Baby's Cough ကလေးငယ်တွေချောင်းဆိုးရင်


၁။ မင်္ဂလာပါဆရာ ငါးလသားလေး ချောင်းဆိုးနေလို့ပါဆရာ အိပ်နေရင် ချွဲသံလည်းကြားရပါတယ် ကိုယ်မပူပါဘူးဆရာ ဘာဆေးတိုက်ရမလဲသိချင်လို့ပါဆရာ

၂။ ဆရာခင်ဗျာ ကျွန်တော့်သားလေးက အခု တနေ့ကို ၆ ခါ လောက် ချောင်းဆိုးနေတယ်ဆရာ။ အိမ်မှာလဲ air con ကိုတော့ ၂၇-၂၈ လောက်ပဲထားတာ၊ တနေ့လုံးတော့ ဖွင့်ပါတယ်ဆရာ။ နှာလဲ မကြာမကြာချီတတ်ပါတယ်။ အထူးသဖြင့် ခြေထောက်လေးအေးရင်ဖြစ်ပါတယ်။ ကလေးက အခု ၂လ ခွဲ ရှိပါပြီဆရာ။ ဘယ်လိုလုပ်ရမလဲဆိုတာ လမ်းညွှန်ပေးပါဆရာ။ ကျေးဇူးတင်ပါတယ်ဆရာ။

ကလေးငယ်တွေချောင်းဆိုးရင် အမျိုးမျိုးစဉ်းစားရတယ်။ တခါတလေခက်တယ်။ ချောင်းဆိုးတယ်ဆိုတာ ခုခံကာကွယ်နည်းလုပ်တာဖြစ်တယ်။ Dry cough ချောင်းခြောက်ဆိုးခြင်း အအေးမိတာနဲ့ အလာဂျီကြောင့်ဖြစ်မယ်။ Wet cough ချောင်းဆိုးရင်း တခုခုထွက်မယ်၊ ထွေးအန်မယ်၊ မျိုမယ်ဆိုရင် ဗက်တီးရီးယားတွေကနေဖြစ်စေတာ။

ကလေးအသက် (၄) လအောက်မှာ ဖြစ်ခဲတယ်။ ဖြစ်လည်း စိုးရိမ်စရာမရှိပါ။ ဆောင်းတွင်းမှာ ကလေးတွေ ချောင်းများများ ဆိုးတာဟာ Respiratory syncytial virus (RSV) ဗိုင်းရပ်စ်ကြောင့်ဖြစ်တာက ဆိုးတယ်။ ကလေးအသက် ၁ နှစ်ကျော်ရင် သိပ်မစိုးရိမ်ရပါ။ အအေးမိတာကြောင့်ဖြစ်ရတာများတယ်။ အလိုလိုပျောက်တယ်။

အအေးမိခြင်းဖြစ်ရင် နှာရည်ယိုမယ်။ လည်ချောင်းနာမယ်။ အက်သံပါအောင်ချောင်းဆိုးမယ်။ တချို့မှာ နှပ်တွဲလောင်းကျနေမယ်။ ကိုယ်နည်းနည်းပူမယ်။ ရေ-အရည် များများတိုက်ပေးပါ။ နာစေပါ။ မိဘတွေကစိုးရိမ်လို့ ဆေးပေးချင်မယ်။ အမေရိကန် ကလေးဆေးပညာအသင်းကတော့ ကလေး အသက် ၆ နှစ်အောက်ကို ဆေးပေးဘို့ မတိုက်တွန်းပါ။ ဆေးကြောင့် ဘေးဖြစ်မှာစိုးရိမ်လို့ပါ။ ကလေးအသက် ၁ နှစ်ကျော်ရင် ပျားရည်တိုက်တာ၊ Saline drops ဆားရည်ကို နှာခေါင်းထဲထည့်ပေးတာ၊ Cool-mist humidifier လေကို ရေငွေ့ဓါတ်များအောင်လုပ်ပေးတာကိုသာ လုပ်စေချင်ပါတယ်။ ကိုယ်ပူတာနဲ့ ခေါင်းကိုက်တာသက်သာအောင် ပါရာစီတမောအရည် တိုက်သင့်တယ်။ ဒါတောင် ကိုယ်အပူချိန် 100.4 F ကျော်မှသာလိုမယ်။ တုပ်ကွေးဆိုရင်တော့ ဆရာဝန်ပြပါ။

