Dermatitis ပျောက်နိုင်ခဲတဲ့ အရေပြားအနာ


၁။ သမီးခြေထောက်တွေမှာ အရေကြည်ဖုသေးသေးလေးတွေ ပေါက်ပါတယ် တအားယားပါတယ်ဆရာ အမာရွတ် ကျန်တဲ့နေရာကလည်း ပြန်ယားပါတယ်ရှင့် အခုသမီးမှာ အမာရွတ်တွေအများကြီးနဲ့မို့ အပြင်မသွားရဲသလောက် ဖြစ်နေလို့ပါရှင့် အသက် ၂၃ နှစ်ပါဆရာရှင့်။ A သွေးပါ သမီးအရေကြည်ဖုတွေပေါက်တာ ပျောက်အောင်ဘာလုပ်ရမလဲရှင့်  ဖြစ်တာ ၆ နှစ်လောက်ရှိပါပြီ လိမ်းဆေးလည်းစုံနေပါပြီရှင့် ကူညီဖြေကြားပေးပါ ဆရာရှင့်
၂။ ဆရာရှင့် ကျွန်မ သမီးလေးမှာ အနီစက်ကလေးတွေ မပျောက်လို့ ဆရာဝန်ပြတာ ဆင်နှင်း ခူလို့ပြောပါတယ်ရှင့်။ ကလေးအသက်က ၁၁နှစ်ပါရှင့်။ အရေပြားအထူးကုနဲ့ ၂ပတ်တခါပြရပါတယ်ရှင့်။ အနီစက်အကွက်လေးတွေက ရဲရဲလေးတွေဖြစ်ရင်ဆေး လိမ်းလိုက် ပျောက်ရင် အဖြူကွက်လေးတွေကျန်ခဲ့ပါတယ်ရှင့်။ အဲ့ရောဂါ အကြောင်းလေးနဲ့ ဆောင်ရန်ရှောင်ရန်နှင့် တသက်လုံးပျောက်နိုင်မပျောက်နိုင် အသက်အန္တရာယ် စိုးရိမ်ရလားသိချင်ပါတယ်ရှင့်။
၃။ ဆရာ အသက်က ၂၁ နှစ်ယောကျ်ားလေးပါ။ မျက်နှာနဲ့ ခေါင်းတွေယားနေလို့ dermatologist ဆီ သွားပြတာ ပထမတော့ allergic ဖြစ်တယ်လို့ပြောပါတယ်။ဆေးပေးလိုက်တာ မသက်သာလို့ နောက် ၁၀ ရက်နေပြန်ပြတော့ seborrheic dermatitis ဖြစ်နေတယ်လို့ ကောက်ချက်ချပါတယ်။ ခေါင်းရော မျက်နှာရောကို လိမ်းဆေး Candid-B (clotrimazole + beclomethasone) လိမ်းခိုင်းပါတယ်။ ဆရာ့ကို seborrheic dermatitis အကြောင်း ဗဟုသုတအဖြစ် မေးချင်လို့ပါ။ ဖြစ်နိုင်ရင် မြန်မာလိုလေး facebook ပေါ်မှာရော ဆောင်းပါးရေးပေးပါဆရာ။
၄။ သမီးအသက် ၂၃နှစ်ပါ။ သမီးခြေဖဝါးမှာ ယားနာပေါက်နေတာ တနှစ်နီးပါးရှိပါပြီ။ အသားမာလိုပုံစံမျိုးပါ။ ကုတ်လိုက်ရင် အရေခွံလိုတွေကွာသွားပြီး ပျောက်ပါဘူး။ ဒီအတိုင်းပေါ့ဆနေပြီး ၃လ၊ ၄လ လောက်ကြာမှ ဆရာဝန်ပြပါတယ်။ လိမ်းဆေးပေးပြီး ၂ ပတ်လောက်နေတော့ နောက်ထပ်ဆေးတမျိုးပြောင်းပေးပါတယ်။ မသက်သာပါဘူးရှင့်။ ညဘက်ဆို