Diabetes ဆီးချို

အသက် ၅၉။ အမျိုးသမီး။ ရောဂါလက္ခဏာ ဆီးခဏခဏသွားခြင်း၊ ခြေလက်အကြောကပ်ခြင်း၊ မျက်ရည်ပူကျခြင်း၊ မျက်စိအနီးမှုန်၊ ပြည်မြို့၊ ပဲခူးတိုင်း၊ မြန်မာနိုင်ငံ၊ ဆရာရေ အခုလောလောဆယ် မေမေက ဆီးချိုစစ်တာ အစာမစားမီ နံနက်ပိုင်းစစ်ဆေးရာမှာ ၁၅၆ ရှိပြီး၊ ညနေစစ်ရာမှာ ၂၃၆ ရှိပြီး၊ ဆေးသောက်နေရပါတယ်။ ဆောင်ရန်ရှောင်ရန်သိချင်ပါတယ်ဆရာ။

ဆီးချိုကို Diabetes mellitus လို့ခေါ်တယ်။ တချို့တွေက ဆီးချို ခေါ်တယ်၊ သွေးချိုခေါ်တယ်။ ဆီးစစ်တာကိုဆီးချို၊ သွေးစစ်တော့သွေးချို၊ အတူတူကို နှစ်မျိုး ထင်ကြနေကြတယ်။ တကယ်က ၃ မျိုးရှိတာပါ။

၁။ Type 1 Diabetes ကိုယ်ခန္ဓာကနေ အချိုဓါတ်ကို ထိန်းညှိပေးတဲ့ သရက်ရွက်ကနေ ထုတ်ပေးရမဲ့ Insulin ဟော်မုန်း မထုတ်နိုင်တာ။ ငယ်သူတွေမှာ ဖြစ်တယ်။

၂။ Type 2 Diabetes (အင်စူလင်) ဟော်မုန်းကို ခံနိုင်ရည်ဖြစ်နေတာ။ လူတွေ အများဆုံးဖြစ်တယ်။

၃။ Gestational Diabetes ကိုယ်ဝန်ဆောင်နေတုံး ဖြစ်တာ။

(၁) နဲ့ (၂) က နာတာရှည်ဖြစ်ပြီး၊ လုံးဝပျောက်တယ်ဆိုတာ မရှိပါ။ (၃) ကတော့ မွေးပြီး ကောင်းသွားတာများတယ်။ နောက်မှာ အမျိုးအစား (၂) ဖြစ်သွားတတ်တာလဲရှိတယ်။ မွေးရာပါဆီးချို၊ Cystic fibrosis ရောဂါနဲ့တွဲတာ၊ Steroid ဆေးကြောင့်ဖြစ်တာ၊ စသဖြင့် ရှိသေးတယ်။

ဆီးချိုကို မကုဘဲထားရင် သကြားဓါတ် နည်းလွန်းသွားတာ နဲ့ သတိလစ်တာက ရုတ်တရက်ဖြစ်တာတွေပါ။ ရေရှည် ဖြစ်နိုင်တာတွေက နှလုံး-သွေးကြောရောဂါ၊ ကျောက်ကပ် အလုပ်မလုပ်တာ၊ မျက်စိထိခိုက်တာတွေ ဖြစ်နိုင်တယ်။ ဆီးချိုကိုကုတာမှာ သွေးတိုး (သွေးဖိအားများ) တာ၊ ကိုယ်အလေးချိန်ချတာ၊ ဆေးလိပ်ဖြတ်တာတွေနဲ့ တွဲလုပ်ရမယ်။

ကုသရတာ ရေရှည်ပါ။ သွေးထဲက အချိုဓါတ်ကို ပုံမှန်မှာ ရှိနေအောင် လုပ်ပေးနေရတာ ဖြစ်ပါတယ်။

အစားအသောက်ထိန်းတာနဲ့ ဆေးပေးတာက မလုပ်မနေလုပ်ရပါမယ်။ ဆေးမှာ အမျိုးအစား (၁) ကို (အင်စူလင်) ထိုးဆေး၊ (၂) ကို စားဆေးနဲ့ လိုသေးရင်တော့ ထိုးဆေးပေးရတယ်။ တချိန်တည်းမှာ လူနာကို ဆီးချိုအကြောင်းသိအောင် ပညာပေးရပါမယ်။ လေ့ကျင့်ခန်းလုပ်ဘို့၊ (ကိုလက်စထော) ချဘို့တွေပါ လုပ်ရမယ်။ ဒီလိုလုပ်တာ နေထိုင်မှုဘဝကိုပါ ပြောင်းစေရတာ ဖြစ်ပါတယ်။

