Breast Benign Lumps ကင်ဆာမဟုတ်တဲ့ ရင်သားအကျိတ်များ

(ကန်တော့)
၁။ ဆရာရှင့် သမီးရင်သားမှာရေအိတ်တွေ့လို့ပါ ခွဲသင့်လား မခွဲဘဲ ထားရင်ရော အန္တရာယ်ရိှလားရှင့် သမီး အသက် ၃၃နှစ်ပါ အိမ်ထောင်မရှိပါဘူး
ရာသီမပေါ်တာ ၅လလောက်ရှိပါပီ(ပါပြီ)ရှင့် ကျေးဇူး ပြုပြီးဖြေပေးစေလိုပါတယ်ရှင့်
Simple breast cysts 
ကုသရန် မလိုအပ်။ အလိုလိုပျောက်တာ များတယ်။ တနှစ်တခါ ပြန်စစ်သင့်တယ်။
Fine-needle aspiration အပ်သေးသေးနဲ့ စုတ်ယူခြင်း
တချို့သာလိုတယ်။ ပြန်လည်း ဖြစ်တတ်တယ်။
Hormone ဟော်မုန်းဆေး
ရိုးရိုးကိုယ်ဝတ်တားဆေးပေးတယ်။ အိမ်ထောင်မရှလည်း ပေးလို့ရတယ်။ လိုအပ်သူကိုသာ ပေးတယ်။
Surgery ခွဲစိတ်ကုသနည်း
လိုအပ်သူကိုသာ လုပ်တယ်။ လူတိုင်းမလိုအပ်ပါ။
၂။ သမီး အသက်​က ၂၈ပါဆရာ ရင်​သားတဖက်​က အကြိတ်(အကျိတ်) ​အလုံးလိုမဟုတ်​ပါဘူးရှင်​့ အထဲမှာအ​ကြော​တွေက ​ရောင်​​နေသလို တဖက်​ထဲကြီး​နေတာပါရှင့် ရင်​သားကင်​ဆာဖြစ်​မှာ စိုးရိမ်​လို့ပါရှင့်
မိန်းကလေးတိုင်း အမျိုးသမီးကြီးငယ်တိုင်း ကိုယ့်ရင်သားကိုယ် စမ်းသပ်ပြီး၊ သံသယရှိရင် ချက်ချင်း ဆရာဝန်ကို ပြသင့်တာ သိနေကြပါပြီ။ ကင်ဆာဆိုရင် ကြောက်စရာမှန်ပေမဲ့ စောစောသိလို့ စနစ်တကျကုသရင် အများကြီး ကောင်းစေတဲ့ ကင်ဆာထဲမှာ ရင်သားကင်ဆာက ထိပ်ကနေတယ်။ ကင်ဆာမဟုတ်တဲ့ ရင်သားအကျိတ်တွေက ၈ဝ% ရှိတယ်။ အမျိုးအစားကတော့ များပါတယ်။ ယေဘုယျပြောရရင် အကျိတ်နခမ်းသားက ချောမွေ့နေမယ်၊ ရွေ့ရှားလို့လဲ လွယ်တယ်။ အကျိတ်ရယ်လို့ မဟုတ်ဘဲ ထိခိုက်မိလို့၊ ရာသီလာခြင်းနဲ့ အသက်အရွယ်ကြောင့် ဟော်မုန်းအပြောင်းအလဲ၊ ဆေးဝါးတွေကနေလည်း ရင်သားမှာ အရင်လိုမဟုတ်တာမျိုး ဖြစ်လာစေနိုင်ပါတယ်။ ကုန်ကုန်ပြောရရင် ရင်သား နှစ်ဘက်ဟာ တသက်လုံး ပြောင်းလဲနေတာပါ။
အသက်ငယ်သူတွေမှာ ကင်ဆာမဟုတ်ပါ။ မစိုးရိမ်ပါနဲ့။ ကင်ဆာမဟုတ်တဲ့ ရင်သားအကျိတ်တွေကတော့ -
(၁) Fibrocystic changes (ဖိုက်ဘရိုဆစ်စတစ်) အပြောင်းအလဲ။ ဟော်မုန်းပြောင်းလဲနေတာကနေ ဖြစ်စေတယ်။ နှစ်ဘက်လုံးမှာ ဖြစ်တာများတယ်။ ဥပမာ ရာသီမလာခင် တင်းပြီး နာချင်တာမျိုး။ တခါတလေ နို့သီးအဖျားကို ညှစ်ကြည့်ရင် အရည်လိုပါ ထွက်နိုင်သေးတယ်။ အကျိတ်လိုဖြစ်နေတာ အချောင်းလိုက်၊ အမြှောင်းလိုက်နေမယ်။ စမ်းကြည့်ရင် ခပ်မာမာ ရာဘာနဲ့တူတယ်။ အသက် ၄ဝ အောက်မှာသာအဖြစ်များတယ်။ ခွဲစရာမလိုပါ။ ကုစရာမလိုပါ။ နာတာရောင်တာအတွက် အနေရခက်ရင် အနာ-အကိုက် သက်သာဆေးသောက်နိုင်ပါတယ်။
