အသက်ကြီးများ လေများခြင်း

(စကားပြောများတာ မဟုတ်ပါ။ အစာလမ်းမှာ လေထုထည်ပိုများတာ။)

အသက်ကြီးသူများတွင် လေပွခြင်း၊ လေအောင့်ခြင်း ပိုမိုဖြစ်ပွားရခြင်း အဓိကအကြောင်းအရင်းမှာ အစာခြေစနစ် နှေးကွေးသွားခြင်း၊ အစာအိမ်အက်ဆစ်နှင့် အင်ဇိုင်း (Enzymes) များ လျော့နည်းလာခြင်းနှင့် ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများကြောင့် ဖြစ်ပါသည်။ ခန္ဓာကိုယ်တွင်း၌ အူလမ်းကြောင်းလေ ထွက်ရှိမှုပမာဏသည် အမှန်တကယ် ပိုမိုများပြားလာခြင်း မဟုတ်စေကာမူ အသက်ကြီးသူများသည် ဗိုက်ကယ်ခြင်းနှင့် လေလည်ခြင်းတို့ကို ပိုမိုသိသာစွာ ခံစားရလေ့ရှိပါသည်။ 

အဓိကအကြောင်းရင်းများ

အစာခြေစနစ် (လှုပ်ရှားမှု) နှေးကွေးခြင်း -

အသက်အရွယ်ကြီးရင့်လာသည်နှင့်အမျှ ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်စဉ်နှင့် အစာခြေလမ်းကြောင်း ကြွက်သားများ၏ လုပ်ဆောင်ချက်များသည် သဘာဝအတိုင်း အားနည်းလာပါသည်။ အစာရွေ့လျားမှု နှေးကွေးသွားခြင်းကြောင့် အူလမ်းကြောင်းရှိ ဘက်တီးရီးယားများက အစာကို အချဉ်ဖောက်ရန် အချိန်ပိုမိုရရှိသွားပြီး လေပွခြင်းကို ဖြစ်ပေါ်စေပါသည်။

အစာခြေရည်များ လျော့နည်းလာခြင်း -

အသက်ကြီးသော ခန္ဓာကိုယ်သည် အစာအိမ်အက်ဆစ်နှင့် (လက်တေ့စ် ကဲ့သို့သော) အစာခြေအင်ဇိုင်းများကို လျော့နည်း၍သာ ထုတ်လုပ်လေ့ရှိပါသည်။ ထို့ကြောင့် အချို့သော အစားအစာများကို (အထူးသဖြင့် နို့နှင့် နို့ထွက်ပစ္စည်းများကို) ကြေညက်အောင် ခြေဖျက်ရန် ပိုမိုခက်ခဲသွားစေပြီး အချဉ်ပေါက်ခြင်းကို ဖြစ်စေပါသည်။ 

ဆေးဝါးများ -

အများအားဖြင့် မှီဝဲလေ့ရှိသော ဆရာဝန်ညွှန်ကြားချက်ပါ ဆေးဝါးများ (ဥပမာ - သံဓာတ်အားဆေးများ၊ အကိုက်အခဲပျောက်ဆေးများနှင့် ပဋိဇီဝဆေးများ) သည် ဝမ်းချုပ်ခြင်းကို ဖြစ်စေနိုင်ခြင်း၊ အူလမ်းကြောင်းရှိ အကျိုးပြုဘက်တီးရီးယားများကို ပျက်စီးစေခြင်းနှင့် လေပွခြင်းကို တိုးပွားစေခြင်းတို့ ဖြစ်ပွားစေနိုင်ပါသည်။

စားသောက်မှုပုံစံ ပြောင်းလဲခြင်း -

အသက်ကြီးသူ အများစုသည် ဝမ်းချုပ်ခြင်းကို ကာကွယ်ရန်အတွက် အမျှင်ဓာတ် (Fiber) မြင့်မားသော အစားအစာများကို ပိုမိုစားသုံးကြပါသည်။ သို့သော် ထိုအမျှင်ဓာတ်ရှိသော အစားအစာများကို ခန္ဓာကိုယ်နှင့် ချက်ချင်းအသားကျအောင် အလျင်စလို အလွန်အကျွံ စားသုံးမိပါက လေထွက်ရှိမှုကို ပိုမိုမြင့်တက်စေနိုင်ပါသည်။