ပိုယားပါတယ်။ အရေပြားဆရာဝန်တယောက်ဆီသွားပြပါတယ်ဆရာ။ ဆေးတရက် တလုံး (နှစ်ရက်လား သုံးရက်လား သေချာမမှတ်မိ) ထိုးရမယ်ပြောပါတယ်။ နယ်ကမို့ နေ့ချင်းပြန်ဆိုတော့ တလုံးပဲထိုးရပြီး သောက်ဆေးတပတ်စာ ပေးပါတယ်။ တလနေပြန်ချိန်းလို့ သွားတော့ ခြေထောက် ယားနာပေါ် ဆေးထိုးပေးပါတယ်။ လိမ်းဆေး Dermosol cream ပေးလိုက်ပါတယ်ဆရာ။ ဆေးထိုးပြီးတော့ မယားတော့ပါဘူး။ ဆေးထိုးတဲ့အနာက ပျောက်သွားပါတယ်။ တနေ့နှစ်ကြိမ် လိမ်းပါတယ်။ နှစ်ပတ်လောက်ကြာတော့ ပြန်ယားပါတယ်ဆရာ။ နေရာတော့ နည်းနည်း ပြောင်းပါတယ်။ ခြေဖဝါးစောင်းနားလေးမှာ အနီကွက်ရှိပြီး သွေးကြောလေးတွေမြင်ရပါတယ်။ ခြေဖဝါးမှာယားပါတယ်။ ယားတဲ့နေရာက နည်းနည်းညိုပါတယ်။ သေချာကြည့်ရင် အနာက အဖုလေးတွေလိုမြင်ရပါတယ်။ ပင်လယ်စာနဲ့ ငပိ ငခြောက် ရှောင်ရမယ်ပြောပါတယ်။ တခါတခါတော့ စားမိပါတယ်။ ခြေချောင်းလေတွေအောက်ကပါ နည်းနည်းယားလာပါတယ်။ ကူညီိပါဆရာ။ ဆရာပြောတာကို လိုက်နာပါ့မယ်။
၅။ မိန်းကလေးပါ။ သက်က ၄၅ ရှိပြီ။ ဖြစ်တာကြာပါပြီ။ ဆရာ့ဆောင်းပါးတွေကိုနေ့တိုင်းကြည့်ပါတယ်။ ဖြစ်တာက တောသွားနေရင်းလဲ ခြေထောက်တွေ လက်တွေ မမနိုင် မသယ်နိုင်ဖြစ်ဖြစ်သွားတယ်။
၆။ ဆရာ နှင်းခူပျောက်တဲ့ဆေးနာမည်ပြောပြပါဦး။ ရွှေဘိုကဆရာက နစ်ပတ်နစ်ပတ်ထိုးရတာ ပျောက်ပါတယ်။ ဆေးနည်းတောင်းတော့ မပေးလို့ပါဆရာ။ နှင်းခူပျောက်တဲ့ဆေးမည် သိချင်ပါတယ်ဆရာ။
၇။ မင်္ဂလာပါ ယားနာရောဂါတစ်မျိုးခံစားနေရပါတယ်။ ပုံမှန်တလတခါအထူးကုနဲ့ပြပါတယ်။ ဆေးတွေက Pharmavate, Betosolic လိမ်းဆေးလိမ်းပါတယ်။ သောက်ဆေးပေးပါတယ်။ ဒါပေမယ့် ခြေလက်တွေက သိသိသာသာ ပျောက်လာပေမယ့် တင်ပါးနားတစ်ဝိုက်က မပျောက်ကင်းတာတော်တော်ကြာပါပြီဆရာ။ အလုပ်က အထိုင်များတဲ့ အလုပ်ပါ။ အောက်ပါပုံနဲ့တကွတင်ပေးလိုက်တယ်။ အကြံဉာဏ်တောင်းခံပါတယ်ဆရာ။
