Water poisoning ရေအဆိပ်သင့်ခြင်း
မင်္ဂလာပါဆရာရှင့် ကျွန်မက အိမ်ထောင်ကျတာ ၄ လကျော်ပါပြီရှင့်။ ကလေးယူရန်အစီအစဉ်ရှိပါသည်။ အသက်က ၃၁ ပြည့်ပြီးပါပြီရှင့်။ ဆရာရှင့် ရေသောက်များခြင်းက ကောင်းလားဆိုးလားသိပါရစေရှင့်။ ကျွန်မက အနည်းငယ်ဝပါတယ်။ ရေများများသောက်ရင်ပိန်တယ်ဆိုလို့ တနှစ်အတွင်းရေများများသောက်ပါတယ်။ ဒါပေမဲ့ဆရာ ကျွန်မမျက်နှာက အရင်ကထက် ပိုပြီးဖောင်းကားလာပါတယ်။ ရေသောက်များတာကြောင့်လား တခြားကြောင့်လား သိချင်ပါတယ်ရှင့်။ ကျေးဇူးတင်ပါတယ်ဆရာ။
ရေများများသောက်ရင် ပိန်တယ်လို့ပြောတဲ့ အထူးကုဆရာဝန်အမည်သိချင်တယ်။ အလေးချိန်ချနည်း မနေ့က ထပ်တင်ထားတယ်။ ရေများများသောက်ပါလို့မပါ။ ကျွန်တော်ကတော့ အထူးကုမဟုတ်ပါ။
ရေဆိပ်သင့်ခြင်းလို့ ခေါင်းစဉ်တပ်ပေမဲ့ သောက်တဲ့-သုံးတဲ့ရေထဲမှာ အဆိပ်ပါတာ မဟုတ်ပါ။ ရေသန့်ဗူးထဲကရေတွေ တအားကြီး သောက်ရင်လဲ အဆိပ်သင့်နိုင်တာကို ပြောတာဖြစ်ပါတယ်။ ဆေးစာနဲ့ဆို Water intoxication လို့ ခေါ်တယ်။ သေကောင်း သေနိုင်တယ်။ ဦးနှောက် လုပ်ငန်းတွေ ထိခိုက်စေမယ်။ Electrolytes ဓါတ်ဆားအချိုးအစား မမျှရာကနေ Hyponatremia ခေါ်တဲ့ ဆိုဒီယမ်နည်းတာဖြစ်စေတယ်။
အမှတ်တမဲ့တော့ ရေကိုတအားသောက်တယ်ဆိုတာ ရှားပါတယ်။ Water drinking contests ရေသောက် ပြိုင်ကြရင် ဖြစ်နိုင်တယ်။ ၁၂-၁-၂ဝဝရ နေ့က Hold Your Wee for a Wii ရေသောက်ပြီး သေးမပေါက်နဲ့ဆိုတဲ့ ပြိုင်ပွဲဝင်သူ ၂၈ နှစ်အရွယ်၊ ကလေး ၂ ယောက်အမေ Jennifer Strange ဟာ သေသွားလို့ ပြိုင်ပွဲစီစဉ်တဲ့ The End ရေဒီယိုက ဒေါ်လာ ၁၆့၅ သန်း လျှော်လိုက်ရတယ်။ ဆေးရုံတွေမှာ လူနာကို လိုတာထက်ရေပါတဲ့ Drips တွေ အများကြီး သွင်းရင်လဲ ဒုက္ခပေးမယ်။ တန်ဆေး၊ လွန်ဘေး အစစ်ဖြစ်တယ်။
လူ့ကိုယ်ခန္ဓာမှာ ပါးစပ်နှုတ်ခမ်းကနေ စအိုအထိရှိတဲ့ အစာလမ်းကနေ ရေကို စုပ်ယူနိုင်စွမ်းရှိတယ်။ အစာအိမ်နဲ့ အူတွေကနေ အများဆုံး စုပ်ယူပေးတယ်။ ရေ နဲ့ ဆိုဒီယမ်ဓါတ်ဆားက တွဲနေတယ်။ တသမတ်ထဲ မျှနေရတယ်။ ဆဲလ် တခုရဲ့ အပြင်ဝန်းကျင်နဲ့ ဆဲလ်အတွင်းကလဲ မျှနေရတယ်။ ရေက များသွားချိန်မှာ ဆိုဒီယမ်က နည်းသွားမယ်။ Hyponatremia ခေါ်တယ်။ တနေရာရာမှာ ဓါတ်ဆားအချိုးအဆ ကဲမယ်-နည်းမယ်ဆိုရင် ဆဲလ်နံရံကနေ Osmosis အော့စ်မောဆစ် ခေါ် အပြန်အလှန် စုပ်ယူ-စုပ်ထုတ်ခြင်း ဖြစ်စဉ်အရ ညီစေအာင် ကြိုးစားလိမ့်မယ်။ ဆဲလ်တွေ ဖေါင်းကားလာလိမ့်မယ်။ ဦးနှောက်ထဲမှာ ဖိအားတွေ တက်လာလိမ့်မယ်။