Croup (Barking cough) ချောင်းဆိုးခြင်းဟာ ကလေး အသက် ၅ နှစ်အောက်တွေမှာဖြစ်တယ်။ ညအချိန် ထပြီး ချောင်းဆိုးတယ်။ (ဆောရီး) ဟောင်သံနဲ့တူတယ်။ အသက်ရှူရခက်မယ်။ အအေးမိလို့ဖြစ်တာပါ။ ဗိုင်းရပ်စ်ပိုးက လေပြွန်ကြီးကိုရောင်စေရင် ဖျံအသံလိုချောင်းဆိုးမယ်။ အသက်ရှူသွင်းရာမှာခက်စေမယ်။ ကလေးကို ရေနွေးငွေ့ရှူပါစေ။ ညနေခင်းလေရှူစေတာလည်းကောင်းတယ်။ cool-mist humidifier ကိရိယာသုံးပါ။

Pneumonia နူမိုးနီးယားဆိုတာ ဗိုင်းရပ်စ်တွေကနေရော ဗက်တီးရီးယားတွေကနေပါ ဖြစ်စေနိုင်တယ်။ အအေးမိရာကနေလည်း ဆက်ဖြစ်နိုင်တယ်။ တုပ်ကွေးကနေလည်း ဆက်ဖြစ်တယ်။ Wet and phlegmy ချောင်းအစိုဆိုးမယ်။ ချွဲထွက်မယ်။ ချွဲအရောင် အယွနဲ့ ခပ်စိမ်းစိမ်းဖြစ်နိုင်တယ်။ ဗက်တီးရီးယားကနေဖြစ်တာအတွက် ပိုးသေဆေးလိုတယ်။ ဆရာဝန်ပြပါ။

Bronchiolitis or Asthma ပန်းနာလို လေပြွန်ငယ်လေးတွေရောင်ခြင်းဖြစ်ရင် ချောင်းဆိုးမယ်။ နှာရည်ယိုမယ်။ Wheezing ခေါ် အသက်ရှူသံက စီစီစီစီနဲ့ကြားရမယ်။ လေဝင်ရထွက်ရခက်နေလို့ဖြစ်တယ်။ မိသားစုရာဇဝင်ရှိနိုင်တယ်။ အလာဂျီရာဇဝင်ရှိနိုင်တယ်။ နှင်းကူနာရာဇဝင်ရှိနိုင်တယ်။ ကလေး ၁ နှစ်အောက်မှာဖြစ်တာက Respiratory syncytial virus (RSV) ကြောင့်ဖြစ်တာများတယ်။ ကလေးအသက် ၃ နှစ်ကျော်ရင် ဒီပိုးကနေ အအေးမိတာအဖြစ်များတယ်။

ကိုယ်နည်းနည်းပူမယ်။ နှာရည်ယိုမယ်။ အစားပျက်မယ်။ အသက်ကို ပင့်ရှူနေရမယ်။ မအိပ်နိုင်ဖြစ်မယ်။ လေပြွန်ကျယ်ဆေးလိုတယ်။

Whooping Cough ကြက်ညှာချောင်းဆိုးဆိုတာ ဆိုးဝါးတယ်။ အသက်ကိုုရန်ရှာနိုင်တယ်။ DPT ကာကွယ်ဆေးနဲ့ ကာကွယ်နိုင်တယ်။ ချောင်းဆိုးသံကထူးခြားတယ်။ Whoop အသံကျယ်ပြီး မြန်တဲ့ ဟွတ်-ဟွတ် သံမည်မယ်။ လျှာထွက်နေမယ်။ မျက်လုံးပြာနေမယ်။ မျက်နှာလည်းပြာနေမယ်။