အရေပြားမှာ ပျောက်နိုင်ခဲတဲ့အနာတွေကို Dermatitis အရေပြားနာလို့ ယျေဘုယျခေါ်တယ်။ အများဆုံးဖြစ်တာက Eczema (Atopic dermatitis) နှင်းခူနာ ဖြစ်ပါတယ်။ သူကလဲ အမျိုးအစားတွေ များတယ်။ ဘယ်အရွယ်မဆို ဖြစ်တယ်။ ကျား-မ မရွေးဖြစ်တယ်။ ၅ နှစ်အောက် ငယ်သူတွေမှာ အဖြစ်သိပ်နည်းတယ်။ ငယ်သူတွေဖြစ်ရင် ပျောက်တာ များတယ်။ ကြီးမှဖြစ်ရင် မပျောက်နိုင်တာ များပြီး မျိုးရိုးလိုက်နိုင်တယ်။ မိသားစုထဲမှာ (အလာဂျီ) ရတတ်သူတွေ ရှိနေမယ်။ ပန်းနာတို့ ဟိုဟာမတည့် ဒီဟာမတည့်ဖြစ်တာတို့ကို ပြောတာပါ။ လူကြီးတွေ ၁ဝဝ မှာ ၁-၂ ယောက်၊ ကလေးဆိုရင် ၅ ယောက်မှာ ၁ ယောက်လောက် ဖြစ်တယ်။ မိန်းကလေးတွေမှာ ပိုများတယ်။ ကူးစက်ရောဂါ မဟုတ်ပါ။
ဘာလို့လာဖြစ်ရသလဲ။ ဆရာဝန်တွေ သိပ်နားမလည်ကြသေးပါ။ မတည့်တာနဲ့ တွေ့ထိတာကနေ စတယ်ဆိုတာတော့ သေချာတယ်။ ဆပ်ပြာ၊ အလှအပပစ္စည်း၊ အဝတ်အစား၊ အစားအသောက်၊ လက်ဝတ်ရတနာ၊ ချွေးထွက်တာ၊ အမှုံအမွှား၊ ဓါတုဆေးရည်၊ လေစိုထိုင်းဆ နည်းတာ၊ မတည့်တဲ့ လိမ်းဆေး၊ အဝတ်အစားကြမ်း၊ ချွေး၊ ရာဘာ၊ ပလပ်စတစ် အသုံးအဆောင်၊ ပွတ်တိုက်မှု၊ ဗက်တီးရီးယား၊ တမျိုးမျိုးကို ဆက်တိုက် ထိတွေ့ ကိုင်တွယ် နေရတာတွေကနေ ဖြစ်နိုင်တယ်။ တချို့ကြ ရာသီဥတုနဲ့ ဆိုင်တယ်။ တချို့မှာ စိတ်နဲ့ပတ်သက်ပြန်သေးတယ်။
စဖြစ်လာပုံကလဲ တယောက်နဲ့တယောက် မတူတတ်ဘူး။ ဖြစ်မဲ့နေရာမှာ နီရဲလာမယ်၊ ယားမယ်၊ ပူလောင်နေမယ်၊ ကုတ်ရင်းကနေ အဖူးပေါက်လာ၊ အနာဖြစ်လာနိုင်တယ်။ ကြာတော့ အရေပြားက ထူလာမယ်။ ခေါင်းကနေ ခြေထောက် နှင်းခူနာ ပေါက်နိုင်တယ်။
အမျိုးအစားတွေကို ဆေးပညာအရတော့ ခွဲထားတယ်။
1. Atopic dermatitis အများဆုံးအမျိုးအစားဖြစ်တယ်။ ယားမယ်၊ နာတာရှည်တယ်၊ အရေပြားရောင်နေမယ်။ ပေါ်လိုက် ပျောက်လိုက်နေမယ်။ မတည့်သာနဲ့ တွေ့ရင် ပြန်ဖြစ်တဲ့သဘောဘဲ။
2. Contact eczema မတည့်တာနဲ့ ထိတွေ့မှုကနေဖြစ်တဲ့ အမျိုးအစား၊
3. Seborrheic eczema အဆီပြန်နေတာမျိုး။
4. Nummular eczema အဝိုင်းပြားလေး သဏ္ဌာန်ရှိတယ်။
5. Neurodermatitis (simplex chronicus) အသက် ၂ဝ-၅ဝ ကြား အမျိုးသမီးတွေမှာ ပိုဖြစ်တယ်။ စိတ်ဖိအားနဲ့ပါ ဆက်စပ်တယ်။ အာရုံကြောနဲ့ ဆိုင်တယ်။
