Pregnancy Signs ကိုယ်ဝန်ရှိခြင်း လက္ခဏာ (၂ဝ)

၁။ ကိုယ်ဝန်ရှိတဲ့လက္ခဏာပြတာ ဘယ်လိုမျိုးလဲဆရာ။ ရာသီမလာခင်မှာရောရှိနိုင်လားဆရာ။ နှစ်ပတ်ဆိုရင်ပြလားဆရာ။ မသိလို့ပါနော် ကန်တော့နော်ဆရာ။

၂။ ဆရာရှင့်သမီးကိုကိုယ်ဝန်ရှိခြင်းလက္ခဏာအကြောင်းလေး ပြန်တင်ပေးပါအုံးနော်။

၃။ ဆရာရှင့် ကိုယ်ဝန်လက္ခဏာတွေက ဘာတွေပြတက် (တတ်) သလဲရှင့်။ သမီး ၈ လပိုင်း လအစက ရာသီဆင်းပါတယ်ရှင့်။ သမီး ဘာဆေးမှမသုံးပါဘူးရှင့်။ အခုရက်ပိုင်း အစားတွေအရမ်းစားပါတယ်။ ဆီးလည်းခဏခဏသွားပါတယ်။ မနေ့က ဆေးခန်း သွားပြပါတယ်။ ဆီးစစ်ကြည့်တော့ မျဉ်းတကြောင်းပဲ ပေါ်ပါတယ်ရှင့်။ ဆရာမကတော့ ကိုယ်ဝန်နုရင်လည်း မပေါ်သေးဘူး ပြောပါတယ်။

ကိုယ်ဝန်ရှိခြင်း လက္ခဏာ (၂ဝ) 

၁။ ရာသီမလာတော့ပါ၊ ဒါပေမဲ့ ပေါင်းစပ်ပြီးသား မျိုးဥက သားအိမ်အတွင်းဆုံးလွှာကို လာပြီးတွယ်ကပ်ချိန်မှာ သွေးနဲနဲ စွန်းမယ်။ ဆီးစပ်နေရာကလည်း နာတာခံစားရနိုင်တယ်။ ရာသီလာလို့နာတာနဲ့ ခွဲခြားရမယ်။ မျိုးဥထွက်ချိန်ဆိုတာ (လလယ်ရက်) နဲ့ ၆-၁ဝ ရက်မှာဖြစ်တယ်။

၂။ ကိုယ့်ကိုယ်ကို ကိုယ်ဝန်ရှိနေတယ်လို့ထင်ခြင်း၊

၃။ ပျို့-အန်ခြင်း၊ အစားမစားချင်ဖြစ်လာခြင်း၊

၄။ အတူနေချင်စိတ်် ပြောင်းလဲလာခြင်း၊

၅။ ရင်သားနာခြင်း၊

၆။ ရင်သား ပိုကြီးထွားလာခြင်း၊

၇။ ရင်သား အရောင်ရင့်အဝိုင်းမှာ အသီးငယ်လေးတွေ ထွက်လာခြင်း၊ ရှိပြီးသားတွေက ပိုပြီးသိသာလာခြင်း၊

၈။ ညှစ်ရင် နို့ရည်ကြည် နဲနဲထွက်နိုင်ခြင်း၊

၉။ ဆီးခဏခဏသွားရခြင်း၊ ကိုယ်ဝန်ဆောင် အများစုက ၆-၈ ပတ်မှာ ဖြစ်ကြတယ်။ ဆီးလမ်းပိုးဝင်တာ၊ ဆီးချိုရောဂါ နဲ့ ဆီးသွားစေတဲ့ဆေးတွေကြောင့်လည်း အဲလို ဆီးခဏခဏသွားချင်တာနဲ့ ခွဲခြားရမယ်။

၁ဝ။ ချင်ခြင်းတပ်ခြင်း၊

၁၁။ အားကုန်ခြင်း၊

၁၂။ အသားအရေပြောင်းလဲလာခြင်း၊

၁၃။ မတ်တပ်ရပ်လိုက်ရင် ခေါင်းမူးမယ်၊ သတိလစ်ချင်သလိုဖြစ်မယ်။ 

၁၄။ ဆီး-သွေးစစ်လျှင် အပေါင်းပြခြင်း၊ 

၁၅။ ဗိုက်ထဲက ကလေးလှုတ်တာကိုသိနေခြင်း အများဆုံးက ၂ဝ ပတ်ကျော်မှသာ သိတယ်။၊ ၁၃-၂၅ ပတ်အထိလည်း ဖြစ်နိုင်တယ်။

၁၆။ ဗိုက်ကြော စသည်ပြတ်ခြင်း (နောက်ပိုင်းမှသာဖြစ်တယ်)၊

၁၇။ ဓါတ်မှန်ရိုက်ရင် မြင်ရခြင်း၊

၁၈။ (အာလ်ထွာဆောင်း) ရိုက်လျှင်တွေ့ရခြင်း၊ ကိုယ်ဝန် ၄ ပတ်ခွဲမှာ Gestational sac မြင်ရပြီ။ Yolk sac ကို ၅ ပတ်၊ Embryo ကို ၅ ပတ်ခွဲမှာမြင်ရပြီ။