ရေအဆိပ်သင့်ခြင်း လက္ခဏာတွေစတော့မယ်။ ခေါင်းကိုက်မယ်၊ (ပါဇင်နယ်လ်တီ) ပြောင်းမယ်၊ အမူအယာပြောင်းမယ်၊ စိတ်ရှုတ်ထွေးလာမယ်၊ ဂနာမငြိမ်ဖြစ်လာမယ်၊ အိပ်ချင်လာမယ်။
ဆက်ပြီးတော့ ကြိုးစားမှုရှိချိန်မှာ အသက်ရှူလို့ခက်လာမယ်၊ ကြွက်သားတွေ အားနည်းလာမယ်၊ အလိုလိုလှုတ်မယ်၊ နာမယ်၊ ပျို့မယ်၊ အန်မယ်၊ ရေငတ်သလိုဖြစ်မယ်၊ နာတာ-ထိတာ-ဖိတာကိုသိမှုတွေ အားယုတ်လာမယ်။
ဆက်ဆိုးလာမယ်ဆိုရင် သူငယ်အိမ်တုံ့ပြန်မှုလျှော့လာမယ်၊ အရေးအကြီးဆုံး လက္ခဏာတွေ ထိခိုက်လာမယ်။ ဥပမာ နှလုံးခုန်နှေးမယ်၊ သွေးဖိအား အထက်ဂဏန်နဲ့ အောက်ဂဏန်ကြား ကွာဟမှုများလာမယ်။ ဦးနှောက်ရောင်လာမယ်။ ဦးနှောက်အခြေနေရာကို ဖိအားသက်ရောက်လို့ ဆက်ဖြစ်စရာတွေ ဖြစ်လာမယ်။ ဗဟိုဦးနှောက်-အာရုံကြောစနစ် ထိခိုက်လာမယ်။ တက်မယ်၊ သတိလစ်မယ်၊ သေဆုံးမယ်။
ဘယ်လိုလူတွေမှာ ပိုဆိုးသလဲ။
• ကလေးငယ်လေ ဆိုးလေ။ ၉-၆-၂ဝဝ၂ မှာ ၄ နှစ်သမီးလေး Cassandra Killpack ကို မအေဖြစ်သူက ရေတဂါလံ ကုန်အောင် အသောက်ခိုင်းရာကနေ သေသွားလို့ သူ့အမေ Jennette Killpack ထောင်ကျတယ်။
• မာရသွန်အပြေးသမား အဖြစ်များတယ်။ ရေသောက်များရာကနေ Sodium levels 135 mmol/L ထက်ကျလာချိန်မှာ ရောဂါလက္ခဏာတွေ ဖြစ်လာမယ်။
• ခွန်အား အသုံးများတာကနေလဲဖြစ်စေနိုင်တယ်။ မောလွန်းလို့ ရေတွေ တအားသောက်ရင် ဖြစ်မယ်။ ၁၂-၉-၁၉၉၉ မှာ စစ်သင်တန်းဆရာ Michael J. Schindler သေဆုံးရတယ်။
• MDMA (Ecstasy) ဆေးမျိုးသောက်ပြီး လုပ်သင့်တာတဲ့ပိုပြီး ခွန်အားစိုက်ရာကနေလဲဖြစ်မယ်။
• Heat stress သိပ်ပူချိန်မျိုးမှာ နားနေရင်နဲ့ ရေတွေ အသောက်များရင်လဲ ဖြစ်မယ်။
• စိတ်ရောဂါရှိသူတွေက ရေပိုသောက်တယ်။
• Oxcarbazepine ဆေးကြောင့်လဲ ဖြစ်နိုင်တယ်။
• Diabetes insipidus ဆီးချိုကြောင့်လဲ ဖြစ်နိုင်တယ်။
ဘယ်လိုကုသမလဲ
တော်တော်တန်တန်က ရောဂါလက္ခဏာမပြသေးပါ။ ဖြစ်လာပြီဆိုရင် Diuretics ဆီးသွားစေတဲ့ဆေး ပေးရမယ်။ Vasopressin receptor antagonists ဆေးကိုလဲ သုံးတယ်။
လူတွေ ရေဘယ်လောက်သောက်လိုသလဲ
လူတယောက် ရေတနေ့ ဘယ်လောက်သောက်သင့်လဲဆရာ။ အများကြီးသောက်ရင် ဘေးဖြစ်စေလားဆရာ။ ရေဖျဉ်းရော စွဲတတ်လားဆရာ။
