Urinary Tract Infection ဆီးလမ်းကြောင်း ပိုးဝင်ခြင်း

(ကန်တော့)


ဆရာရှင့် သမီးအသက် ၃၄ နှစ်၊ အိမ်ထောင်သည်ပါ။ ဒီမနက်ကစပြီး ဝမ်းဗိုက်ချက်အောက်ပိုင်းတွေ အရမ်းကိုက်နေ၊ ပူစပ်စပ်ဖြစ်နေပြီး ဆီးသွားရင်လည်း အရမ်းကျင်နေ၊ ပူစပ်စပ်ဖြစ်နေလို့အရမ်းနေရခက်နေလို့ပါ။ ဝမ်းလည်းကိုက်၊ ဆီးလည်းကျင်နေလို့ပါရှင့်။ ဘာဆေးသောက်ရပါမလဲရှင့်။ ဆီးဆေး နဲ့ ဝမ်းကိုက်ဆေး အတူတွဲသောက်လို့ရပါလားရှင့်။ ဘာကြောင့် ဆီးအိမ်ရောင်၊ ဆီးကျင်၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်း စတာတွေ ဖြစ်ရတာလဲဆိုတာ ဗဟုသုတအနေနဲ့ သိပါရစေရှင့်။ ရာသီဥတု, သောက်ရေချိုးရေ နဲ့ အစားအစာ စတာတွေကရော ဆီးလမ်းကြောင်းရောင်ခြင်း၊ ဆီးလမ်း ပိုးဝင်ခြင်းတွေဖြစ်တတ်ပါလားရှင့်။ ကျေးဇူးတင်ပါတယ်ဆရာရှင့်။


ဆီးလမ်းကြောင်းဆိုတာ ကျောက်ကပ်၊ ဆီးထွက်ပြွန်၊ ဆီးအိမ်နဲ့ ဆီးသွားပြွန်တွေကိုခေါ်တယ်။ တနေရာရာမှာ ရောဂါပိုးဝင်တာကို ဆီးလမ်းကြောင်းပိုးဝင်တယ်လို့ခေါ်တယ်။ ဆီးအိမ်မှာဖြစ်တာက သိပ်မဆိုးပါ။ ချက်ချင်းကုရင် ကောင်းသွားမယ်။ မဟုတ်ရင်တော့ ကျောက်ကပ်အထိ ပိုးရောက်သွားနိုင်တယ်။ ဒါဆိုရင်ဆိုးတယ်။


ဆီးသွားတိုင်း ပူပြီးနာမယ်။ ဆီးခဏခဏသွားချင်စိတ် ဖြစ်နေမယ်။ ဆီးစပ်၊ ဗိုက်အောက်ပိုင်းနေရာက နာမယ်။ ဆီးထဲအနယ်ပါမယ်။ ဆီးနံ့ဆိုးတယ်။ ဆီးထဲသွေးလဲပါတတ်တယ်။ ကျောက်ကပ်ရောင်ခြင်းလက္ခဏာတွေကတော့ ကျောက်ကပ်နေရာ နောက်ကျော ဘယ်နဲ့ညာ ဖြစ်တဲ့ဘက်မှာနာမယ်။ ကိုယ်ပူမယ်။ ချမ်းမယ်။ ပျို့ချင်-အန်ချင်မယ်။ ဆီးစစ်မှ ပိုး (ပြည်-ဆဲလ်) တွေ့ပြီး ရောဂါလက္ခဏာတွေ မခံစားရတာလဲ ရှိတယ်။ ကိုယ်ဝန်ရှိနေရင်တော့ ဆေးကုမှ ကောင်းတယ်။ ကလေးတွေကိုလဲ ဆေးကုရမယ်။


နောက်ဆက်ဖြစ်စေနိုင်တာတွေရှိတယ်။ ဆီးအိမ်ကနေ ကျောက်ကပ်ဆီရောက်နိုင်တယ်။ တဖက်တည်းဖြစ်ဖြစ် နှစ်ဖက်လုံးဖြစ်ဖြစ် ပိုးဝင်တာခံရမယ်။ ကျောက်ကပ်ကို အလုပ်ဆက်မလုပ်နိုင်စေတာအထိ ဖြစ်လာနိုင်တယ်။ အစကတည်းက ကျောက်ကပ်သိပ်မကောင်းသူဆိုရင် ပိုဆိုးစေမယ်။ ရှားရှားပါးပါး ပိုးကသွေးထဲရောက်ရင် တခြား နေရာတွေအထိ ပိုးရောက်ကုန်မယ်။