Foreign Object အသက်ရှူလမ်းထဲ တခုခုဝင်လို့လည်း ချောင်းဆိုတာရှိတယ်။ ချောင်းဆိုးသံသေးသေးနဲ့ ဖုတ်လှိုက်ဖုတ်လှိုက်နေမယ်။ အဆက်မပြတ်ဆိုးမယ်။

Humidifier ရေနွေးငွေ့ပေးခြင်း

ရေနွေးငွေ့က အကျိုးရှိစေတာအမှန်ပါ။ လေကို ရေငွေ့ ပိုလာစေမယ်။ အအေးမိလို့ခံစားရတာတွေကို သက်သာစေမယ်။ ရေငွေ့လေးတွေကနေ ချွဲကို ပျော်စေလို့ နှာခေါင်း၊ လည်ချောင်းနဲ့ လေပြွန်တွေထဲက ချွဲတွေထုတ်ဘို့လွယ်မယ်။ အနေရ သက်သာမယ်။ အိပ်စက်နိုင်မယ်။ နို့စို့နိုင်မယ်။ အရေပြားမှာ ခံစားရမှာကို သက်တောင့်သက်သာရှိစေမယ်။ နှုတ်ခမ်းကွဲတာ ခြောက်တာမဖြစ်စေဘူး။ မျက်စိခြောက်တာမဖြစ်စေဘူး။ ယားယံတာမဖြစ်စေဘူး။

ကလေးတွေအတွက်တော့ သတိထားစရာတွေရှိတယ်။ ကလေးငယ်လေးတွေရဲ့ အရေပြားဟာ အင်မတန်နူးညံ့ပြီး ခံနိုင်ရည်နည်းသေးတယ်။ အသက်ရှူလမ်းကြောင်းကလဲ အဲလို အားနည်းနေသေးတယ်။ ဆောင်းရာသီမှာ ဗဟိုအပူပေးစနစ်ကို ဖွင့်ထားတော့ အခန်းတွင်း စိုထိုင်းဆ ၁ဝ% နည်းလိုက်ရင် ကလေးအရေပြားကသိပ်မခံနိုင်သေးဘူး။ အဲလို အေးပြီး ခြောက်သွေ့တဲ့လေမှာ ဗိုင်းရပ်စ်တွေပေါက်ပွါးလာစေနိုင်တယ်။ ဒါ့ပြင် ကလေးမှာ အအေးမိတာ၊ အသက်ရှူလမ်းပိုးဝင်တာဖြစ်ရင် လူကြီးတွေလို ဆေးကောင်တာကနေ အလွယ်ဝယ်ရဆေးတွေပေးဘို့ မသင့်တာက များတယ်။

• ကလေးတွေ နှာစေး၊ အအေးမိ၊ တုပ်ကွေးဖြစ်နေရင် သုံးနိုင်တယ်။ ဆိုင်းနပ်စ်ဖြစ်နေတာကိုလဲ သက်သာစေမယ်။ Mayo Clinic ညမ်းညွှန်အရ စိုထိုင်းဆ ၃ဝ% ထက် မနည်းရ၊ ၅ဝ% ထက် မများရပါ။ ရေသုံးရတာမှာ ဆေးထိုးမိုးရေခေါ်တဲ့ ပေါင်းခံထားတဲ့ရေဆိုရင် ပိုကောင်းတယ်။

