Hair Loss Treatments ဆံပင်ကျွတ်တာ ဘာနဲ့ကုမလဲ

၁။ ကျွန်မလေ အခုဆံပင်တွေတအားကျွတ်တယ် ဆရာရယ်။ ဆံပင်ကျွတ်တာ နဂိုဆံပင်ရဲ့ တဝက်ပဲရှိတော့တယ် ဆရာရယ်။ ကျွတ်လို့ဆိုပြီး ဆံပင်ပေါင်းတင်ကြည့်တယ် ဖယောင်းသွင်းကြည့်တယ်။ ဘာမှလဲမထူးလာဘူး ကျွတ်မြဲပဲဖြစ်တယ်။ ဘာလုပ်ရမလဲလို့ ဆရာ့ကိုမေးကြည့်ချင်လို့ပါ။ ကျေးဇူးပြုပြီးပြန်ဖြေပေးပါနော်။

၂။ ဆရာရှင့် ကွန်မအသက် ၃၁ အိမ်ထောင်သည်ပါ။ ကလေးတော့မရသေးပါဘူး။ အခုတလော ၂ လလောက်ရှိပြီဆရာ ဆံပင်တွေ အရမ်းကိုကျွတ်လို့ပါ။ ဆံပင်အားဖြည့်ဆေးသောက်လို့ရ မရသိချင်လို့ပါရှင်။ အဲဒီဆေးတွေသောက်ရင်လဲ ကလေးရဖို့အခက်အခဲရှိမှာလဲစိုးလို့ပါ။ ဆံပင်က အရမ်းကိုပါးလွန်းနေပြီဖြစလို့ပါ။ ပေးပို့သည့်ပုံထဲမှ ဘယ်ဆေးကပိုမို သောက်သုံးသင့်လဲဆိုတာ ညွှန်ပေးပါဦး။ ကလေးကလဲလိုချင်နေတာဆိုတော့ ဘေးထွက်ဆိုးကျိုးရှိမှာစိုးလို့ပါဆရာ။

အမျိုးသမီးဆံပင်ကျွတ်တာကို ယောက်ျားဟော်မုန်းဆေးနဲ့ ကုရတယ်လို့ပြောရင် ကသိကအောင့်တော့နိုင်ပါမယ်။ ရောဂါနာမည်ကိုက Androgenetic alopecia အင်ဒရိုဂျင်းနစ် ဆံပင်ကျွတ်ခြင်းလို့ခေါ်တာဟာ ယောက်ျားဟော်မုန်း နာမည် ဖြစ်နေတာ သတိပြုပါ။

ဆရာဝန်တွေကလဲ ဟော်မုန်းဆေးပေးဘို့ ဝန်လေးပါတယ်။ ဆေးမသုံးခင် ယောက်ျားဟော်မုန်း များနေလို့ ဆံပင်ကျွတ်တာသေခြာစေရတယ်။ ဒါတောင်မှ လိမ်းဆေးပေးကြတာများတယ်။ စောစောသိသူကို စောစော ဆေးလိမ်းခိုင်းတာ ပိုကောင်းတယ်။ ကြာနေတာမျိုးက ဆံပင်ဖြစ်တဲ့အိတ်လေးတွေ အတော်များများကို ဖျက်ဆီးပြီးသား ဖြစ်နေနိုင်တယ်။ တခြားလိုအပ်မဲ့ ဗီတာမင်နဲ့ ဓါတ်ဆားတွေပါ သောက်ဘို့ လိုသေးတယ်။ ဆေးရဲ့ ထိရောက်မှုက တယောက်နဲ့တယောက် မတူတတ်ပါ။

1. Minoxidil (Rogaine) ဆေးဟာ အရင်က သွေးတိုးအတွက်ပေးတဲ့ စားဆေးဖြစ်တယ်။ ဆေးသောက် နေသူတွေမှာ ဆံပင်တွေ ထူထဲလာရာကနေ သိလာတယ်။ ဘေးထွက်-ဆိုးကျိုးပါဘဲ။ သုတေသနလုပ်တော့ လိမ်းဆေးပေါ်လာတယ်။ လိမ်းဆေးက သွေးထဲဝင်ပေမဲ့ မများပါ။ ဆေးက မျက်နှာလိုက်တယ်။ အမျိုးသမီးတွေမှာ ပိုသိသိသာသာ ကောင်းတာတွေ့ရတယ်။ Minoxidil 2% ကိုသာ FDA က အသိအမှတ်ပြုထားတယ်။ 5% ရောင်းတာရှိပေမဲ့ အမျိုးသမီးတွေ မသုံးသင့်ပါ။ ဆရာဝန်ကနေညွှန်ရင်လဲ သူ့စောင့်ရှောက်မှုအောက်ကနေ လုပ်စေပါတယ်။ 5% ထိရောက်မှု ပိုတာတော့ တွေ့ရတယ်။ ၈ လ ဆေးလိမ်းတဲ့ အသက် ၁၈ နှစ်ကနေ ၄၅ နှစ်ကြား အမျိုးသမီးတွေကို လေ့လာတော့ ၁၉% မှာ အသင့်အတင့် ကောင်းတယ်။ ၄ဝ% မှာ အနည်းအကျဉ်း ကောင်းတယ်။ ဆေးမပေးအုပ်စုမှာ ၇% နဲ့ ၃၃% လို့ နှိုင်းယှဉ်နိုင်တယ်။