(၂) Simple Cysts ရိုးရိုး (ဆစ်)။ အရည်ပြည့်နေတဲ့အိတ်လေးမျိုးဖြစ်တယ်။ တခုတည်းရော တခုမကပါဖြစ်နိုင်တယ်။ အရွယ်အစားလဲ အမျိုးမျိုးရှိနိုင်တယ်။ နာနိုင်တယ်။ နာတာကလည်း ရာသီခွင်နဲ့အမျှပြောင်းတယ်။ ဆေးထိုးအပ်သုံးပြီး စုပ်ထုတ်နိုင်တယ်။ ကင်ဆာမဟုတ်တာသေခြာဘို့လုပ်တာလည်း ဒီလိုမျိုး လုပ်တာပါဘဲ။
(၃) Fibroadenomas (ဖိုက်ဘရိုအဒီနိုးမား)။ အများဆုံးတွေ့ရတဲ့ အမျိုးအစားဖြစ်တယ်။ အစိုင်အခဲဖြစ်နေမယ်။ စမ်းကြည့်ရင် ရင်သားအတွင်းထဲမှာ ရွေ့တာ သိပ်လွယ်ကူတယ်။ ဒါကြောင့် နို့ထဲကကြွက်လို့တင်စားခေါ်ကြတယ်။ ခွဲစိတ်ပေးရတာများတယ်။ အသက် ၂ဝ-၃ဝ အတွင်း အများဆုံးဖြစ်တယ်။ ခွဲရတာများတယ်။ ကင်ဆာမဟုတ်။
Lumpectomy အကျိတ်ခွဲထုတ်နည်းက သမားရိုးကျနည်းဖြစ်တယ်။ Laser ablation, Cryoablation တခြားနည်းတွေလဲ ခုခေတ်မှာ စမ်းသုံးပါတယ်။
(၄) Intraductal papillomas နို့ပြွန်တွင်းက (ပက်ပလိုမား)။ သေးတယ်၊ အသေအချာကြည့်ရင် ကြွက်နို့လိုတူတယ်။ နို့သီးအနာတဝှိုက်မှာတွေ့ရတယ်။ အသက် ၄ဝ-၅ဝ တွေမှာပိုဖြစ်ပြီး နို့သီးအဖျားကနေ သွေးထွက်နိုင်တယ်။ Lumpectomy အကျိတ်ခွဲထုတ်နည်းက သမားရိုးကျနည်းဖြစ်တယ်။ Laser ablation, Cryoablation တခြားနည်းတွေလဲ ခုခေတ်မှာ စမ်းသုံးပါတယ်။
(၅) Traumatic fat necrosis ထိခိုက်မိလို့ အဆီခဲတွေပျက်စီးခြင်းဖြစ်တယ်။ ခပ်ဝိုင်းဝိုင်း။ ခပ်တင်းမာမာ၊ တခုတည်းရှိပြီး၊ မနာဘူး။ အနာသက်သာဆေးသာလိုမယ်။
(၆) Mastitis နို့နာဆိုတာလဲ တခြားနေရာတွေမှာဖြစ်တဲ့အနာလိုပါဘဲ။ နို့ပိုးဝင်ခြင်းလည်းဖြစ်နိုင်တယ်။ အကျိတ်ဖြစ်မယ်၊ နာမယ်၊ အပေါ်ယံအရေပြား နီမြန်းနေမယ်။ အနာက အရေပြားနဲ့နီးမှသာ နီတာမြင်ရမယ်။ အပူချိန်စမ်းရင် ပိုပူနေမယ်။ အပူကပ်ရေးရမယ်။ ပိုးသေဆေး နဲ့ အနာသက်သာဆေး ပေးမယ်။ ပြည်တည်ရင်တော့ ပြည်က်ုိ ထုတ်ရမယ်။
(၇) Breast Pseudolumps အကျိတ်မဟုတ်တဲ့ အကျိတ်။ ရင်သားအတုထဲက (စီလီကွန်) တနေရာကထူပျစ်လာတာ၊ အဆီခဲတချို့သေတာ၊ အောက်ကနံရိုး။ Breast cancer ကင်ဆာ၊ Lipoma အဆီအကျိတ် နဲ့ Milk cyst (galactocele) နို့ရည်ခဲတွေလည်း ထည့်စဉ်းစားရမယ်။
ရောဂါနာမည်တွေ အင်္ဂလိပ်လိုပါရေးထားလို့ စိတ်မပူ၊ စိတ်မရှုတ်ပါနဲ့။ ၁၊ ၂၊ နဲ့ ၃ တွေ အများဆုံးဖြစ်တယ်။ နံပါတ် (၃) ကိုသာ ခွဲပေးရတာများပါတယ်။
Benign lesions ကင်ဆာ မဟုတ်တာတွေ အချုပ်