• Ultrasonic Humidifier အာလ်ထွာဆောင်းနည်းသုံးကိရိယာမှာ အသံလှိုင်းအမြင့် သုံးတယ်။ ဆောင်းတွင်းမှာရော နွေခါမှာပါသုံးနိုင်တယ်။ လေထဲမှာပါနေမဲ့ ဖန်းဂတ်စ်၊ ဗက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေကို ဖယ်ရှားပေးမယ်။ ဒါကြောင့် ကိရိယာကို သန့်ရှင်းရေးလုပ်ဘို ့လိုတယ်။

• Impeller Humidifiers ဆိုတာ အရှိန်မြင့်နည်းနဲ့လုပ်ပေးတယ်။ ရေထဲမှာပေါနေမဲ့ ဗက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေကို ဖယ်ရှားပေးမယ်။ ဖန်းဂတ်စ်တွေလဲပါစေမယ်။ ကိရိယာကို သန့်ရှင်းရေးလုပ်ဘို့လိုတယ်။

• Evaporative Humidifiers ဆိုတာ အငွေ့ပျံစေမယ်။ အေးတဲ့ရေငွေ့လေးတွေဖြစ်လာစေမယ်။

• Cool-mist humidifier မှာအစစ်သုံးတယ်။ အစစ်ကိုလဲလဲပေးရတယ်။ ပန်ကာလေးပါတယ်။ အသံဆူတတ်တယ်။

• Hot Water Humidifiers ဆိုတာကို ကလေးတွေအတွက်သုံးရင် သတိထားရမယ်။ အခန်းကျယ်လဲ မသင့်ပါ။

အသက်ရှူတဲ့ပတ်ဝန်းကျင်မှာ ရေငွေ့ဓါတ်ဟာ ကျန်းမာရေးအတွက် အရေးပါတယ်။ အအေးမိတာ၊ တုပ်ကွေးမိတာ၊ ချောင်းခြောက်ဆိုးတာ၊ အလာဂျီကနေဆက်ဖြစ်တာတွေအတွက်လိုတယ်။ အသက်ရှူတဲ့လေက ခြောက်သွေ့နေရင် ရောဂါ ပိုဆိုးစေတယ်။ အေးတဲ့ရာသီမှာ အနွေးဓါတ်ပေးတော့ ရေငွေ့ဓါတ်ကိုနည်းစေတယ်။ ဟီတာတွေသုံးလို့ အရေပြား ခြောက်သွေ့စေမယ်။ လည်ချောင်းနာမယ်။ မျက်ရည်ကျမယ်။ အလာဂျီပိုရစေနိုင်တယ်။ ပန်းနာပိုထစေနိုင်တယ်။ အခန်းတွင်း Humidity 30% ကနေ 50% ရှိနေသင့်တယ်။ ဝယ်တဲ့စက်က ပိုကောင်းမှာမှန်ပေမယ့် ကလေးငယ်ရှိတာနဲ့ အိမ်မွေးတိရစ္ဆာန်တွေရှိရင်တော့ သတိထားရမယ်။

ရေငွေ့ပေးစက်ကလေး ဝယ်နိုင်ရင်ကောင်းပါတယ်။ ကိုယ်တိုင်ရေနွေးငွေ့ရအောင်လုပ်နိုင်ပါတယ်။ အခြေခံသဘောက အခန်းထဲကလေထဲကို ရေငွေ့လေးတွေ ထုတ်ပေးနေဘို့ ဖြစ်တယ်။ ရေစက်လေးတွေဖြစ်စေရတယ်။ Mist မြူမှုံလိုဖြစ်ဖြစ် Steam ရေနွေးငွေ့လိုဖြစ်ဖြစ်ရတယ်။ လေထဲကို ရေပြန်ရောက်စေတာသာဖြစ်ပါတယ်။

