ဝါစင်္ဂ နှင့် ပန်ကျူယေးရှင်း

မြန်မာစာသင်ကြားနည်းတွေက ဟိုအရင်ကတည်းက ရှုပ်နေခဲ့တယ်။ အခုလည်း မရှင်းပါ။ စာသင်ခါစ ကျောင်းသားတွေအတွက် မလိုအပ်ပဲ ခက်ခဲစေတယ်။ သရအက္ခရာဆိုတာ ဘာလဲ။ စာအုပ် တအုပ်နဲ့တအုပ် မတူပါ။ တူသင့်တယ်။

သရအက္ခရာ ၁၂ လုံးရှိတယ်။ အ၊ အာ၊ ဣ၊ ဤ၊ ဥ၊ ဦ၊ ဧ၊ အဲ၊ သြ၊ သြော်၊ အံ၊ အို။

အဲတာကို အ၊ အာ၊ အိ၊ အီ၊ အု၊ အူ၊ အေ၊ အဲ၊ အော၊ အော်၊ အံ၊ အို လို့လည်းသုံးလာတယ်။

ဗျည်း (ဝဏ္ဏ) ၃၃ လုံးရှိတယ်။ က ကနေ အ အထိ။

ဗျည်းတွဲသင်္ကေတ ၄ ခုရှိတယ်။ ယပင့်၊ ရရစ်၊ ဝဆွဲ နဲ့ ဟထိုး။

နှစ်ခုပေါင်း ဗျည်းတွဲသင်္ကေတ ၅ တွဲ။ ယပင့် + ဝဆွဲ၊ ရရစ် + ဝဆွဲ။ ယပင့် + ဟထိုး။ ဝဆွဲ + ဟထိုး။

သုံးခုပေါင်း ဗျည်းတွဲသင်္ကေတ ၂ တွဲ။ ယပင့် + ဝဆွဲ + ဟထိုး။ ရရစ် + ဝဆွဲ + ဟထိုး။

ဗျည်းအသတ်တွေ ရှိတယ်။ က်၊ င်၊ စ်၊ ဉ်၊ ည်၊ တ်၊ န်၊ ပ်၊ မ်၊ ယ်။

မာဂဓ၊ သက္ကတ (ဆန်းစ်ကရစ်) နဲ့ ပါဠိတွေကနေလာတဲ့စာလုံးတွေမှာ အသတ်တမျိုးရှိတယ်။ ဂ်။ ခ်။ ဇ်။ ဉ်။ ဋ်။ ဌ်။ ဏ်။ ဒ်။ ဓ်။ ဗ်။ ဘ်။ လ်။ ဝ်။ သ်။ ရ်။ သ်။ ဟ်။ ဠ်။

အခြေခံသင်ပုန်းကြီး ၂၁ လုံးရှိတယ်။

အ၊ အာ၊ အား၊

အိ၊ အီ၊ အီး၊

အု၊ အူ၊ အူး၊

အေ၊ အေ့၊ အေး၊

အဲ၊ အဲ့၊ အဲ၊

အော၊ အော့၊ အော်၊

အံ၊ အံ့၊ အံး။

အက္ခရာ ခေါ် အတိုရေးသင်္ကေတ ၃ လုံး

၏၊ ၍၊ ၌။

အခြေခံသင်ပုန်းကြီး ၂၁ လုံးကနေ ပွါးလာတာက အောက်မြစ် ( ့ ) နဲ့ ဝိသဇ္ဇနီ ခေါ် ဝစ္စပေါက် (း)။ အဲတာတွေကို နုတ်ပယ်ပြီး အ၊ အာ၊ အိ၊ အီ၊ အု၊ အူ၊ အေ၊ အဲ၊ အော၊ အော်၊ အံ ၁၁ လုံး နဲ့ အို သရပါပေါင်းတော့ သရ ၁၂ လုံး ဖြစ်လာတယ်။