• Breast Fibroadenoma (F/A) အသက် ၂ဝ-၃ဝ အပျိုရွယ်တွေမှာ အများဆုံးဖြစ်တဲ့ ကင်ဆာမဟုတ်တဲ့ ရင်သားအကျိတ်။ နာလဲမနာဘူး။ အကျိတ်ကို သန့်သန့်လေး စမ်းလို့ရမယ်။ ဟိုဘက်-ဒီဘက်၊ အထက်-အောက် ရွေ့လို့ရတာမို့ ရင်သား Breast mouse ကြွက်လို့ ခေါ်ကြတယ်။ ခွဲရင် အတွေ့အကြုံရှိတဲ့ဆရာဝန်ကိုပြသင့်တယ်။ အရွယ်ငယ်သေးသူတွေအတွက် အမာရွတ်ကို အထူးသတိထားရတယ်။
• Simple breast cyst ကင်ဆာမဟုတ်တဲ့ ရင်သား-အကျိတ်။ အထဲမှာ အရည်ရှိနေမယ်။ အသက် ၃ဝ-၄ဝ အရွယ်တွေမှာ ဖြစ်တယ်။ နို့နာနိုင်တယ်။ နို့သီးအဖျားကနေ ညှစ်ရင် အရည်ထွက်နိုင်တယ်။
• Fibrocystic breast disease ကင်ဆာမဟုတ်ပါ။ ရာသီရက်တွေမှာ အပြောင်းအလဲတွေ ဖြစ်မယ်။ အနေရ ခက်စေတယ်။
• Usual hyperplasia of the breast ရင်သားကို အသားစဖြတ်ယူ စစ်ဆေးကြည့်ရင် ကင်ဆာလို့ မတွေ့ရဘူး။ ဒါပေမဲ့ ပြွန် (ဆဲလ်) တွေက ပုံမှန်မဟုတ်ဘဲ များနေတယ်။ တချိန်မှာ ကင်ဆာဖြစ်လာနိုင်တဲ့ အခွင့်အလမ်း များတယ်။
• Atypical hyperplasia of the breast ပုံမှန်မဟုတ်တဲ့ (ဆဲလ်) တွေကို နို့ပြွန်ထဲမှာရော နို့ထွက် အဆုပ်လေးတွေမှာပါ ရှိနေမယ်။ တချိန်မှာ ကင်ဆာ ဖြစ်လာနိုင်တဲ့အခွင့်အလမ်း ၄-၅ ဆ များတယ်။
• Intraductal papilloma ကင်ဆာမဟုတ်ပါ။ နို့ပြွန်လေးတွေထဲမှာ ကြွက်နို့နဲ့ဆင်တယ်။ အပြင်ကစမ်းရင် အကျိတ်စမ်းလို့ရမယ်။ နို့သီးအဖျားကနေ အရည်တမျိုးမျိုး ထွက်မယ်။
• Adenosis of the breast ကင်ဆာမဟုတ်ပါ။ နို့ထွက်အဆုပ်လေးတွေမှာဖြစ်တယ်။ Mammograms (မင်မိုဂရမ်) ရိုက်ရင် ကင်ဆာနဲ့ဆင်နေမယ်။ Biopsy အသားစဖြတ်ယူစစ်ဆေးတာ လုပ်ရမယ်။
• Phyllodes tumor ရှားတယ်။ ကြီးလာတာမြန်တယ်။ Ultrasound ရိုက်ရင် Fibroadenoma နဲ့ ဆင်တူနေမယ်။ အသက် ၄ဝ ကျော်မှာ အဖြစ်များတယ်။ ကင်ဆာမဟုတ်တာရော ကင်ဆာပါဖြစ်နိုင်တယ်။
• Fat necrosis ရင်သားကို ထိခိုက်မိရာကနေ အထဲက အဆီ (တစ်ရှူး) တွေ ပျက်စီးတာဖြစ်တယ်။ စမ်းလို့တွေ့တဲ့ အကျိတ်ဟာ အမာရွတ်သာဖြစ်တယ်။
• Mastitis နို့နာ။ တခြားနေရာတွေမှာ အနာဖြစ်သလိုမျိုး နာမယ်၊ နီရဲနေမယ်၊ ဖေါင်းနေမယ်၊ ပူနွေးနေမယ်။ ကလေး နို့တိုက်ချိန်မှာ အဖြစ်များတယ်။ Breast abscess ပြည်တည်လာနိုင်တယ်။ ကိုယ်ပူမယ်။
• Breast calcifications နို့မာ။ (ကယ်လ်စီယမ်) ထုံးဓါတ်တွေ စုဝေးနေတာဖြစ်တယ်။ Mammograms ရိုက်ရမယ်။ ဆင်ဆာလဲဖြစ်နိုင်လို့ Biopsy အသားစ ဖြတ်ယူစစ်ဆေးတာ လုပ်ရမယ်။
• Gynecomastia ယောက်ျားနို့က မိန်းမနို့လိုဖြစ်နေတာ။ မွေးကလေးတွေမှာလဲ ဖြစ်နိုင်တယ်။ လူပျိုပေါက်လဲ ဖြစ်တတ်တယ်။ မနေ့ကမေးတယ်။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