Prenatal capsule ကိုယ်ဝန်ဆောင်အားဆေး

မနေ့က မြန်မာပြည်ကိုအလည်ပြန်မဲ့သူက သူ့အမျိုးအတွက် ကိုယ်ဝန်ဆောင်အားဆေးလိုချင်တယ်ဆိုလို့ ဆိုင်ကို လိုက်ဝယ်ပေးပါတယ်။ အခု မေးခွန်းလာတယ်။ အရင်ကလည်း မကြာခဏ မေးကြပါတယ်။

၁။ ဆရာမင်္ဂလာပါ။ ကျွန်မအသက် ၂၆ ပါ။ ကိုယ်ဝန်ရှိပါတယ်။ ၁၁ ပတ်ရှိပါပြီ။ မေးချင်းတာက အခုကိုယ်ဝန်နဲ့ကိုတော့ folic acid တောက်လျှောက်သောက်ပါတယ်။ ဒါအပြင့် B1/B2/Vit-D စသည့်ဓာတ်တွေပါတဲ့ဆေးတွေရောသောက်ဖို့ လိုပါသလား။

၂။ ဒီနေ့ဆရာ့စာတပုဒ်ဖတ်လိုက်ရလို့ပါ။ ကိုယ်ဝန်ဆောင်စဉ် Prenatal DHA/EPA နှစ်လုံးတွဲသောက်နေလို့  ဆက်သောက်လို့ ရ မရသိချင်လို့ပါ။ ကိုယ်ဝန်က တလခွဲပါ။

Prenatal tablet, Prenatal capsule, Prenatal multivitamin စသဖြင့် ကိုယ်ဝန်ဆောင်အားဆေးတွေရှိတယ်။ အမျိုးအမည်မတူရင်၊ ဆေးထုတ်တဲ့နေရာမတူရင် ဆေးထဲမှာပါတာတွေ မတူပါ။ ကိုယ်ဝန်ဆောင် တယောက်နဲ့ တယောက်လဲ လိုအပ်တာတွေမတူတတ်ပါ။ Prenatal vitamins ကိုယ်ဝန်ဆောင် ဗီတာမင်တွေဆိုပေမဲ့ ဗီတာမင်နဲ့ ဓါတ်ဆေားတွေ ရောစပ်ထားပါတယ်။

Prenatal Vitamins နာမည်နဲ့ဆေးထဲမှာ ဒါတွေပါတယ်။

• Folic acid 400 micrograms

• Vitamin D 400 IU

• Calcium 200 to 300 milligrams

• Vitamin C 70 mg

• Thiamine 3 mg

• Riboflavin 2 mg

• Niacin 20 mg

• Vitamin B12 6 mcg

• Vitamin E 10 mg

• Zinc 15 mg

• Iron 17 mg

Folcal DHA Capsules / Softgel capsule ထဲမှာ ဒါတွေပါတယ်။

• Vitamin C (ascorbic acid, USP) 25 mg

• Calcium (tribasic calcium phosphate, NF) 160 mg

• Iron (ferrous fumarate, USP) 30 mg

• Vitamin D3 (cholecalciferol, USP) 170 IU

• Vitamin E (d-alpha tocopherol, USP) 30 IU

• Vitamin B6 (pyridoxine hydrochloride, USP) 25 mg

• Folic Acid, USP 1.24 mg

• DHA (docosahexaenoic acid) 265 mg

• Docusate Sodium, USP 55 mg

အဲလို အားဆေးအမျိုးမျိုးကို ဆေးတမျိုးထဲပေါင်းစပ်ထားတာကိုသုံးရင် သတိထားရမှာက လိုအပ်ချက်ဆိုတာ တယောက်နဲ့ တယောက်က မတူကြပါ။ တချို့က ပိုလိုမယ်။ တချို့အဲလောက်မလိုပါ။ ကိုယ်ဝန်ဆောင်ဆေးလို့အသုံးများလို့ မွေးပြီးရင် သောက်လို့ရမလားလဲ မေးကြတယ်။ အဲသည်ဆေးထဲမှာ ပါတဲ့အားတွေလိုသူတိုင်း၊ လိုအပ်ချက်အရ သောက်နိုင်ပါတယ်။

Pregnacare Original ထဲမှာ 400mcg, Folic acid 10mcg နဲ့ Vitamin D3 တွေပါတယ်။ ဆေးကြော်ညာမှာတော့ တချို့ ကိုယ်ဝန်ဆောင်အားဆေးတွေထဲမှာ ယူကေ ကျန်းမာရေးဌာနက သတ်မှတ်ချက်အတိုင်း အတိအကျမပါဘူးဆိုပြီး ရေးထားပါတယ်။ ဒါလဲ ကြော်ညာနည်းတမျိုးဖြစ်တယ်။ သံဓါတ်ကိုလဲ လိုတာထက်မပိုဘူး လို့ရေးပါသေးတယ်။ Pregnacare ဆိုတာမှာလဲ Tablets, Conception, Cream, Plus, Original, Breastfeeding, His & Her, New Mom, Max စတဲ့နာမည်မျိုးစုံနဲ့ အမျိုးသမီးတွေအတွက် တခြားဆေးတွေလာပါတယ်။

သံဓါတ်အားနည်းသွေးအားနည်းတာက အမျိုးသမီးတွေမှာ အများဆုံးဖြစ်လို့ သံဓါတ်က မသောက်မဖြစ်ပါ။ ကိုယ်ဝန် မမြဲသူဆိုရင် ဖေါလစ်အက်စစ်က မပါမဖြစ်ပါ။ ကလေးဦးနှောက်အတွက်လဲလိုတယ်။ ဗီတာမင်ဘီအုပ်စုဆိုတာက ကိုယ်ဝန်မဆောင်လဲ လိုတယ်။ ယောက်ျားတွေ၊ ကလေးတွေလဲလိုတယ်။

ကိုယ်ဝန်ဆောင်မှာ ဗီတာမင်တွေပေးတာ အကောင်းနဲ့အဆိုး ဘယ်ဟာပိုသဲ။ အမေရိကန်ကိုယ်ဝန်ဆောင် တယောက်လည်း အဲတာကို အင်တာနက်မှာရေးထားတယ်။ သူ့ သားဖွါးမီးယပ်ဆရာဝန်ကိုမေးတော့ ယူလာတဲ့ ကိုယ်ဝန်ဆောင်အားဆေးကို အနားကအမှိုက်ပုံးထဲသာထည့်လိုက်ပါလို့ ဆရာဝန်ကပြောပါသတဲ့။ ကိုယ်ဝန်ရှိစလ အန်ချင်နေတုန်းမှာ ဘာဆေးမှမသောက်ချင်ကြလို့ ဒီအကြံက အံကိုက်ပါ။ တချို့ကလည်း ကိုယ်ဝန်ဆောင်အားဆေး မသောက်ရင် ကောင်းတဲ့မိခင်လောင်းမဟုတ်ဖူးလို့ အထင်ခံရမှာ စိုးရိမ်ကြတယ်။ အိုဂျီ-အိုဘီတွေကတော့ အစား + အသောက်မှာ လုံလောက် + မျှတအောင်စားသောက်နေရင် ဘာအားဆေးမှမလိုပါလို့ ပြောပါတယ်။ တချို့ သုတေသနကတော့ ဖေါလစ်အက်စစ်နဲ့ သံဓါတ်ကိုသာ သောက်ဖို့ ညွှန်းပါတယ်။

မနေနိုင်လို့ ကိုယ်ဝန်ဆောင်မှာ ဗီတာမင်တွေသောက်ချင်ရင်လည်း ဘယ်လောက်များများသောက်ရမလဲကို ဆေးသုတေသနနဲ့ပြောရင် ခက်ပြန်ပါသေးတယ်။ ဥပမာ ဗီတာမင်တွေထဲမှာ ဗီတာမင်စီကို များများသောက်လည်းရတယ် ပြောကြတယ်။ ဗီတာမင်စီများများ ကိုယ်ဝန်ကိုပေးရင် အထဲကကလေးမှာ ဗီတာမင်စီ ချိ့တဲ့ရောဂါ စကာဗီဖြစ်နိုင်တယ်။ သံဓါတ်များနေရင် ကလေးမှာ လည်ပင်းကြီးနိုင်တယ်။ သံဓါတ်ကို ကိုယ်ဝန် ၄-၅ လအချိန်ကစပြီး တနေ့မှာ 7 milligrams ပိုလာတယ်။ အဲတာကြောင့် 27 mg သောက်သင့်တယ်။ အများသုံး ကိုယ်ဝန်ဆောင်အားဆေးထဲမှာ ကယ်လ်စီယမ်နဲ့ မက်ဂနီဆီယမ်ပါနေတယ်။ အဲတာတွေကနေ သံဓါတ်စုပ်ယူတာကို တားတယ်။ ကယ်လ်စီယမ်ကို ပုံမှန်ကိုယ်ဝန်ဆောင်မှာ အပိုသောက်ဘို့မလိုပါ။ အရွယ်ရောက် အမျိုးသမီးတိုင်းကတော့ နေ့စဉ် ကယ်လ်စီယမ် 1,000 milligrams လိုတယ်။ ကိုယ်ဝန်ဆောင်လို့ ပိုမလိုပါ။ အထဲကကလေးဟာ မိခင်ဆီက ကယ်လ်စီယမ် ၂့၅% ကိုသာ အရိုးတည်ဆောက်ဖို့ ယူပါတယ်။

ကိုယ်ဝန်မှာ ဖေါလစ်အက်စစ်လို မလို ငြင်းခုန်မှုနည်းနည်းရှိပါတယ်။ အကောင်းဆုံးက ကိုယ်ဝန် မဆောင်ခင်ကစပြီး ကိုယ်ဝန်နုတုံးမှာ ဖေါလစ်အက်စစ်သောက်သင့်ပါတယ်။ တနေ့မှာ 1 mg အနည်းဆုံး ရနေရင် ကောင်းပါတယ်။ မွေးရာပါ အာရုံကြောချို့ယွင်းတာကို ကာကွယ်နိုင်ပါတယ်။ ဗီတာမင်ဒီကို ကိုယ်ဝန်ဆောင်အတွက်ဆိုရင် သုတေသနအသစ်တွေသာ ရှိပါတယ်။

အခုထိရေးတာကတော့ အမေရိကန်ဆေးသုတေသနတွေကို မှီးထားတာတွေပါ။ မြန်မာပြည်မှာ အများစုက ဆင်းရဲတယ်။ ကိုယ်ဝန်ဆောင်ရင် အစားရှောင်သူက မနည်းပါ။ အရပ်နည်းပေးသူတွေကများတယ်။ အဲတာကြောင့် ကိုယ်ဝန်ဆောင်မှာ အားဆေး လိုကြသူက အများစုဖြစ်နေပါတယ်။

ခြုံပြောရတာက အပြစ်မကင်းပါ။ ကိုယ်ဝန်အပ်ပါ။ ကိုယ်ဝန်အပ်တဲ့ဆီကနေ ညွှန်ပါမယ်။ တဦးချင်း လိုအပ်ချက်တွေ ရှိတတ်လို့ ကိုယ်ဝန်ဆောင်တိုင်းကို ဒီလိုဆေးတမျိုးနှစ်မျိုးသောက်ကြပါလို့ ပြောမသင့်ပါ။ တချို့ကသံဓါတ်လိုမယ်။ တချို့ကဗီတာမင်ဘီလိုမယ်။ သူများသောက်လို့ ငါလည်းသောက်မယ်ဆိုတာ မမှန်ပါ။ ဆေးကြော်ငြာတွေကောင်းတိုင်း လိုက်မယုံသင့်ပါ။ တချို့တိုင်းပြည်တွေမှာ ကိုယ်ဝန်ဆောင်တွေကို ဘာအားဆေးမှ မပေးပါ။ ဖေါလစ်အက်စစ်ကိုတော့ ပေးတာများတယ်။

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Colorectal cancer အူမကြီး ကင်ဆာ

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