6. Stasis dermatitis ခြေထောက်မှာ အဖြစ်များတယ်။ သွေးလှည့်ပတ်မှုနဲ့ ဆိုင်တယ်။ သွေးပြန်ကြောထုံးသူတွေမှာ ဖြစ်တယ်။
7. Dyshidrotic eczema (Dyshidrotic dermatitis) လက်ဖဝါး၊ ခြေဖဝါးတွေမှာ အဖြစ်များတယ်။
ဆေးကုရတာ ခက်ပါတယ်။ ယားတာ-ရောင်တာ သက်သာအောင်၊ ပိုမဆိုးအောင် လုပ်ပေးရတာ များတယ်။
1. လူနေမှုဘဝပုံစံပါ ပြောင်းဘို့ လိုတတ်တယ်။ မတည့်ဘူးလို့ အသေအချာသိတာကို ရှောင်ပါ။ လက်ရှိအလုပ်ကနေ ပြောင်းနိုင်ရင် ပြောင်းရမယ်။
2. ဆေးလဲ တမျိုးတမျိုးပြောင်း သုံးရတတ်တယ်။ လိမ်းဆေးထဲမယ် ရေနည်းနည်းနဲ့ ဆီများတာ မသင့်ဘူး။
3. Corticosteroid creams လိမ်းဆေးတွေက ရောင်ရမ်းဖြစ်စဉ်ကို သက်သာစေတယ်။ ဒီဆေးမျိုးတွေကလဲ ခပ်ပျော့ပျော့၊ ခပ်လတ်လတ် နဲ့ အပြင်စားတွေ ရှိတယ်။
4. သိပ်ယားနေရင် (အင်တီဟစ်တမင်း) စားဆေးတွဲပေးရတယ်။ အိပ်တဲ့သတ္တိပါတာမျိုး ဥပမာ Diphenhydramine (Benadryl), Hydroxyzine (Atarax, Vistaril) နဲ့ Cyproheptadine တွေ သုံးသင့်တယ်။
5. တခါတလေ Corticosteroids (Prednisone) စားဆေးပါပေးရတယ်။ ရက်တိုသာ သုံးရမယ်။
6. Ultraviolet light therapy (Phototherapy) ခရမ်းလွန်-ရောင်ခြည်နဲ့လဲ ကုနိုင်တယ်။
7. Immunosuppressant (Cyclosporine) ရောဂါပြီးတာကို သက်ရောက်စေတဲ့ ဆေးမျိုးကိုလဲ တခါတလေ သုံးနိုင်တယ်။ Coal tar သုံးနိုင်တယ်။
8. FDA ကနေ အသိအမှတ်ပြုထားတဲ့ဆေး ၂ မျိုးရှိတယ်။ Tacrolimus (Protopic) နဲ့ Pimecrolimus (Elidel) တွေ ဖြစ်ကြတယ်။ ဒီဆေးတွေက ရောဂါပြီးတာကို သက်ရောက်စေတဲ့ ဆေးမျိုး Calcineurin inhibitors အုပ်စုဝင် ဆေးတွေ ဖြစ်တယ်။ ၂ နှစ်အောက် ကလေးတွေတော့ မပေးသင့်ဘူး။ ကြီးတဲ့သူတွေမျာလဲ သတိနဲ့သာသုံးပါ။