ဝစ္စပေါက်ဆိုတာ (း) ကိုခေါ်တာတော့ လူတိုင်းသိကြတယ်။ ( ့) က အောက်မြစ်။ အဲတာ ၂ ခုတွဲသိရတယ်။ အသံထွက် မတူကြပါ။ ကကြီးခခွေး အားလုံးကို အဲတာ ၂ ခုလုံး ထည့်ရေးထားတဲ့ စာလုံးတွေ မရှိပါ။ ငါး ရှိတယ်။ ငါ့ ရှိတယ်။ ကား ရှိပေမဲ့ ကာ့ မရှိ။

သဒ္ဒါပစ္စည်း

နာမ်၊ နာမ်စား၊ နာမဝိသေသန၊ ကြိယာ၊ ကြိယာဝိသေသန တို့၏ အဓိပ္ပါယ်ကို ထူးခြားလေးနက်အောင် ကူညီထောက်ပံ့သော စကားလုံးသည် ပစ္စည်းဖြစ်သည်။ ပစ္စည်း (၃) မျိုး ရှိသည်။

၁။ နာမ်ပစ္စည်း

၂။ ကြိယာပစ္စည်း

၃။ ပုဒ်ပြောင်းပစ္စည်း တို့ ဖြစ်သည်။

စာသင်ရာမှာ စာနဲ့ရေးပြတာက တခါတလေ ပိုနားရှုပ်စေတယ်။ အခေါ်အဝေါ်တွေကို ပါဠိနဲ့သင်နေရတာကိုက ခက်ခဲစေတယ်။ မြန်မာလိုလည်း တယောက်တမျိုးဖြစ်နေသေးတယ်။ နာမ်၊ နာမဝိသေသနနဲ့ ကြိယာဝိသေသနတွေက တော်သေးတယ်။ ဝိဘတ်ဆို ဘာလဲမသိ ဖြစ်တယ်။ သမ္ဗန္ဓနဲ့ အာမေဋိတ်ဆို ပိုခက်ပြီ။ ကြိယာကို အသံထွက်နည်းက သင်ပေးရသေးတာ။ 

ဝါစင်္ဂ ရှစ်ပါး

၁။ နာမ် = လူတဦးတယောက်၊ နေရာတနေရာ၊ အရာဝတ္ထုတခု၊ အမည်တခု၊ အတွေးအခေါ်တခု၊ ဖြစ်ခြင်းတခု။

၂။ နာမ်စား =  နာမ်နေရာမှာ အစားသုံးတယ်။

၃။ ကြိယာ =  တစုံတရာ (သို့) တစုံတဦးက အခြေအနေတခုတွင် ပြုလုပ်ဖော်ပြကြောင်း ပြောသောအရာ။

၄။ နာမဝိသေသန = နာမ် (သို့) နာမ်စားတခုရဲ့ ဂုဏ်သတ္တိကို ဖော်ပြတယ်။

၅။ ကြိယာဝိသေသန = ကြိယာ/နာမဝိသေသန/ကြိယာဝိသေသန တခုရဲ့ ဂုဏ်သတ္တိကို ဖော်ပြတယ်။

၆။ ဝိဘတ် = ဝါကျတကြောင်းရှိ နာမ်၊ နာမ်စားနဲ့ အခြားစကားလုံးတွေကို ဆက်စပ်ပေးတဲ့ စကားလုံးဖြစ်တယ်။

၇။ သမ္ဗန္ဓ ခေါ် စကားဆက် = စကားလုံးတွေ၊ စကားစုတွေကို ဆက်စပ်ပေးတယ်။

၈။ အာမေဍိတ် = အားကောင်းတဲ့ ခံစားမှုကို ဖော်ပြပေးတဲ့ စကားလုံးတလုံး (သို့) စကားစုတခု ဖြစ်တယ်။