လူတယောက် ရေတနေ့ ဘယ်လောက်သောက်သင့်လဲ တန်းပြောလို့မရပါ။ ရေဖျင်းနဲ့ ဆက်စပ်မှုမရှိတာတော့ တန်းပြောလို့ ရတယ်။ ဓါတ်တူနံတူဆိုပြီး အထအနကောက်ယူတဲ့အကျင့်တွေက တကယ့်အဖြစ်အပျက်တွေ မဟုတ်ပါ။ မပြောသင့်ကြပါ။ နားမယောင်သင့်ပါ။ မှားတယ်။
လူတယောက် ရေတနေ့ ဘယ်လောက်သောက်သင့်လဲ ဆရာဝန်မေးစရာမလိုဘဲ သောက်နေကြတာ ဘာမှ မဖြစ်သလောက်ပါ။ ဘယ်လောက် သောက်သင့်သလဲဆိုတာ အချက်တွေအများကြီးကို ကြည့်ရမယ်။ ရာသီဥတု၊ အရက်၊ ဖျော်ရည်၊ ရေနွေးကြမ်း၊ အစားအသောက်ထဲမှာ ဖိုက်ဘာ၊ ပရိုတင်း၊ အဆီ၊ သကြားဓါတ်၊ ဘယ်လောက်ပါသလဲ။ ရောဂါအခံ ဥပမာ ဆီးချိုရှိသလား၊ နေတဲ့အရပ်က မြင့်တဲ့အရပ်ဒေသမှာလား၊ ဘယ်လိုဆေး ဥပမာ ဆီးသွားစေတဲ့ဆေး သောက်နေသလား။ ကိုယ်လက်လှုပ်ရှားမှု၊ လုပ်ရတဲ့အလုပ်အကိုင်၊ ကိုယ်ဝန်ဆောင်၊ ကလေးနို့တိုက်၊ ကိုယ်ပူ၊ ဝမ်းလျှော၊ အန်၊ ခွဲစိတ်ကုသထား၊ သွေးထွက်-သွေးသွန်၊ အသက်။ အငန်စားသူက ရေပိုလိုတယ်။
Water Intake Calculator တွက်ချက်နည်းတွေ၊ Water Intake Formulas ဖေါ်မြူလာတွေတော့ ရှိတယ်။ အဲတာတွေ မရေးတော့ဘဲ အကြံပြုချက်သာရေးပါရစေ။
(၁) Replacement Approach အစားဖြည့်နည်း = လူတွေဟာ ပျမ်းမျှ တနေ့မှာ ဆီး တလီတာခွဲ (၆့၃ ခွက်) သွားတယ်။ ဝမ်းထဲ၊ ချွေးထဲနဲ့ အသက်ရှူထုတ်ရာကနေ တလီတာလောက်ကုန်ဆုံးတယ်။ စားတာတွေထဲကနေ ၂ဝ% ရေရနေတယ်။ ဒါကြောင့် တနေ့မှာ ၂ လီတာ (၈ ခွက်) သောက်နိုင်ရင် လုံလောက်တယ်။
(၂) 8×8 Rule ရှစ် ဥပဒေသ= တနေ့မှာ ၈ အောင်စသောက်ပါ။
(၃) Water Intake per Caloric Intake ကယ်လိုရီနဲ့တွက်နည်း = စားတဲ့ကယ်လိုရီကို ဝ့ဝ၃၄ နဲ့မြှောက်ပါ။
အကြံပြုချက်
ကိုယ့်ကိုယ်ခန္ဓာကိုယ်ကို သိပါ။ ရေဆာနေတာ သိပါ။ အာခေါင်ခြောက်နေတာ သိပါ။ ချွေးထွက်နေတာ သိပါ။ နေမကောင်းတာ သိပါ စသဖြင့်။ လှုပ်ရှားမှုနည်းသူဆိုရင် တနေ့မှာ ၈-၁၂ ခွက် သောက်ပါ။ ချွေးထွက်အောင် လုပ်ရသူဆိုရင် ၁၂-၁၆ ခွက်သောက်ပါ။
အသက် ၅ နှစ်မှ ၈ နှစ် = ရေ ၅ ခွက် = ၁ လီတာ။
အသက် ၉ နှစ်မှ ၁၂ နှစ် = ရေ ၇ ခွက် = ၁့၅ လီတာ။
အသက် ၁၃ နှစ်အထက် = ရေ ၈-၁ဝ ခွက် = ၂ လီတာ။
ကိုယ်ဝန်ဆောင် = ၁ဝ ခွက် = ၂့၃ လီတာ။
၁ ဂါလံ = ၃့၈ လီတာ = ၄ ကွာတ = ၁၂၈ အောင်စ။
ဓါတ်ပုံ = ၂ဝဝ၈ မေလ ၁၅ ရက်နေ့က ဗီယက်နမ်နိုင်ငံ ထန်ဝှာခရိုင်မှာ အမျိုးသမီးတယောက် ရေအဆိပ်သင့်လို့ ဆေးရုံမတင်ရမီပုံ။
Dr. တင့်ဆွေ
Comments
Post a Comment