ဆီးချိုရောဂါဝေဒနာရှင်များအတွက် အကြမ်းအားဖြင့် အဓိက အစာအုပ်စု (၃) မျိုး -

(၁) လုံးဝရှောင်ကြဉ်ရမဲ့ အစားအစာတွေ = ဂလူးကို့စ်၊ သကြား၊ နို့ဆီ၊ ထန်းလျက်၊ ကြံသကာ နဲ့ အဲဒါတွေကနေ လုပ်ထားတဲ့ အစားအစာတွေ၊

(၂) အသင့်အတင့်သာ စားသုံးနိုင်တဲ့ အစားအစာတွေ = ဆန်၊ ဂျုံ၊ ပြောင်း၊ အာလူး၊ ကန်စွန်းဥ၊ ပိန်းဥ စတဲ့ ကစီဓါတ်များတဲ့ အစာများ၊ ချိုတဲ့ အသီးအနှံများ၊ ပဲအမျိုးမျိုးနဲ့ အဲဒါတွေကနေ လုပ်ထားတဲ့ အစားအစာတွေ၊

(၃) ကြိုက်သလို စားသုံးနိုင်တဲ့ အစားအစာတွေ = အသား၊ ငါး၊ အချိုဓါတ်မရှိတဲ့ အသီးအနှံများ၊ အရွက်များ။

• ပင်မအစားအစာတွေမှာ ဆန်ဖြူ ထက် ဆန်လုံးညိုက သင့်တယ်။ ခေါက်ဆွဲက ပိုသင့်တယ်။ ပေါင်မုံ့က ကြားကျတယ်။

• သစ်ဥ-သစ်ဖုတွေ အစဉ်လိုက်ဆိုရင် မျောက်ဥ၊ မုန်လာဥနီ၊ ကန်စွန်းဥ၊ အာလူး၊

• ပဲတွေ အစဉ်လိုက်ဆိုရင် ပဲပုပ်၊ ကုလားပဲ၊ ပဲကတ္တီပါ၊ ပဲနီလေး၊ ပဲထောပါတ်၊

• သစ်သီး အမျိုးမျိုး အစဉ်လိုက်ဆိုရင် ပန်းသီး၊ သစ်တော်သီး၊ ဆီးသီး၊ စပျစ်သီး၊ လိမ္မော်သီး၊ ငှက်ပျောသီး၊ သရက်သီး၊ နာနတ်သီး၊ သင်္ဘောသီး၊ ဖရဲသီး၊

• နို့နဲ့ နို့ထွက်ပစ္စည်းတွေ အစဉ်လိုက်ဆိုရင် နွားနို့၊ ဒိန်ချဉ်၊ နို့ဆီ၊ ရေခဲမုန့်၊

• သကြား အမျိုးမျိုး အစဉ်လိုက်ဆိုရင် သစ်သီးသကြား (Fructose)၊ နို့သကြား (Lactose)၊ ကြံသကြား (Sucrose)၊ ပျားရည်၊ ဂလူးကို့စ် (Glucose)၊

• အချိုရည် အမျိုးမျိုး အစဉ်လိုက်ဆိုရင် ပန်းသီးဖျော်ရည်၊ လိမ္မော်ရည််၊ ကိုကာကိုလာ၊ လင်မနစ်၊

ဆီးချိုဆေးတွေ -

• Metformin ဆီးချိုထိန်းဆေး၊ 500 mg တနေ့ ၂ ကြိမ်၊ လူကြီး 2550 mg ထက်မကျော်စေရ၊ ကလေး 2000 mg ထက်မကျော်စေရ၊

• Sulfonylureas ဆီးချိုစားဆေး၊

- ပဌမမျိုးဆက် Orinase (tolbutamide) = 500 - 3000 mg; Tolinase (tolazamide) = 100 - 1000 mg; Diabinese (chlorpropamide) = 100 - 500 mg

- ဒုတိယမျိုးဆက် Glucotrol (glipizide) 2.5 - 40 mg; Glucotrol XL (ext. rel. glipizide) 2.5 - 20 mg; Micronase, Diabeta (glyburide) 1.25 - 2.0 mg; Glynase (micronized gly.) 3 - 12 mg

- တတိယမျိုးဆက် Amaryl (glimepiride) 1 - 8 mg d. ဘေးထွက်ဆိုးကျိုး = သကြားဓါတ်နဲခြင်း၊ အစာမကျေခြင်း၊ ပျို့၊ ရင်ပူ၊ သွေးအားနဲ၊ ဝလာ၊

• Alpha-Glucosidase inhibitors (Acarbose, Miglitol, Voglibose) ဆီးချိုစားဆေး၊

• Dipeptidyl peptidase-4 inhibitors (DPP-4) ဆီးချိုစားဆေး၊

• Glibenclamide, Glimepiride = ဆီးချိုအတွက်ဆေး။

• Insulin, Sulfonylurea injection ဆီးချိုအတွက်ထိုးဆေး၊ ဘေးထွက်ဆိုးကျိုး = ဆေးထိုးသည့် နေရာ နီ-ရောင်-ယား၊ ကိုယ်ရောင်၊ အလာဂျီရ၊