အဲလိုရှုပ်တာမျိုးတွေကို လွယ်ကူရှင်းလင်းအောင် အများလက်ခံတဲ့စာလုံးတွေ ပြောင်းပေးနိုင်သင့်တယ်။ အဆင့်တွေ နည်းစေရတယ်။ ပါဠိနဲ့ သက္ကတ ခေါ် ဆန်းစ်ကရစ်စာလုံးတွေ နည်းစေရမယ်။ အခုတော့ မလိုအပ်တဲ့ စသတ်တွေ အောင်မြစ်တွေ ထည့်နေကြတယ်။ မှန်နေပြီးသားကို လွဲအောင်လုပ်ခိုင်းတာကို ခေတ်ကာလလို့ လာလာပြောနေကြတယ်။ ဂွကျတယ်။

ဝါစင်္ဂ သည် ဝါစာနှင့် အင်္ဂ ပေါင်းစပ်ထားသော ပါဠိစကား ဖြစ်သည်။ ဆိုလိုသည့် အဓိပ္ပာယ်ရောက်အောင် ပြောဆိုသောစကား၏ အစိတ်အပိုင်းကို ဝါစင်္ဂဟု ခေါ်သည်။ ဝါစင်္ဂ ရှစ်ပါးမကလို့လုပ်တာလည်း ဖတ်ရတယ်။

လက်တွေ့မှာ မေးတာ ရေးတာတွေကိုဖတ်တဲ့အခါ အခက်အခက်တခုက စာရေးတာမှာ ရေးနည်းဖြစ်တယ်။ အဖြတ်အတောက်လုပ်တာ၊ ခြာတာ၊ မြန်မာစာနဲ့ အင်္ဂလိပ်စာလုံးရေးထွေးတာတွေက နားလည်ရခက်တယ်။

အင်္ဂလိပ်စာမှာ Punctuation လို့ရှိပြီး မြန်မာစာမှာ မရှိသေးပါ။ နဝမမြောက် ဝါစင်္ဂ ယတိ ခေါ် အဖြတ် အကန့် အမှတ်အသားသုံးခြင်း စနစ်ကျသင့်တယ်။ ပန်ကျူယေးရှင်းကို ပါဠိလို ဘယ်လိုသင့်ပါသလဲလို့ ရင်းနှီးတဲ့ဆရာတော်တပါးဆီ လှမ်းမေးတာ့ ယတိ ဟု သုံးသင့်ပါသည်။ ယတိဟူသည် the marks used to divide a piece of writing into sentence, phrases, etc. နှင့် အဓိပ္ပါယ် တူပါသည်။ ရတု ကဗျာ စာ ရေးသား ရွတ်ဆိုရာတို့၌ အဖြတ် မမှန်လျှင် အဖြတ်မရှိလျှင် ယတိဟီနဒေါသ (အဖြတ်အတောက် မှားခြင်း မရှိခြင်း အပြစ်) ဟု သတ်မှတ်ကြပါသည်။

Punctuation မြန်မာစာ ပန်ကျူယေးရှင်း https://dr-tint-swe.blogspot.com/2020/12/punctuation.html

ဆရာရဲ့ တင်ထားတဲ့စာကိုတွေ့လို့ ရေးပို့တာပါ


ယတိ ဟူသည်

ဂါထာတို့၌ ညွှန်ပြအပ်သောအရာဝယ် ပုဒ်ဖြတ်ခြင်း,ပုဒ်ကို ရပ်နားခြင်းသည် ယတိမည်၏။


ယင်းယတိကား

အလုံးစုံသော ပါဒတို့၏အဆုံး၌

ဖြတ်ခြင်းကို ပါဒန္တယတိဟုခေါ်သည်။

ဂါထာထက်ဝက်၌ ဖြတ်ခြင် ရပ်ခြင်းကို ဝုတ္တဎ္ဍ ယတိခေါ်သည်။

ဂါထာပုဒ်၏ အလယ်၌ ဖြတ်ခြင်း ရပ်ခြင်းကို ပါဒမဇ္စျ ယတိဟု ခေါ်သည်။ သုဗောဓာလင်္ကာရပါဌ်

တေးထပ် ရတုစသည် ယတိတွေကိုတော့ သိပ်နားမလည်ပါ။


တင်ပါ့။

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