ဘယ်ကနေစသလဲ 

အူတွေထဲမှာနဲ့ မျိုးပွါးလမ်းကြောင်းထဲမှာ (ဗက်တီးရီးယား) တွေရှိနေကြတယ်။ တကယ်တော့ ဆီးဆိုတာ မကောင်းပေမဲ့ ကျန်းမာနေရင် ပိုးတွေရှိမနေပါ။ E. coli ပိုးကနေဖြစ်တာများတယ်။ အမှတ်မထင် ရောက်လာတယ်လို့ ပြောရမယ်။ ဆီးလမ်းအဝကနေ အထက်တက်မယ်။ အမျိုးသမီးတွေက ဆီးသွားလမ်းတိုကြလို့ ပိုအဖြစ်များကြတယ်။ 


လိင်ကတဆင့် ကူးစက်ရောဂါတွေတိုတာ (ကလာမိုင်ဒီယား)၊ (ဂနိုရီးယား)၊ (ထရွိုင်ကိုမိုးနပ်စ်) တွေဖြစ်တယ်။ ဖြစ်နိုင်ခြေများသူတွေကတော့ အမျိုးသမီးများ၊ လိင်ဆက်ဆံမှု ဖြစ်နေသူအမျိုးသမီးများ၊ ရေ-အရည် သောက်နည်းသူများ၊ ရေစိမ်ပြီး ခဏခဏချိုးသူများ၊ ဆီးသွားချင်ပေမဲ့ မသွားသေးဘဲ အောင့်ထားသူများ၊ ကျောက်ကပ်မှာ ကျောက်ရှိနေသူများ။ အိမ်ထောင်ပြုကာစ အမျိုးသမီးတွေအဖြစ်များလို့ Honeymoon Cystitis ဟန်းနီးမွန်းမှာ ဆီးအောင့်တာကို ရေးထားပါတယ်။


ဆရာဝန်ပြဘို့ မလွဲမသွေလိုသူတွေဆိုတာ ကိုယ်ဝန်ဆောင်၊ အသက်ကြီးသူ၊ ဆီးချိုရှိသူ၊ ကျောက်ကပ်ရောဂါရှိထားသူ၊ ခုခံအား မကောင်းသူ။ ဆီးလမ်းပိုးဝင်တာနဲ့ ဆီးချိုရှိရင် ပိုအဖြစ်များတယ်။ ခုခံအားလဲ နည်းနေတာရယ် သကြားဓါတ်ကြောင့် ပိုးတွေပိုပြီး ပွါးလွယ်တာရယ်ကြောင့်ဖြစ်နိုင်တယ်။ ဆီးအိမ်သွား အာရုံကြောလဲ သိပ်မကောင်းနေတာကြောင့်လဲ ဖြစ်နိုင်တယ်။ ယောက်ျားတွေ ဆီးအောင့်ခြင်း အဖြစ်နည်းတယ်။ ဖြစ်ရင် ကျန်းမာရေးအခြေအနေတခုခု ရှိနေနိုင်တယ်။ ဥပမာ ကျောက်ကပ်ကျောက်၊ ဆီးအကျိတ်ကြီးနေခြင်း၊ လိင်ကတဆင့် ကူးစက်ရောဂါ။


မင်္ဂလာဦးဆီးအောင့်ခြင်း အဖြစ်များတယ်။ လိင်ဆက်ဆံမှုကြောင့် (ဗက်တီးရီးယား) တွေကို နေရာပြောင်းပို့ပေးသလို ဖြစ်စေတယ်။ တကယ်တော့ မင်္ဂလာဦးမှာသာဖြစ်တာ မဟုတ်ပါ။ အိမ်ထောင်မပြုသေးဘဲ ဆက်ဆံမှု စပြုသူတွေလဲ ဖြစ်သလို ကလေးအမေဖြစ်ပြီးမှလဲ ဖြစ်တယ်။ ကိုယ်ဝန်တားဘို့သုံးရတဲ့ သားအိမ်ဝအဖုံး သုံးသူတွေလဲ ဖြစ်နိုင်တယ်။


