် ဖြစ်စေတတ်တယ်။
ကြော်ညာတွေကလည်း များသလားမမေးနဲ့။ ဝက်ဘ်ဆိုက်တမျက်နှာကို နမူနာပြရရင် Avacor for Women Monthly Packages, Bao Shi Womens Herbal Hair Vitamins, Follicare Set Hair Loss Kit for Women with Minoxidil, MelanPlus Gray Hair Vitamins for Women, Minoxidil 2%, NuHair: Hair Growth for Women, Shen Min for Women Vitamins, Therapro Folligen Shampoo for Hair Loss in Women, Therapro MEDIceuticals Hair Gain Vitamins for Women ဒီဆေးတွေ တွေ့ရတယ်။ ပုံကလဘ်း ကနေ့ထွက် ကြော်ငြာကပုံ။
တကယ်တော့ ဆံပင်ပြန်ပေါက်ဘို့ထက် ရှိနေသေးတဲ့ဆံပင်ကို ထိန်းသိမ်းဘို့က လက်တွေ့ကျတယ်။ ပုံမှန် အေရိုးဘစ် လေ့ကျင်ခန်းလုပ်၊ စိတ်ဖိအားများတာ လျှော့ချနည်း၊ Immuno-suppressants ဆိုတဲ့ ခုခံအားနှိမ်လိမ်းဆေး၊ Cosmetic transplant surgery အလှပြုပြင်နည်းတွေတော့ ပေါ်လာနေပါတယ်။ ဆံပင်ကို ဆီပူလိမ်းကုနည်း၊ မသခြာတဲ့ ဆေးလိမ်း ကုနည်းတွေကို ရှောင်သင့်သည်။ နောက်ဆုံးတော့ လူမမြင်အောင် ဖုံးထားနည်းတွေ လုပ်ကြတယ်။ နောက်ဆုံးရဲ့ နောက်ဆုံးကတော့ ကတုံးတုံးလိုက်တာပါ။
အမျိုးသမီးတွေ G.I. Jane ထဲက Demi Moore, Alien ထဲက Sigourney Weaver, V for Vendetta ထဲက Natalie Portman နဲ့ Empire Records ထဲက Robin Tunney တို့ကို အားကျရင်လဲ ကုစရာမလိုဘူးပေါ့။
ဒီလိုဖြစ်သူတွေမှာ စိတ်ထိခိုက်မှု ရှိတတ်တယ်။ ကျား-မဆက်ဆံရာမှာလည်း ထူးတာရှိတတ်တယ်။ ထိပ်ပြောင်ရင် ယောက်ျား ပိုပီသတယ်တဲ့။ ကိုယ့်ဆံပင်ကောင်းနေတာ နုတ်မပြစ်နဲ့။
အကြောင်းတွေထဲမှာ နေမကောင်းပြီး ဆံပင်ကျွတ်တာလဲ ပါတယ်။ ရုပ်-စိတ် ဖိစီးတာကြောင့်ဆိုရင် ရောဂါပျောက်၊ စိတ်ပြန်တည်ငြိမ်ရင် ပြန်ကောင်းမှာပါ။ လည်ပင်းကြီး ဟော်မုန်း နည်းလို့ရော၊ များလို့ပါ ဖြစ်တတ်တယ်။ နဖူးပိုင်းနဲ့ မျက်ခုံးမွှေး အပြင်ပိုင်းတို့မှာ အများအားဖြင့် ဖြစ်ရတယ်။ ကျား-မ ဟော်မုန်း နှစ်မျိုးလုံးနဲ့ ဆိုင်တာမို့ အပြောင်းအလဲရှိရင် ဖြစ်စေတယ်။ ရာသီမမှန်၊ ကိုယ်ဝန်တားဆေး၊ ကိုယ်ဝန်ဆောင်၊ ကလေးမွေး၊ ဆေးဝါး စတာတွေကြောင့် ဟော်မုန်း အပြောင်းအလဲတွေ ဖြစ်စေတယ်။
Anticoagulants သွေးကျဲဆေး၊ ဂေါက်ဆေး၊ ဗီတာမင် A များသွားရင်၊ သွေးတိုးကျဆေးတချို့၊ နှလုံးရောဂါဆေး တချို့၊ စိတ်ကျဆေးတချို့ စတာတွေကြောင့်လည်း ဖြစ်နိုင်တယ်။ မှိုပိုး Fungal infections ကြောင့်လည်းဆံပင် ကျွတ်တယ်။ ဆီးချိုရှိနေရင်၊ လူးပတ်စ်ရောဂါတွေက ဖြစ်စမှာ ဆံပင်ကျွတ်တာနဲ့ စတတ်တယ်။ ဒါတွေကို ပြင်ပါ၊ စစ်ပါ၊ ကုပါ။
ဆံပင်ဖီးတာ ကြမ်းတမ်းလို့ရှိရင် ဖြစ်တတ်လို့ မလုပ်တော့ရင် ကောင်းပေမဲ့ ကျွတ်တဲ့နေရာက အမာရွတ် ဖြစ်သွားတဲ့အထိ ဆိုးသွားခဲ့ရင် အဲဒီနေရာမှာ ပြန်မပေါက်တော့ဘူး။ ဒါ့ကြောင့် ဆံပင်ဖီးတာကအစ ဘာလုပ်လုပ် သပ်သပ်ရပ်ရပ်၊ ညင်ညင်သာသာ လုပ်တဲ့အကျင့် မွေးယူဘို့-သင်ပေးဘို့ ကောင်းတယ်။ ရေစိုနေတုံး၊ ဆံပင်ခြောက်နေတုန်း ဘီးဖြီးတာမှာ သတိနဲ့လုပ်ပါ။ မိခင်တွေ အဒေါ်တွေစကား နားထောင်ပါ။ ဘီး အစိတ်-အကျဲအနေတော်တာ ရွေးဘို့လိုတယ်။ ခေါင်းသုံးဆီကအစ သဘာဝပစ္စည်းထက် ကောင်းတာ ရှားလှတယ်။
ကိုယ့်ဆံပင်ကိုယ် ယုယုယယ၊ စိတ်ထဲကပါ ကြင်နာမှုထားပြီး၊ ဖီးလိမ်း၊ ပြုပြင်တာ အလွန်ကောင်းတဲ့နည်း ဖြစ်တယ်။ သစ်ပင်ပန်းပင်တွေကိုတောင် စကားပြော၊ သီချင်းဂီတ လုပ်ပေးတာနဲ့ တုံ့ပြန်နိုင်စွမ်းရှိတယ်။ အနာကို စိတ်နဲ့တောင် ကုလို့ ရနိုင်တယ်။ ပျောက်စေရမယ်။ ပျောက်လာနေပြီ၊ အနာရဲ့ဘယ်နေရာက တစတစနဲ့ ဘယ်လို ကောင်းလာနေပြီဆိုပြီး အာရုံထား၊ အမိန့်ပေး၊ စေခိုင်းသလို Suggestion ပေးနေရင် တကယ် ကောင်းလာ စေနိုင်တယ်။ ဆံပင်ကိုလဲ ကုစရာ၊ လုပ်စရာတွေနဲ့အတူ ဒီနည်းပါ ကြိုးစားသင့်တယ်။ ကိုယ့်စိတ်က ခိုင်မာ၊ တည်ငြိမ်၊ သမာဓိ ရှိအောင် အရင် ပြုစုပျိုးထောင်ပါလေ။
Dr. တင့်ဆွေ
Comments
Post a Comment