Homemade Humidifier လက်ဖြစ်ရေငွေ့ပေးနည်းများ

၁။ Heater အနွေးဓါတ်ပေးတဲ့ (ဟီတာ) ပေါ်မှာ ရေဖန်ခွက်ချထားရင် ရေငွေ့ထွက်နေမယ်။ ဖန်ခွက်ကကျယ်ရမယ်။ အပူခံနိုင်ရမယ်။ မကွဲနိုင်တာဖြစ်ရမယ်။ ရေထဲမှာ ကိုယ်သဘောကျတဲ့ Essential oil သဘာဝဆီတမျိုးမျိုး (ယူကလစ်ဆီ၊ လီဗင်ဒါဆီ၊ နှစ်းဆီဆီ) ထည့်ပေးထားရင် တခန်းလုံးမွှေးနေမယ်။ (ဟီတာ) ပေါ်မှာ အဝတ်စိုတင်ထားပြီး ရေငွေ့ရအောင် မလုပ်ပါနဲ့။

၂။ Sponge humidifier ရေမြှုပ်နည်း

ကားဆေးရာမှာသုံးတဲ့ရေမြှုပ်၊ ပလပ်စတစ်၊ ရေခဲအိတ်နဲ့ ကတ်ကြေးသာလိုမယ်။ ရေခဲအိတ်ကို အပေါက်လေးတွေ ဖေါက်ပါ။ ရေမြှုပ်ကို ရေနွေးထဲမှာစိမ်ပြီး ပိုနေတဲ့ရေကို ညှစ်ပြစ်ပါ။ ရေအကုန်တော့မညှစ်ပါနဲ့။ တစက်စက်ကျမနေယုံသာ လိုတယ်။ အဲတာကိုဖေါက်ထားတဲ့ပလပ်စတစ်အိပ်ထဲထည့်ပါ။ ရေနွေးငွေ့တွေထွက်နေမယ်။ ခြောက်သွားရင်ထပ်လုပ်ပါ။ မြန်တာက ရေမြှုပ်ကို (မိုက်ခရိုဝေ့ဖ်) ထဲမှာ ၄၅ စက္ကန့်ထားရင်ရတယ်။ ပိုးတွေရှိနေလည်း သေစေမယ်။

၃။ Hot shower humidifier ရေနွေးပန်းနည်း

ရေချိုးခန်းက ရေနွေးပန်းကိုဖွင့်ချထားပါ။ ရေနွေးနဲချိုးနေတုံးမှာ ရေချိုးခန်းတံခါးဖွင့်ထားရင်လည်း အခန်းထဲကို ရေနွေးငွေ့ဓါတ်ရစေမယ်။

၄။ A bowl of searing hot water သိပ်ပူနေတဲ့ အငွေ့ထွက်နေတဲ့ရေနွေးအခန်းထဲမှာထားပေးပါ။ ရေနွေးပွက်လာချိန်မှာ အဖုံးမဖွင့်သေးပဲ မိနစ်အနည်းငယ်စောင့်ပြီးမှ အဖုံးဖွင့်လိုက်ရင် ရေနွေးငွေ့တွေကောင်းကောင်းထွက်လာမယ်။

၅။ Spray water on curtains လိုက်ကာပေါ်မှာ ရေဖြန်းနည်း

ဖြန်းပက်လို့ရတဲ့ဗူးအမျိုးမျိုးရှိတယ်။ ဆပ်ပြာရည်၊ ေးကြောရည်စတာတွေ။ အခွံကိုဆေးသန့်ပြီး ရေထည့်ပါ။ အခန်း လိုက်ကာတွေကို အဲတာသုံးပြီး ရေဖြန်းပေးပါ။ သူ့အလိုလိုခြောက်ပါစေ။

၆။ Fish tank ဓါတ်ဗူး

ဓါတ်ဗူးထဲရေနွေးပူပူထည့်ထားပြီး အဖုံးဖွင့်ထားပါ။

၇။ Houseplants အခန်းထဲထားလို့ရတဲ့အပင်တွေကနေလည်း ရေငွေ့ဓါတ်ပေးနေမယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Colorectal cancer အူမကြီး ကင်ဆာ

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