ဆရာဝန်မပါဘဲ လုပ်သင့်တာတွေ ရှိတယ်။ ခဏခဏရေချိုးတာ ကောင်းတဲ့ အိုင်ဒီယာမဟုတ်ဘူး။ ရိုးရိုး၊ ခပ်ပျော့ပျော့ ဆပ်ပြာသာ သုံးပါ။ ရေခပ်နွေးနွေးသာ ကောင်းတယ်။ ရေချိုးပြီးရင် Moisturizer လိမ်းပါ။ Plain petroleum jelly (Vaseline) က စျေးလဲချိုတယ် ကောင်းတယ်။ ဆပ်ပြာ၊ ရေမွှေး၊ အလှသုံးပစ္စည်း၊ လက်ဝတ်ရတနာ၊ ပါတ်ဝန်းကျင် အမှုံအမွှား တတ်နိုင်သလောက် ရှောင်ပါ။ အဝတ်အစား တင်းကြပ်လွန်းတာ ရှောင်ပါ။ ခြည်ထည်ကော်တွန်ပိုသင့်တယ်။ ယားတဲ့နေရာမှာ အေးတာ တင်ပေးပါ။ မတည့်ဘူး သေချာတဲ့ အစားအစာ ရှောင်ပါ။ လက်အိတ်သုံးပါ။ ချွေးထွက်စေတဲ့ အလုပ်မျိုး ရှောင်ပါ။ အခန်းကိုတော့ အေးနေပါစေ။ အဲယားကွန်းကရေငွေ့ဓါတ်နည်းစေတယ်။ အခန်းထဲမှာ Humidifier သုံးပါ။ အရေပြားသန့်ရှင်းရေး ဂရုစိုက်ပါ။ လေ့ကျင့်ခန်းလုပ်တာ နဲ့ တရားထိုင်တာ၊ အလွန်ကောင်းပါတယ်။
၃။ Clobetasol Propionate and Neomycin Sulphate Skin Cream (Tenovate GN) contains: Clobetasol Propionate BP 0.05% w/w; Neomycin Sulphate IP 0.5% w/w; Imidurea USPNF (as preservative) 0.3% w/w လိမ်းဆေးအကြောင်း သိပါရစေရှင့်။
Tenovate-GN cream လိမ်းဆေးဟာ အရေပြားနာတွေထဲက စတီရွိုက်ဆေးနဲ့ သက်သာစေနိုင်တဲ့ အနာတွေအတွက် ဖြစ်တယ်။ နာတာရှည် အနာ၊ ယားနေတာ၊ နီရဲနေတာတွေအတွက်ဖြစ်တယ်။ ဥပမာ နှင်းခူနာ။ ပိုးထပ်ဝင်နေတာအတွက် Neomycin Sulphate ဆေးပါ ထည့်ထားတယ်။ တနေ့ ၂ ကြိမ် လိမ်းရတယ်။ အသက် ၁၂ နှစ်အောက် ကလေးတွေ မသင့်ဘူး။ ဆေးလိမ်းလို့ မတည့်သူလဲ ရှိတတ်တယ်။ နှလုံးရောဂါတွေနဲ့ သွေးတိုးရှိသူတွေ မသင့်ဘူး။ ဆီးချို၊ ဝက်ရူးပြန်၊ ရေတိမ်၊ လည်ပင်းကြီး-ဟော်မုန်း နည်းသူ၊ အသည်းမကောင်းတော့သူ၊ ကျောက်ကပ်မကောင်းသူ၊ စိတ်ရောဂါ ရှိသူတွေနဲ့ မသင့်ဘူး။ မျက်စိထဲ မဝင်စေရဘူး။ ကိုယ်ဝန်ဆောင်တွေအတွက် Category C သတ်မှတ်ထားတယ်။ မသင့်ဘူး။  ကလေးကို ထိခိုက်စေနိုင်တယ်။
၂၄-၁၁-၂ဝ၁၁ သတင်း Cure for eczema comes closer to reality ပျောက်ခဲလှတဲ့ နှင်းခူနာအတွက်ဆေး ပေါ်နိုင်တော့မည်