ဒီဆေးတွေနဲ့ မသင့်ပါ။

• Furosemide or Frusemide (Lasix) ဆီးသွားစေသည့်ဆေး ဆီးချိုးရှိသူတို့အား မပေးရ၊

• Estrogen and Progestogen ဟော်မုန်း နှစ်မျိုး ပါဝင်သည့် ကိုယ်ဝန်တားစားဆေး၊ ဆီးချိုရောဂါ ရှိနေလျင် မသုံးသင့်။

• Depo-Provera ကိုယ်ဝန်တား ၃ လခံထိုးဆေး၊ ဆီးချိုရောဂါ ရှိလျင် မသုံးသင့်။

• Dexamethasone (စတီရွိုက်)၊ ထိုးဆေး၊ စားဆေးကနေ ဘေးထွက် ဆိုးကျိုး ဆီးချိုဖြစ်နိုင်သည်။

သွေးထဲရှိသကြား (ဂလူးကို့စ်) ဓါတ်စစ်ဆေးခြင်း အဖြေ

(၁) ပုံမှန်

ဘာမှမစားပဲစစ်ခြင်း Fasting Value = ရဝ မှ ၁ဝဝ။

အစာစားပြီးစစ်ခြင်း (စားပြီး ၂ နာရီနောက်) Post Prandial = ၁၄ဝ ထက်နည်းရမည်။

(၂) ဆီးချိုအစအပိုင်း

ဘာမှမစားပဲစစ်ခြင်း Fasting Value = ၁ဝ၁ mg / dl မှ ၁၂၆ mg / dl

အစာစားပြီးစစ်ခြင်း Post Prandial = ၁၄ဝ mg / dl မှ ၂ဝဝ mg / dl

(၃) ဆီးချိုဖြစ်နေပြီ

ဘာမှမစားပဲစစ်ခြင်း Fasting Value = ၁၂၆ mg / dl အထက်။

အစာစားပြီးစစ်ခြင်း Post Prandial = ၂ဝဝ mg / dl အထက်။

(၁) ပုံမှန်

ဘာမှမစားပဲစစ်ခြင်း Fasting Value = 4.0 မှ 5.9 mmol/L အထိ။

အစာစားပြီးစစ်ခြင်း (စားပြီး ၂ နာရီနောက်) Post Prandial = 7.8 mmol/L ထက်နည်းရမည်။

(၂) ဆီးချိုအမျိုးအစား (၂)

ဘာမှမစားပဲစစ်ခြင်း Fasting Value = 4 မှ 7 mmol/L အထိ။

အစာစားပြီးစစ်ခြင်း Post Prandial = 8.5 mmol/L ထက်နည်းရမည်။

(၃) ဆီးချို အမျိုးအစား (၁)

ဘာမှမစားပဲစစ်ခြင်း Fasting Value = 4 to 7 mmol/L

အစာစားပြီးစစ်ခြင်း Post Prandial = 9 mmol/L ထက်နည်းရမည်။

(၄) ကလေး ဆီးချို အမျိုးအစား (၁)

ဘာမှမစားပဲစစ်ခြင်း Fasting Value = 4 to 8 mmol/L

အစာစားပြီးစစ်ခြင်း Post Prandial = 10 mmol/L ထက်နည်းရမည်။

ဆီးချိုရှိလျက် အသက် ၁၂ဝ ရှည်ပါစေ။

A1C (HbA1c) test ဆီးချိုအတွက် https://dr-tint-swe.blogspot.com/2021/04/a1c-hba1c-test.html

Diabetes ဆီးချို https://dr-tint-swe.blogspot.com/2021/05/diabetes.html

Diabetes Complications ဆီးချို နောက်ဆက်တွဲဖြစ်နိုင်သည်များ https://dr-tint-swe.blogspot.com/2021/04/diabetes-complications.html

Blood sugar levels ဆီးချိုစစ်ခြင်း https://dr-tint-swe.blogspot.com/2021/01/blood-sugar-levels.html

Diabetes diet ဆီးချိုအတွက်အစားအစာများ https://dr-tint-swe.blogspot.com/2021/04/diabetes-diet.html

Gestational Diabetes ကိုယ်ဝန်နဲ့ဆီးချို https://dr-tint-swe.blogspot.com/2021/05/gestational-diabetes.html

Diabetic neuropathy ဆီးချိုကြောင့်ဖြစ်ရတဲ့ အာရုံကြောရောဂါ https://dr-tint-swe.blogspot.com/2021/05/diabetic-neuropathy.html

Metformin ဆီးချိုစားဆေး ဘယ်လိုပေး https://dr-tint-swe.blogspot.com/2021/05/metformin.html

Diabetic food ဆီးချိုနဲ့ အစားအသောက် https://dr-tint-swe.blogspot.com/2021/05/diabetic-food_7.html

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Colorectal cancer အူမကြီး ကင်ဆာ

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