၁၉။ ကလေးနှလုံးခုန်သံ နားထောင်၍ရခြင်း၊ Doppler ကရိယာနဲ့နားထောင်ရင် ၈-၁ဝ ပတ်အထိ မကြားနိုင်သေးပါ။ ၁၂-၁၄ ပတ်ရောက်မှသာ ကြားရတာများတယ်။ စကြားရချိန်မယ် တမိနစ်ကို ၁၈ဝ အထိမြန်တယ်။ နောက်ပိုင်း ပုံမှန် ၁၂ဝ-၁၆ဝ အထိရှိတယ်။ (အာလ်ထွာဆောင်း) နဲ့စမ်းရင် ၆ ပတ်မှာ ၉ဝ-၁၁ဝ၊ ၉ ပတ်မှာ ၁၄ဝ-၁ရဝ၊ 

၂ဝ။ သားအိမ်ကြီးလာခြင်း၊ ကိုယ်ဝန် ၁၂ ပတ်ကစပြီး ဆီးစပ်နေရာကနေ သားအိမ်အမြင့်ကို လက်နဲ့စမ်းလို့ရပြီ။
 
ကိုယ်ဝန်ရှိခြင်း လက္ခဏာတွေကို တချို့မှာ ဘာမှမခံစားရဘူး။ တချို့ကြ လူမမာကြီးလို အတော်ခံစားရတယ်။ သိပ်မသိသာတဲ့၊ လူတိုင်းဖြစ်ချင်မှဖြစ်မဲ့ အချက်တွေကတော့ ခေါင်းကိုက်တာ၊ စိတ်မူပြောင်းတာ၊ စိတ်တိုတာ၊ (ဒီအချက်တွေဟာ ရာသီမလာခင်ဖြစ်ချင်တာတွေနဲ့ အတူတူဖြစ်တယ်။) ဝမ်းချုပ်တာ Progesterone ဟော်မုန်းကြောင့် ဖြစ်တယ်။ ဒီဟော်မုန်းက အစာကိုအောက်ဆင်းတာ နှေးစေတယ်။ (ဗဂျိုင်းနား) နံရံတွေက ပိုထူလာတယ်။ (ဗဂျိုင်းနား) ပိုပြီးစိုတာ၊ ဖြူတဲ့ နို့လိုဆင်းတယ်။ ကိုယ်ဝန်ရှိနေတဲ့ကာလ တလျှောက်လုံးမှာလည်း အဲလိုရှိနေနိုင်တယ်။ ဆေးကုစရာ မလိုပါ။ ဒါပေမဲ့ အနံ့ဆိုးလာရင်၊ ယားယံလာရင်၊ ဆင်းတာက အရောင်ပြောင်းလာရင်တော့ ဆေးစစ်ပြီး ကူသမှုခံယူရမယ်။

ကိုယ်ဝန်ရှိခြင်းလက္ခဏာတွေရှိချင်ရှိနေပေမဲ့ ဆီးစစ်မှသာ အသေအချာပြောနိုင်ပါတယ်။ ဒုတိယမေးတဲ့သူ နောက် ၄-၅ ရက်မှာ ဆီးထပ်စစ်ပါ။ စောစောစမ်းရင် ကိုယ်ဝန်ရှိနေပေမဲ့ အနုတ်ပြနိုင်တယ်။ ရာသီလာရမဲ့ရက်ထက် တပတ်နေလို့ မလာသေးရင်စမ်းပါ။ ကိုယ်ဝန်ရှိမယ် ထင်ပေမဲ့ အနုတ်ပြနေရင် နောက်တပတ် အကြာမှာ တခါထပ်စမ်းပါ။ မနက်ခင်းသွားဆီးကိုစစ်ပါ။ ရေလည်း မသောက်သေးဘဲ ၄ နာရီလောက် ဆီးအောင့်ထားပြီး သွားတဲ့ဆီးလည်း ရတယ်။ ကိုယ်ဝန် ၄-၅ ပတ် ရှိနေသူဆိုရင် ဘယ်အချိန်သွားတဲ့ဆီးဖြစ်ဖြစ်ရတယ်။ တချို့ဆေးညွှန်းတွေက ၇ ရက်တပတ် စောင့်ခိုင်းတယ်။ ၇ ရက်အကြာ တခါထပ်စစ်လို့ အနုတ် ဖြစ်နေမယ်၊ ရာသီလည်းမလာသေးရင် ဆရာဝန်စမ်းဘို့လိုမယ်။ (အာလ်ထွာင်းဆောင်း) ရိုက်ချင်ရိုက်မယ်။ 

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