ဆီးလမ်းပိုးဝင်တာနဲ့ ကိုယ်ဝန်သတိထားရမယ်။ ကျောက်ကပ်အထိပိုးဝင်တာ ဖြစ်လွယ်တယ်။ ဟော်မုန်းတွေကြောင့်လဲ ဖြစ်နိုင်တယ်။ ကြီးလာတဲ့သားအိမ်က ဆီးလမ်းကို ဖိနေလို့၊ ဆီးကို အောင့်ထား၊ အောင်းထားသလိုဖြစ်နေစေတယ်။ ဆီးလမ်းပိုးဝင်တာနဲ့ သွေးဆုံးခြင်းလည်းသတိထားရမယ်။ သွေးဆုံးချိန်မှာ (အီစထိုဂျင်) ဟော်မုန်းနည်းလာတယ်။ ဆီးအိမ် နဲ့ (ဗဂျိုင်းနား) ကို ပိုးဝင်လွယ်စေမယ်။ အသက်ကြီးသူတွေ ပိုဖြစ်ကြတယ်။ ခံစားရတာ ဖြစ်နေကြနဲ့ မတူတတ်ဘူး။ ကရောင်ခြောက်ခြားဖြစ်တာ၊ စိတ်ကရောက်ကယက်ဖြစ်တာဆိုရင် ဆီးကိုစစ်ဘို့မမေ့ရပါ။


ဆေးရုံလူနာတွေလည်းသတိထားရမယ်။ ရောဂါတခုခုနဲ့ ဆေးရုံတက်နေရရင် ဆီးလမ်းပိုးဝင်တာ ပိုဖြစ်နိုင်တယ်။ ဆီးပိုက်တပ်ထားရရင် သေချာပေါက်ဖြစ်နိုင်တယ်။ ကလေးငယ်လေးတွေက မပြောတတ်လို့ ဒါတွေဖြစ်နေရင်သတိပြုပါ။ ဘာလို့မှန်မသိဘဲ ကိုယ်ပူမယ်၊ ဆီးအနံ့ မကောင်းဖြစ်မယ်၊ အစားပျက်မယ်၊ အန်မယ်၊ အမူအယာ တမျိုးဖြစ်မယ်။ အသက် ၁၁ နှစ်သမီးတွေ ၃% ၁၁ နှစ်သားတွေ ၁% မှာ ဆီးလမ်း ပိုးဝင်တယ်။ အိမ်သာထဲမှာ ကြာနေရင် သတိထားကြည့်ပါ။ တချို့ကလေးတွေမှာ မွေးရာပါဆီးလမ်းအားနည်းချက် ရှိနေနိုင်တယ်။ ရေအိမ်သွားနည်း သင်ထားပေးပါ။ 


ပဋိဇီဝဆေးနဲ့ ပျောက်တယ်။ ဆီးအောင့်တယ်ထင်တာနဲ့ ချက်ချင်း ပဋိဇီဝဆေး သောက်လိုက်ပါ။ ကျောက်ကပ် ပိုးဝင်တာကဆိုးမှသာ ပဋိဇီဝထိုးဆေးလိုမယ်။ ပြန်ပြန်ဖြစ်နေရင် ပဋိဇီဝဆေးနည်းနည်းကို ကြာရှည်သောက်ပါ။ လိင်ဆက်ဆံပြီးတိုင်း ပဋိဇီဝဆေးတကြိမ်သောက်ပါ။ ဆီးလမ်းပိုးက အမျိုးမျိုးရှိတယ်။ ပိုးသေဆေးတမျိုးနဲ့မရရင် နောက်တမျိုးပြောင်းရတတ်တယ်။ ရောဂါသေခြာအောင်လုပ်နည်းတွေကတော့ ဆီးစစ်ခြင်း၊ (ဗက်တီးရီးယား) တွေ ပါနေ-မနေ စစ်မယ်။ ဆီးထဲမှာ သွေးဖြူဥနဲ့ သွေးနီဥတွေကိုလဲ ရေတွက်မယ်။ (ဗက်တီးရီးယား) အမျိုးအစားလဲ ခွဲဘို့လိုရင် လုပ်တယ်။ ပိုးမွေးပြီး ဆေးယဉ်တာကိုစစ်မရတယ်။ အဲလိုလုပ်တာက ၂-၃ ရက်ကြာနေလို့ အများအားဖြင့် မှန်းပြီး ရွေးပေးရတာကများတယ်။


ဆီးလမ်းကြောင်းရောဂါဆေးများ 

• Urethritis and Cervicitis caused by Chlamydia (ကလာမိုင်ဒီယား) ကြောင့်ဖြစ်သော သားအိမ်အဝ-ဆီးပြွန်အဝရောင်ခြင်း၊ = Erythromycin 250-500 mg တနေ့ ၄ ကြိမ်၊ (သို့) Doxycycline 100 mg တနေ့ ၂ ကြိမ်၊ (သို့) Azithromycin 500 mg တနေ့ ၁ ကြိမ်။