ပညာရှင်တွေကနေ အဲလိုအနာမျိုး ဖြစ်စေတဲ့ Yeast (ရိစ်) မှိုတမျိုးကို တွေ့ရှိ ဖေါ်ထုတ်လာနိုင်လို့ပါ။ ဒါကို Peptides (ပက်ပ်တိုက်) တမျိုးမျိုးနဲ့ ဆေးဖေါ်နိုင်စရာ ရှိလာပါပြီ။ ကလေး၊ လူငယ်၊ လူကြီး၊ ကျာ-မ မရွေး ဖြစ်တတ်ကြတဲ့ နာတာရှည် အရေပြားရောဂါအတွက် ဆေးကောင်း လိုနေပါတယ်။ ဗြိတိန်နိုင်ငံမှာ ကလေး ၂ဝ% မှာ Atopic eczema နှင်းခူနာတမျိုး ဖြစ်ကြတယ်။ လူကြီး ၇% မှာလဲ ရှိတာက တချို့မှာ သေရာပါအနာ ဖြစ်တယ်။
နှင်းခူနာတွေက အရေပြားမှာ ခြောက်သွေ့၊ ယားယံ၊ ကွာကျတတ်တာမျိုး၊ ပျောက်ခဲတာမျိုး၊ ပေါ်လိုက်-ပျောက်လိုက်၊ နာတာရှည်တယ်။ ဘာလို့ဖြစ်သလဲ အသေအခြာ မပြောနိုင်ပေမဲ့ Malassezia sympodialis yeast နဲ့ပတ်သက်တာ သေချာတယ်။
လူအတော်များများမှာ ရောဂါမပေါ်ပေမဲ့ ဒီ (ရိစ်) က ရှိနေတတ်တယ်။ ကြာတော့ အရေပြား အားနည်းလာပြီး၊ အပေါက်အပြဲဖြစ်ရာကနေ ပိုးကနေ ရောဂါ ရစေတော့တယ်။ ဆွီဒင်မှာရှိတဲ့ Karolinska Institute ကပညာရှင်တွေကနေ (ပက်ပ်တိုက်) ၂၁ မျိုးနဲ့ စမ်းသပ်နေကြတယ်။ ကောင်းနေတဲ့ အရေပြား (ဆဲလ်) တွေကိုလဲ မထိခိုက်စေအာင် ကြည့်ရတယ်။ သတ္ကိ ၂ မျိုးရှိတယ်။ (ဆဲလ်) အဖုံးလွှာကို ဖေါက်ဝင်နိုင်တာ နဲ့ ပိုးတွေကို သေစေတာ။
၂၁ မျိုးထဲက ၆ မျိုးဟာ (ရိစ်) တွေကို သေစေနိုင်တာ တွေ့လာရတယ်။ တခြား (ဆဲလ်) တွေကို မထိခိုက်စေဘူး။ ဆေးအဖြစ်အသုံးချနိုင်ဘို့ရာ မေးခွန်းတွေ အများကြီးတော့ ရှိပါသေးတယ်။ ဒါပေမဲ့ အခုလို ဆေးနဲနဲ နဲ့ ပိုးကိုသေစေပြီး လူကို မထိခိုက်တာဟာ (ဖန်းဂတ်စ်) ဆေး ဖေါ်ဘို့ အလွန် အလားအလား ကောင်းပါတယ်။
အခုတွေ့ရှိချက် အသစ်ကို Society for Applied Microbiology ဂျာနယ်မှာ Letters in Applied Microbiology ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။
နှင်းခူနာပို့စ်တင်ရင် အရပ်ဆေးနည်းတွေလည်း လာလာရေးတယ်။ ဖျက်တယ်။ ဆောရီး။
Dr. တင့်ဆွေ

Comments

Popular posts from this blog

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