Ecee2 အရေးပေါ်တားဆေး
Ecee2 ဆေးဆိုတာ Levonorgestrel ပါတဲ့ အရေးပေါ် ကိုယ်ဝန်တားဆေး ဖြစ်တယ်။ မြန်မာ၊ အိန္ဒိယနဲ့ ဗီယက်နမ် နိုင်ငံတွေမှာ ဒီနာမယ်နဲ့ ရောင်းတယ်။ အမေရိကားမှာ Morning-after pill အပြင် Plan B, Plan B One-Step, Lo / Ovral, Cryselle, Orsythia, ella, Ogestrel, Low-Ogestrel-28, Myzilra,Falmina, Chateal, Kurvelo, CamreseLo, Low-Ogestrel-21, Lo / Ovral-28, Next Choice, Elinest, Amethia Lo, Ogestrel-28, Preven EC နာမည်တွေလဲ အများကြီးရှိတယ်။
Postcoital Contraception ဆိုတာ အရေးပေါ်ကိုယ်ဝန်တားဆေးကို ခေါ်တာဘဲဖြစ်တယ်။ International Consortium for Emergency Contraception ဝက်ဆိုက်မှာ ရေးထားတဲ့ အရေးပေါ်ကိုယ်ဝန်တားဆေး အချက်အလက်များ (မြန်မာနိုင်ငံ) ထဲမှာ ဒီလိုဖတ်ရတယ်။
• Registered LNG-EC products မှတ်ပုံတင်ထားသောဆေး အမျိုးအမည်များ = ECee2, Duet, Pill 72, Postinor, Postinor-2, Pregnon ဆေးလက်မှတ်ဖြင့်သာ ရောင်းသည်။
• အမျိုးသမီးများသုံးစွဲမှု ကိန်းဂဏန်းမရပါ။
• အမျိုးသမီးများ ဆေးအကြောင်းသိရှိမှု ကိန်းဂဏန်းမရပါ။
• Registered UPA-EC products မှတ်ပုံတင်တားသည့်ဆေး မရှိသေး၊
• Registered Mifepristone-EC Products: မှတ်ပုံတင်တားသည့်ဆေး မရှိသေး၊
• ECPs ဆေးဝယ်ယူနိုသင်သူ၏ အသက် ကန့်သတ်ချက် ကိန်းဂဏန်းမရရှိနိုင်၊
• ဥပဒေစည်းကမ်းဖြင့် Essential Medicines List မရှိမဖြစ်သုံးစွဲရန် လိုအပ်သော ဆေးစာရင်းထဲတွင် ပါဝင်သည်။
ဆေးသောက်နည်း
• အတူနေပြီးနောက် ၇၂ နာရီအတွင်းမှာ ပဌမဆေး ၁ လုံးသောက်ပါ။ နောက် ၁၂ နာရီခြာရင် ဒုတိယဆေး ၁ လုံး သောက်ပါ။
• WHO ကတော့ ၁၂ဝ နာရီအတွင်းလဲသောက်နိုင်တယ်လို့ဆိုတယ်။ ၁ဝဝ% တော့ မကာကွယ်ပါ။
• ဆေးပြား ၂ ပြားလုံးကို တခါတည်းသောက်တာအတွက် လေ့လာမှုလုပ်တော့ ထိရောက်မှု မခြားနားတာ တွေ့ရတယ်။ ဘေးထွက်-ဆိုးကျိုးလဲ သိပ်တော့ မထူးလှပါ။
• ၂ နာရီအတွင်း အန်တာဆိုရင် ဆေးထပ်သောက်ရမယ်။ အန်တတ်သူတွေက အအန်ပျောက်ဆေး တခုခုကို အရေးပေါ်တားဆေး မသောက်မီ ၁ နာရီ ကြိုတင်သောက်သင့်တယ်။
ဘေးထွက်-ဆိုးကျိုးတွေ
• သတိထားရမဲ့ Estrogen (အီစထိုဂျင်) ဟော်မုန်း မပါဘူး။ ပျို့ချင် (၅ဝ%)၊ အန်ချင် (၂ဝ%)၊ ဗိုက်နာ၊ ရင်သားနာ၊ ခေါင်းကိုက်၊ ခေါင်းမူး၊ အားယုတ်။ ဒါပေမဲ့ ကြာကြာမဖြစ်ပါ။ များသောအားဖြင့် ၂၄ နာရီအတွင်း ဖြစ်တယ်။ ဆေးသောက်ပြီး ရာသီလာတာ ရက်လွဲနိုင်တယ်။ ရက်စောနိုင်တယ်။ မလာတာလဲ ဖြစ်တတ်တယ်။ များတာလဲ ဖြစ်နိုင်တယ်။