2. Spironolactone (Aldactone) ဆေးကတော့ Androgen Receptor Inhibitors ဖြစ်တယ်။ Potassium-sparing Diuretics လို့လဲခေါ်တယ်။ ဆိုလိုတာက ဆီးသွားစေတဲ့ဆေး၊ ဒါပေမဲ့ တခြားဆီးဆေးတွေလို ပိုတက်စီယမ် မနည်းစေဘူး။ Edema ကိုယ်ရောင်တာ နဲ့ Hypertension သွေးတိုးအတွက်ပေးတယ်။ Hyperaldosteronism ရောဂါမှာလဲ သုံးပါသေးတယ်။

3. Cimetidine (Tagamet) ဆေးကတော့ Histamine blockers အမျိုးအစားဖြစ်တယ်။ အစာအိမ်လေနာအတွက် သုံးတယ်။ Cimetidine ဆေးကို Hirsutism ခေါ်တဲ့ အမျိုးသမီးတွေ မျက်နှာမှာ အမွှေးများနေတာအတွက် သုံးတယ်။ အင်ဒရိုဂျင်းနစ်ဆံပင်ကျွတ်ခြင်းအတွက်လဲ ကောင်းတယ်။ ဆေးအဆ များမှသိသာတယ်။ ဆေးက မိန်းမ ပိုဆန်စေတယ်။

4. Cyproterone Acetate ဆေးက Excessive sex drive in men ယောက်ျားတွေမှာ လိင်စိတ် ရိုင်းစိုင်းကဲလွန်း နေတာအတွက် သုံးတယ်။ ဒီဆေးကို Hirsutism ခေါ်တဲ့ အမျိုးသမီးတွေ မျက်နှာမှာ အမွှေးများနေတာ အတွက်လဲ သုံးတယ်။

5. Estrogen အီစထိုဂျင်နဲ့ Progesterone ပရိုဂျက်စတီရုံးဟော်မုန်းတွေပါတဲ့ ကိုယ်ဝန်တား စားဆေးတွေကနေ မျိုးဥအိမ်ကနေထုတ်တဲ့ Ovarian androgens ဟော်မုန်းတွေကို နည်းစေတယ်။ ဒါကြောင့် Androgenetic alopecia အင်ဒရိုဂျင်များလို့ဖြစ်ရတဲ့ ဆံပင်နည်းတာ-ပါးတာအတွက် သုံးနိုင်တယ်။ ကိုယ်ဝန်တားဘို့ရာသုံးတဲ့အခါ သတိထားစရာတွေ မသုံးသင့်တာတွေအတိုင်း သတိရှိရမယ်။

6. Ketoconazole (Nizoral) လိမ်းဆေးဟာ မှို ဖန်းဂတ်စ်ရောဂါအတွက်သုံးနေတာဖြစ်တယ်။ ဒီဆေးက Adrenal gland အဒရီနယ်လ်ဂလင်းနဲ့ ကျား-အစိ၊ မ-မျိုးဥအိမ်တွေကနေ Testosterone တက်စတိုစတီရုံးဟော်မုန်း နဲ့ တခြား Androgens အင်ဒရိုဂျင်တွေ ထွက်မှာကို နည်းစေတယ်။ Nizoral shampoo ခေါင်းလျှော်ရည်ထဲမှာ Ketoconazole 2% ပါတယ်။

7. Finasteride (Propecia, Proscar) ဆေးက Dihydrotestosterone (DHT) ခေါ်တဲ့ ဆံပင်-အိတ်လေးတွေကို ဒုက္ခပေးမဲ့ အင်ဇိုင်းမ်ကို တားဆီးပေးတယ်။ ဆေးပေါ်ကာစတုံးက Prostate gland ဆီးကျိတ်ရောဂါအတွက် ဖြစ်တယ်။ Propecia 1 mg ကို ယောက်ျားတွေ ဆံပင်ပေါက်စေဘို့ သုံးနိုင်တယ်။ တချို့ ကိုယ်ဝန်ဆောင် မဟုတ်တဲ့ အမျိုးသမီးတွေအတွက်လဲ သုံးနိုင်တယ်။ ယောက်ျားတွေသုံးရင် လိင်အင်္ဂါသန်မာမှုနဲ့ လိင်စိတ်တွေမှာ သတိထားရမယ်။ မိန်းမတွေမှာ အဲလိုဖြစ်တာတော့ မတွေ့ရဘူး။

8. Cyproterone Acetate + Ethinyloestradiol (Diane 35, Diane 50) ဆေးကလဲ ကိုယ်ဝန်တား စားဆေးဘဲ။ Diane 35 = 0.035 mg Estradiol 0.035 mg + Cyproterone 2 mg ပါတယ်။ Diane 50 = Estradiol 0.050 mg + Cyproterone 2 mg ပါတယ်။ ရင်သားနာတာ၊ ခေါင်းကိုက်တာ၊ လိင်စိတ်နည်းတာတွေ ဖြစ်နိုင်တယ်။

Dr. တင့်ဆွေ


Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