မြန်မာနိုင်ငံ၏ အထင်ရှားဆုံးသော ကျန်းမာရေးပြဿနာရပ်များသည်
ဆိုးရွားစွာ ပျက်စီး ယိုယွင်းနေသော ဆေးဝါးကုသမှုဆိုင်ရာ အခြေခံအဆောက်အအုံ၊ ကျယ်ပြန့်စွာ ကူးစက် ပြန့်ပွားနေသော ရောဂါဘယများ၊ မြင့်မားလှသော မိခင်နှင့် ကလေးသေဆုံးမှုနှုန်း၊ ထို့ပြင် တိုက်ပွဲများနှင့် အဓမ္မနေရပ်စွန့်ခွာခိုင်းမှုများကြောင့် ဖြစ်ပေါ်လာသော အကျိုးသက်ရောက်မှုများအပေါ်တွင် အခြေခံ၍ ပေါ်ပေါက်လာရခြင်း ဖြစ်ပါသည်။
အဓိကကျသော ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်—
ကူးစက်ရောဂါများ — မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် တီဘီရောဂါ အဖြစ်များဆုံး နိုင်ငံတခုဖြစ်ပြီး ဆေးယဉ်ပါး တီဘီပိုးများအပြင် အိတ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ် (HIV/AIDS) နှင့် ငှက်ဖျားရောဂါ ဖြစ်ပွားမှုနှုန်းလည်း လွန်စွာ မြင့်မားလျက် ရှိပါသည်။ ထို့ပြင် သွေးလွန်တုပ်ကွေးနှင့် ဂျပန်ဦးနှောက်ရောင်ရောဂါကဲ့သို့သော ခြင်၊ ယင် စသည့် သန်းကောင်များမှတဆင့် ကူးစက်တတ်သော ရောဂါများသည်လည်း နှစ်စဉ် ကြီးမားသော ခြိမ်းခြောက်မှုများအဖြစ် တည်ရှိနေပါသည်။
မိခင်နှင့် ကလေးသေဆုံးမှု — ကလေးသူငယ်များတွင် ကာကွယ်ဆေးထိုးနှံနိုင်မှု အကျုံးဝင်မှုနှုန်း နိမ့်ကျခြင်းကြောင့် ဝက်သက်၊ ဆုံဆို့နှင့် ပိုလီယို (တုန်လှုပ်ငန်း) ရောဂါများ ပြန်လည်ဦးမော့လာမည်ကို စိုးရိမ်ရသည့် အခြေအနေသို့ ရောက်ရှိနေပါသည်။ မိခင်သေဆုံးမှုနှုန်း မြင့်မားရခြင်းမှာလည်း အန္တရာယ်ရှိသော သားဖျက်ခြင်းများ၊ မီးဖွားပြီး သွေးသွန်ခြင်းများနှင့် ကျွမ်းကျင်သော ကျန်းမာရေးလုပ်သားများ မပါဝင်ပဲ နေအိမ်များ၌သာ ကလေးမီးဖွားကြသည့် ရာခိုင်နှုန်း မြင့်မားနေခြင်းတို့ကြောင့် အဓိက ဖြစ်ပွားရခြင်း ဖြစ်ပါသည်။
ပဋိပက္ခနှင့် နေရပ်စွန့်ခွာရမှု — ရှည်ကြာလှသော လက်နက်ကိုင်ပဋိပက္ခများကြောင့် ကျန်းမာရေးစောင့်ရှောက်မှု အဆောက်အအုံများ ပျက်စီးဆုံးရှုံးခဲ့ရပြီး၊ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ တိမ်းရှောင်ရခြင်း သို့မဟုတ် ဖမ်းဆီးထိန်းသိမ်းခံရခြင်းများ ဖြစ်ပေါ်ခဲ့ကာ လူပေါင်းသန်းချီ၍ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါသည်။ ပြည်တွင်းနေရပ်စွန့်ခွာရသူများ (IDPs) ၏ ဒုက္ခသည်စခန်းများသည် ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါ (AWD) နှင့် ကာလဝမ်းရောဂါများ ကူးစက်ပြန့်ပွားရန် လွန်စွာ လွယ်ကူသော အခြေအနေတွင် ရှိနေပါသည်။
မကူးစက်နိုင်သော ရောဂါများ (NCDs) — ကူးစက်တတ်သော ရောဂါများ ပြန့်ပွားနေသကဲ့သို့ပင် တဘက်၌လည်း လေဖြတ်ခြင်း၊ နှလုံးသွေးကြောပိတ်ရောဂါနှင့် ဆီးချိုရောဂါကဲ့သို့သော မကူးစက်နိုင်သည့် ရောဂါများသည် မြန်မာနိုင်ငံတွင် သေဆုံးမှုအများဆုံး ဖြစ်စေသည့် အဓိက အကြောင်းရင်းများ ဖြစ်ကြပါသည်။ ယခုအခါ ဆေးဝါးပြတ်လပ်မှု ကျယ်ပြန့်စွာ ကြုံတွေ့နေရခြင်းနှင့် ဆေးဝါးကုသမှု ရယူရန် အလွန်တရာ ခက်ခဲနေခြင်းတို့ကြောင့် ဤကဲ့သို့သော နာတာရှည် ရောဂါဝေဒနာများသည် လူအသက်ကို ပိုမို၍ ခြိမ်းခြောက်လျက် ရှိပါသည်။
မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment