Depression စိတ်ကျရောဂါ

(၁)

စိတ်ကျရောဂါ သည် နေ့စဉ်ဘဝ လုပ်ဆောင်မှုများနှင့် အပြုအမူများကို သက်ရောက်စေသော ကြာရှည်တည်တံ့နေသော စိတ်အခြေအနေကျဆင်းမှု တရပ်ဖြစ်ပါသည်။ လူအများစုမှာ ဝမ်းနည်းမှု၊ ဝမ်းနည်းကြေကွဲမှု သို့မဟုတ် အားနည်းမှုကာလများကို ကြုံတွေ့ရနိုင်သော်လည်း၊ စိတ်ကျရောဂါရှိသူများ တွင်တော့ မျှော်လင့်ချက်မဲ့ခြင်း၊ ဝမ်းနည်းမှုနှင့် စိတ်ဝင်စားမှုလျော့နည်းခြင်းတို့ကို အပတ်အနည်းဆုံး နှစ်ပတ်မှ လအတော်ကြာ ဆက်တိုက်ခံစားရတတ်ပါသည်။

စိတ်ကျရောဂါသည် အရေးကြီးသော စိတ်ပိုင်းဆိုင်ရာရောဂါ ဖြစ်ပြီး အားနည်းမှု သို့မဟုတ် စိတ်ကူးတချက်ပြောင်းလိုက်ရုံနဲ့ “လွယ်လင့်တကူ ထွက်လွတ်နိုင်သော” အခြေအနေ မဟုတ်ပါ။ သို့ရာတွင် မှန်ကန်သော ကုသမှုနှင့် အထောက်အပံ့ ရရှိပါက ကုသနိုင်သောရောဂါဖြစ်ပြီး၊ စိတ်ကျရောဂါရှိသူ အများစုမှာ အခြေအနေကောင်းမွန်လာကာ ကျန်းမာရေးအပြည့်အဝ ပြန်လည်ရရှိနိုင်ကြပါသည်။

စိတ်ကျရောဂါ ဆိုသည်မှာ

အနည်းဆုံး နှစ်ပတ်ကြာ စိတ်ကျဆင်းနေခြင်း နှင့်အတူ အိပ်စက်ခြင်း၊ အစာစားခြင်း၊ အလုပ်လုပ်ခြင်း စသည့် နေ့စဉ်လုပ်ငန်းများကို ခက်ခဲစေသော သို့မဟုတ် မဖြစ်နိုင်အောင် ပြုလုပ်စေသော လက္ခဏာများ ပါဝင်သည့် ရောဂါအုပ်စုတခုကို ဆိုလိုပါသည်။

စိတ်ကျရောဂါရှိသူများအနက် အများအပြားတွင် စိုးရိမ်ပူပန်မှု (anxiety) ကိုလည်း တွဲဖက်ခံစားရတတ်ပါသည်။

စိတ်ကျရောဂါ ဖြစ်ပွားရခြင်း၏ အကြောင်းရင်းများ

စိတ်ကျရောဂါ ဖြစ်ပွားရခြင်းမှာ အကြောင်းရင်းအမျိုးမျိုး ရှိပါသည်။ သုတေသနများအရ မျိုးရိုးဗီဇဆိုင်ရာအချက်များ နှင့် ပတ်ဝန်းကျင်ဆိုင်ရာအချက်များ နှစ်မျိုးစလုံးသည် လူတဦး၏ စိတ်ကျရောဂါဖြစ်နိုင်ခြေကို သက်ရောက်စေနိုင်သည်ဟု သိရှိထားကြပါသည်။ သို့သော် လူတချို့သာ စိတ်ကျရောဂါခံစားရပြီး အခြားသူများ မခံစားရခြင်း၏ အကြောင်းအရင်းကိုတော့ အပြည့်အဝ မရှင်းလင်းနိုင်သေးပါ။

စိတ်ကျရောဂါအမျိုးအစားအလိုက် အကြောင်းရင်းများနှင့် အန္တရာယ်အချက်များ ကွဲပြားနိုင်သော်လည်း၊ လူတဦးချင်းစီတွင် ဖြစ်ပေါ်လာသော အချက်အလက်ပေါင်းစပ်မှုမှာ မတူညီကြပါသည်။ ယေဘုယျအားဖြင့်တော့ ဖြစ်ရပ်တခုတည်းကြောင့် မဟုတ်ဘဲ၊ ကိုယ်ပိုင်အခြေအနေများနှင့် မကြာသေးမီက ကြုံတွေ့ခဲ့ရသော ဖြစ်ရပ်များ ပေါင်းစပ်မှုကြောင့် စိတ်ကျရောဂါ ဖြစ်ပေါ်လာတတ်ပါသည်။

စိတ်ကျရောဂါ ဘယ်လောက်များလဲ

မြန်မာနိုင်ငံရဲ့ကိန်းဂဏန်းတွေကိုတော့ မသိသေးပါ။

အမေရိကန်နိုင်ငံတွင် နှစ်စဉ် လူဦးရေရဲ့ ခန့်မှန်းခြေ ၇ ရာခိုင်နှုန်းခန့် သည် စိတ်ကျရောဂါကို ခံစားရကြပြီး၊ လူခြောက်ယောက်လျှင် တယောက်ခန့်မှာ ဘဝတလျှောက် အနည်းဆုံး တကြိမ် စိတ်ကျရောဂါအခြေအနေကို ကြုံတွေ့ရတတ်ပါသည်။ အမျိုးသမီးများသည် အမျိုးသားများထက် နှစ်ဆခန့် ပိုမိုဖြစ်နိုင်ကြောင်း Mayo Clinic မှ အချက်အလက်များအရ သိရှိရပါသည်။

စိတ်ကျရောဂါသည် အသက်အရွယ်မရွေး စတင်ဖြစ်ပေါ်နိုင်သော်လည်း၊ ပျမ်းမျှအားဖြင့် အသက် ၃၂ နှစ်ဝန်းကျင် တွင် စတင်တွေ့ရတတ်ပါသည်။ ထို့အပြင် မွေးဖွားပြီးနောက် မိဘအသစ်များ၏ ၁၀ ရာခိုင်နှုန်းကျော် (အများအားဖြင့် မိခင်အသစ်များ) တွင် မွေးဖွားပြီးနောက် စိတ်ကျရောဂါကို ခံစားရတတ်ပါသည်။

ဘိုင်ပိုလာ စိတ်ရောဂါ သည် စိတ်ကျရောဂါအမျိုးအစားများထဲမှ ပိုမိုရှားပါးပြီး လူ ၁၀၀ ယောက်တွင် ၁ ယောက်ခန့်သာ ဖြစ်ပွားတတ်ပါသည်။

(၂) 

စိတ်ကျရောဂါ၏ အမျိုးအစားများ

စိတ်ကျရောဂါ တွင် အဓိက အမျိုးအစား ၆ မျိုး ရှိပါသည်။ ဆရာဝန်များနှင့် စိတ်ကျန်းမာရေးကုသသူများသည် လက္ခဏာများ နှင့် ကြာမြင့်ချိန်ကာလ ကို အခြေခံ၍ စိတ်ကျရောဂါကို ခွဲခြားသတ်မှတ်ပါသည်။ အများဆုံးတွေ့ရသော စိတ်ကျရောဂါအမျိုးအစားများမှာ—

အလွန်ပြင်းထန်သော စိတ်ကျရောဂါ (Major depressive disorder)

ကြာရှည်တည်တံ့သော စိတ်ကျရောဂါ (Persistent depressive disorder / Dysthymic disorder / Dysthymia)

စိတ်လွဲမြင်မှု ပါဝင်သော စိတ်ကျရောဂါ (Psychotic depression)

မွေးဖွားပြီးနောက် စိတ်ကျရောဂါ (Postpartum / Postnatal depression)

ရာသီအလိုက် ဖြစ်ပေါ်သော စိတ်ကျရောဂါ (Seasonal affective disorder – SAD)

ဘိုင်ပိုလာ စိတ်ရောဂါ (Bipolar disorder)

စိတ်ကျရောဂါကို မည်သို့ စစ်ဆေးသတ်မှတ်သနည်း

လူအများစုတွင် အခြေခံကုသရေး ဆရာဝန် (primary care physician) မှ စတင်စစ်ဆေးကာ စိတ်ကျရောဂါဟု သတ်မှတ်ပေးလေ့ရှိပါသည်။ ဆရာဝန်သည် လက္ခဏာအမျိုးမျိုးကို စိစစ်ပြီး၊ ထိုလက္ခဏာများ ဘယ်လောက်ကြာမြင့်နေပြီလဲ ဆိုသည်ကို မေးမြန်းပါသည်။

အစပိုင်းအဆင့်တွင် စိတ်ကျရောဂါ၏ လက္ခဏာများသည် မပြင်းထန်သေးသောကြောင့် စိတ်ဖိစီးမှု သို့မဟုတ် ကိုယ်အားပန်းနာခြင်း ဟု မှားယွင်းစဉ်းစားမိကာ လွယ်လင့်တကူ လျစ်လျူရှုခံရနိုင်ပါသည်။

စိတ်ကျရောဂါကို တိတိကျကျ သတ်မှတ်နိုင်သော သီးသန့် စမ်းသပ်မှု (test) မရှိပါ။ သို့သော် အလားတူ လက္ခဏာများ ဖြစ်ပေါ်စေနိုင်သော အခြားရောဂါများကို ဖယ်ရှားနိုင်ရန်အတွက် သွေးစစ်ခြင်း သို့မဟုတ် ဆီးစစ်ခြင်း စသည်တို့ကို အမိန့်ပေးစစ်ဆေးခိုင်းနိုင်ပါသည်။

(၃)

စိတ်ကျရောဂါ၏ လက္ခဏာများ (Symptoms of Depression)

လူတဦးချင်းစီတွင် သက်ရောက်ပုံ မတူညီနိုင်သော်လည်း၊ စိတ်ကျရောဂါတွင် တွေ့ရလေ့ရှိသော လက္ခဏာများမှာ—

ကိုယ်အားစွမ်းအင်နည်းပါးခြင်း

ဝမ်းနည်းမှု သို့မဟုတ် မျှော်လင့်ချက်မဲ့မှု ခံစားရခြင်း

မငြိမ်မသက် ဖြစ်နေခြင်း

စားချင်စိတ် သို့မဟုတ် ကိုယ်အလေးချိန် ပြောင်းလဲခြင်း

အာရုံစိုက်ရန် ခက်ခဲခြင်း

ဝါသနာများ သို့မဟုတ် နေ့စဉ်လုပ်လေ့ရှိသော လှုပ်ရှားမှုများအပေါ် စိတ်ဝင်စားမှု လျော့နည်းခြင်း

စိတ်ကျရောဂါကို မည်သို့ ကုသသနည်း? (How Is Depression Treated?)

စိတ်ကျရောဂါသည် ဘယ်လောက်ပြင်းထန်လာစေကာမူ ကုသနိုင်သော ရောဂါ ဖြစ်ပါသည်။ အများဆုံး အသုံးပြုကြသော ကုသနည်းနှစ်မျိုးမှာ—

၁။ စိတ်ကုထုံး (Psychotherapy / Talk therapy)

၂။ ဆေးဝါးကုသမှု (Medications)

ဖြစ်ပါသည်။ အဆိုပါ ကုသနည်းများကို တမျိုးတည်းသာ အသုံးပြုနိုင်သကဲ့သို့ ပေါင်းစပ်အသုံးပြုနိုင်ပါသည်။ စိတ်ကျရောဂါကုသရာတွင် အသုံးပြုသော ဆေးဝါးအုပ်စုများ အမျိုးမျိုး နှင့် စိတ်ကုထုံးပုံစံများ အမျိုးမျိုး ရှိပါသည်။

လူတိုင်းအတွက် ကိုက်ညီမည့် တခုတည်းသော ကုသလမ်းကြောင်း မရှိပါ။ ထို့ကြောင့် အကောင်းဆုံး ကုသနည်းကို ရှာဖွေရန် စမ်းသပ်ပြုပြင်ရသော အချိန်ကာလ တခု ရှိနိုင်ပါသည်။

စိတ်ကျရောဂါ၏ အလားအလာ (Prognosis)

စိတ်ကျရောဂါအတွက် ထိရောက်သော ကုသနည်းများ များစွာ ရှိသော်လည်း၊

ကြာရှည်တည်တံ့နေသော စိတ်ကျရောဂါ ကို အထူးသဖြင့် မကုသဘဲထားလျှင် ကိုယ်ကိုယ်တိုင် ထိခိုက်အောင် ပြုလုပ်ခြင်းနှင့် ကိုယ်တိုင်အသက်ဆုံးရှုံးစေခြင်း အထိ ဖြစ်နိုင်ပါသည်။

စိတ်ကျရောဂါရှိသူများသည် စိတ်ကျရောဂါမရှိသူများနှင့် နှိုင်းယှဉ်လျှင် နှလုံးဖောက်ရောဂါ ဖြစ်နိုင်ခြေ လေးဆခန့် ပိုမိုမြင့်မား ပါသည်။ နှလုံးဖောက်ပြီးနောက်တွင်လည်း စိတ်ကျရောဂါရှိသူများမှာ ဒုတိယအကြိမ် နှလုံးဖောက်ခြင်းကြောင့် သေဆုံးနိုင်ခြေ မြင့်မား ပါသည်။

ထို့အပြင် ကင်ဆာရောဂါ သို့မဟုတ်

မကြာခဏကြာရှည်ခံရသော ရောဂါများ (multiple sclerosis, lupus, fibromyalgia, ကြာရှည်နာကျင်မှုရောဂါများ၊ နှလုံးရောဂါ စသည်) ရှိသူများတွင် နောက်ဆက်တွဲအဖြစ် စိတ်ကျရောဂါ ဖြစ်ပွားလေ့ရှိပါသည်။

မူးယစ်ဆေးဝါး သို့မဟုတ် အရက်ကို အလွန်အကျွံ သုံးစွဲသူများ၏ ခန့်မှန်းခြေ ၃၀ ရာခိုင်နှုန်းခန့် တွင်လည်း စိတ်ကျရောဂါ ရှိပါသည်။ အချို့သူများမှာ ရှိပြီးသား စိတ်ကျရောဂါကို ကိုယ်တိုင်ကုစားလိုသော ရည်ရွယ်ချက်ဖြင့် မူးယစ်ဆေး သို့မဟုတ် အရက်ကို သုံးစွဲလာခြင်း ဖြစ်နိုင်သကဲ့သို့၊ အချို့အတွက်တော့ အဆိုပါ အရာဝတ္ထုများကိုယ်တိုင်က စိတ်ကျရောဂါကို ဖြစ်စေခြင်း ဖြစ်နိုင်ပါသည်။

မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ စိတ်ကျန်းမာရေး ကောင်းမွန်ကြပါစေ။

ဒေါက်တာတင့်ဆွေ

Comments