အစာခြေလမ်းကြောင်းအတွင်းသို့ လေဝင်ရောက်စုဝေးခြင်းသည် နည်းလမ်းနှစ်မျိုးဖြင့် ဖြစ်ပွားနိုင်ပါသည်။ ပထမနည်းလမ်းမှာ အစားအစာစားခြင်း၊ ရေသောက်ခြင်းနှင့် စကားပြောခြင်း (ထိုသို့ပြုလုပ်စဉ်အတွင်း အသက်ကြီးသူများသည် တံတွေးကို မျိုချမိကြသည်) စသည်တို့ဖြင့် ပါးစပ်မှတဆင့် လေဝင်ခြင်း ဖြစ်ပါသည်။ ဤအကြောင်းရင်းများမှ ဝင်ရောက်လာသော လေများသည် အစာရေမြိုပြွန်အတွင်း စုဝေးလာပြီး ပါးစပ်မှတဆင့် လေတက်ခြင်းဖြင့် ပြန်လည်ထွက်ရှိသွားပါသည်။ 

အချို့သော အစားအစာများသည်လည်း ခဏခဏ လေလည်ခြင်းကို ဖြစ်ပေါ်စေသည့် အဓိကတရားခံများ ဖြစ်ကြပါသည်။ ၎င်းတို့တွင် ပဲအမျိုးမျိုး၊ ကောက်နှံတခုလုံး (Whole grains)၊ သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များကဲ့သို့သော အမျှင်ဓာတ်ကြွယ်ဝသည့် အစားအစာများ ပါဝင်ပါသည်။ သို့သော် ဤကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများသည် အစာခြေလမ်းကြောင်းကို ကောင်းမွန်စေခြင်း၊ ကိုလက်စထရောနှင့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်းတို့ကို ပြုလုပ်ပေးနိုင်သဖြင့် ၎င်းတို့ကို မျှတစွာ မှီဝဲစားသုံးရန် အလွန်အရေးကြီးပါသည်။ 

အသက်ကြီးသူများတွင် လေပွခြင်းအကြိမ်ရေကို သဘာဝကုထုံးများဖြင့် လျှော့ချပေးနိုင်ပါသည်။ ရေကို လုံလောက်စွာသောက်သုံးပြီး ရေဓာတ်ပြည့်ဝအောင် နေထိုင်ခြင်းက ဝမ်းချုပ်ခြင်းနှင့် ၎င်းနှင့်ဆက်စပ်နေသော လေပွခြင်းများကို ကာကွယ်ပေးနိုင်ပါသည်။ ဂတ်စ် (Gas) ပါသော အချိုရည်များနှင့် လေပွစေတတ်သော သောက်စရာများကို သတိပြုရှောင်ကြဉ်ရပါမည်။ သို့သော် ပူဒီနာလက်ဖက်ရည် (Mint tea) ကမူ လေပွခြင်းကို လျော့ပါးစေနိုင်ပါသည်။ 

အသက်ကြီးသူများအား နို့နှင့် နို့ထွက်ပစ္စည်းများ ကျွေးမွေးခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။ (နို့သကြားဓာတ် မခံနိုင်ခြင်း - Lactose intolerance သည် မည်သည့်အသက်အရွယ်တွင်မဆို စတင်ဖြစ်ပွားနိုင်သည်ကို သတိပြုပါ)။ ထို့အပြင် သက်ကြီးရွယ်အိုများအနေဖြင့် အစားစားသည့်အခါ အလျင်စလိုမလုပ်ဘဲ သတိကပ်ကာ ဖြည်းဖြည်းချင်း အာရုံစိုက်၍ ဝါးစားရန် တိုက်တွန်းရပါမည်။ ခန္ဓာကိုယ်တွင်း ရေဓာတ်စုဝေးအောင်းခြင်းနှင့် အူမကြီးအတွင်း လေပွခြင်းတို့ကို ကာကွယ်နိုင်ရန်အတွက် ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းကိုလည်း မှန်မှန်ပြုလုပ်ပေးရပါမည်။

ဒေါက်တာတင့်ဆွေ 

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Herpes labialis နှုတ်ခမ်းရေယုံ

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