• ကျောက်ကပ်ပြွန် ရက်တိုရောင်ခြင်း၊ = Ciprofloxacin 400 mg IV BD or 750 mg BD Orally or Levofloxacin 500 mg IV OD or Ampicillin 1 Gm QID and Gentamycin 1 mg/kg TDS IV x 21 days ထိုးဆေး။

Ciprofloxacin 500-750 mg တနေ့ ၂ ကြိမ်၊ ၂၁ ရက်၊ ဒါမှမဟုတ် Ofloxacin 200-300-400 mg တနေ့ ၂ ကြိမ်၊ ၂၁ ရက်၊ ဒါမှမဟုတ် Septrin (Trimethoprim-Sulpfamethoxazole) 160/800 mg တနေ့ ၂ ကြိမ်၊ ၂၁ ရက်။


• ရက်တို ဆီးလမ်း၊ ဆီးအိမ်ရောင်ခြင်း၊ ကျား-ဆီးကျိတ်ရောင်ခြင်း၊

Cephalexin 250-500 mg တနေ့ ၄ ကြိမ်၊ ၁-၃ ရက်၊ ဒါမှမဟုတ်

Ciprofloxacin 250-500 mg တနေ့ ၂ ကြိမ်၊ ၁-၃ ရက်၊ ဒါမှမဟုတ်

Nitrofurantoin 100 mg တနေ့ ၂-၄ ကြိမ် (အစာနဲ့)၊ ၇ ရက်၊ ဒါမှမဟုတ်

Ofloxacin 200 mg တနေ့ ၂ ကြိမ်၊ ၁-၃ ရက်၊ တနေ့ ၂ ကြိမ်၊ ၁-၃ လ၊


• နာတာရှည် ဆီးလမ်း၊ ကျား-ဆီးကျိတ်ရောင်ခြင်း၊ = Ciprofloxacin 250-500 mg တနေ့ ၂ ကြိမ်၊ ၁-၃ လ၊ ဒါမှမဟုတ် Ofloxacin 200-400 mg တနေ့ ၂ ကြိမ်၊ ၁-၃ လ၊ တနေ့ ၂ ကြိမ်၊ ၁-၃ လ၊ Trimethoprim-Sulfamethoxazole 160/800 mg တနေ့ ၂ ကြိမ်၊ ၁-၃ လ၊


• ဆီးလမ်းပြွန်အဝ ရောင်ခြင်း၊ = Cefixime 400 mg တကြိမ်တည်း။ Ciprofloxacin 500 mg တကြိမ်တည်း။ Ceftriaxone 250 mg IM တကြိမ်တည်း။ 


• Acute Interstitial Nephritis (Penicillins, Cephalosporins, Sulfonamides, NSAIDs, Rifampin, Phenytoin, Allopurinol and Infections) ဆေးများကြောင့် ကျောက်ကပ်ရောင်ခြင်းများ၊ = Methylprednisolone 0.5-1 Gm/day x 1-4 days or Prednisolone 60 mg/day ၁-၂ ပါတ်ပေးပါ။ 


• Acute Glomerulonephritis = စတီရွိုက်ဆေး အဆများများပေးပါ။ 


ဘယ်လိုကာကွယ်မလဲ

ရေ-အရည်များများသောက်ပါ။ ဆီးသွားချင်ရင် အောင့်မထားပါနဲ့။ (ခရင်ဘယ်ရီ) ဖျော်ရည် ကောင်းတယ်လို့ ပြောကြတယ်။ အဲတာမျိုး ဆီးအတွက်ကောင်းတယ်ဆိုတာတွေက ကာကွယ်ရာမှာသာကောင်းတယ်။ ဖြစ်နေတာကိုတော့ ပျောက်အောင် မစွမ်းဆောင်နိုင်ပါ။ ရေများများသောက်ပါ၊ လိင်ကိစ္စမတိုင်ခင်နဲ့ ပြီးတိုင်းမှာ ဆီးသွားပါ၊ ဆီးသွားပြီးရေဆေးရင် လက်ကို ရှေ့ကနေ နောက်ဘက်ဆီသာ တလမ်းသွားလုပ်ပါ၊ မိန်းမကိုယ်သန့်ရှင်းရေး ဆေးရည်တွေ မသုံးပါနဲ့။ 


Dr. တင့်ဆွေ


Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Colorectal cancer အူမကြီး ကင်ဆာ

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