သတိထားစရာတွေ
• လုံးဝဥသုံ စိတ်ချပါလို့တော့ အာမမခံပါ။ ၉၅% အထိ ကိုယ်ဝန်မရနိုင်ပါ။ ဆေးသောက်တာ နောက်ကျလို့ အဲလိုဖြစ်တာက များတယ်။
• မတော်တဆ ကိုယ်ဝန်ရသွားရင် သားအိမ်ပြင်ပ သန္ဓေတည်နေ-မနေ စစ်ရမယ်။ တကယ်ကိုယ်ဝန်ယူရင် ကလေးကို ဘာမှ မထိခိုက်စေပါ။
• ကိုယ်ဝန်ရှိနေသူက အရေးပေါ် တားဆေးသောက်မိသွားရင် ကိုယ်ဝန်ကို ထိခိုက်မှု ရှိတယ်ဆိုတယ်လို့ အခိုင်အမာ မပြောနိုင်ပါ။ ကလေးမှာ ချို့ယွင်းချက်နဲ့ မွေးမယ်လို့လဲ ကောက်ချက် မချနိုင်ပါ။
• အရေးပေါ်တားဆေးကို အရေးပေါ်ကလွဲရင် မသုံးသင့်ပါ။ ခဏခဏသုံးလို့ ဘာဖြစ်နိုင်သလဲဆိုတဲ့ လေ့လာဆန်းစစ်မှု မပြည့်စုံသေးပါ။
• တလထဲမှာ တခါမကသုံးချင်သူဟာ IUD သားအိမ်ထဲပစ္စည်းထည့်နည်း သုံးသင့်ပါတယ်။
• ခဏခဏသုံးမိပေမဲ့ ကိုယ်ဝန်ကို ကာကွယ်မှု ပေးပါတယ်။ နောင် ကလေးမရတာလဲ မဖြစ်ပါ။ ရာနှုန်းအပြည့်တော့ မဟုတ်တာကို သတိပြုပါ။
• အကာကွယ်မဲ့ လိင်ဆက်ဆံမှုတွေကနေ လိင်ကတဆင့်ကူးစက်ရောဂါတွေရဘို့နဲ့ ကံရာမသင့်ရင် မလိုချင်တဲ့ ကိုယ်ဝန် ရနိုင်ခြေရှိတာလဲ သိထားပါ။
• ရာသီလာတာ ရက်လွဲနိုင်တယ်။ ရက်စောနိုင်တယ်။ မလာတာလဲ ဖြစ်တတ်တယ်။ များတာလဲ ဖြစ်နိုင်တယ်။
ဆေးကို သတိနဲ့ သုံးရမဲ့သူတွေကတော့ နှလုံးရောဂါရှိသူ၊ နှလုံး (စထုပ်) ရဘူးသူ၊ ရင်သား-ကင်ဆာ အရင်က ရှိခဲ့ဘူးသူ၊ ခဏခဏ ဒီဆေးမျိုး သုံးနေသူ၊ ရာသီဆင်းရက် နောက်ကျနေသူ၊ ကလေးနို့တိုက်နေသူ သတိနဲ့သာသုံးသင့်ကြတယ်။
လုံးဝ မသုံးရမဲ့သူတွေကတော့ အသက် ၁၆ နှစ်အောက်မိန်းကလေးတွေ ဘာဖြစ်မလဲဆိုတာ သုတေသန မပြည့်စုံသေးလို့ မသုံးတာ ကောင်းတယ်။ ရာသီမှန်း၊ ဘာမှန်းမသိ မွေးလမ်းက သွေးဆင်းနေသူ၊ အခု ရင်သား-ကင်ဆာ ဖြစ်နေသူ၊ ကိုယ်ဝန်ဆောင်နေသူ မသုံးရပါ။
မြန်မာပြည်မှာလို သူများတွေဆီမှာ အရေးပေါ်တားဆေးကို အရေးမပေါ်ဘဲသုံးတာ မများပါ။ ဒါကြောင့် ဘာတွေ ဖြစ်မလဲဆိုတဲ့ သုတေသနသိပ်မများပါ။ မြန်မာပြည်မှာလုပ်ရင်ကောင်းမယ်။ သေချာတာက ရာသီရက်-လတွေ ပြောင်းမယ်။ ဟော်မုန်းတွေ ပြောင်းမယ်။ နောင်မှာ ကိုယ်ဝန်အတွက် ဘာဖြစ်မလဲ မပြောနိုင်ပါ။ အလွယ်ရတာဘဲဆိုတဲ့ အသိစတ်ကနေ ကိုယ့်ကိုယ်ကို အပေါ့စားဖြစ်စေမယ်။ အတည်တကျယူမဲ့အိမ်ထောင်ရေးမှာ ထိခိုက်ကောင်းထိခိုက်မယ်။ အဲလိုဖြစ်လို့ မေးတာတွေ မနည်းပါ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment