Medicine and Math ဆေးပြားကို ခြမ်းသင့် မသင့်

ဆရာရှင့် ဒီနေ့ Facebook မှာတင်ထားတာတွေ့လို့ သိချင်လို့ပါ။ ဆေးကိုချိုးပြီး စိပ်ပိုင်းပြီး မသောက်သင့်ဘူးဆိုတာ မှန်ပါလားရှင့်။ ကျွန်မလည်း တခါတရံ ဆေးလုံးကြီးတဲ့အခါ လည်ချောင်းထဲမှာ တစ်နေသလိုခံစားရလို့ လေးစိပ်ခွဲပြီး သောက်လေ့ရှိပါတယ်။ ပြီးတော့ ကျွန်မအဖေကို ရန်ကုန်မှာ အထူးကုဆေးခန်းမှာပြတဲ့အခါမှာလည်း ဆရာဝန်က 25mg အားပါတဲ့ဆေးသောက်ဖို့ညွှန်းပေမယ့် ဆေးအရောင်းကောင်တာက မရှိတဲ့အခါမှာ 50mg ပေးပြီး တခြမ်း သောက်ခိုင်းပါတယ်။ တခြားဆေးတွေလည်း အဲဒီလိုမျိုးခဏခဏပေးပါတယ်။ ကျေးဇူးပြုပြီး ညွှန်ကြားပေးပါဆရာ။ 

ပို့ပေးတဲ့ ဖေ့စ်ဘွတ်ပါစာကို မတင်တော့ပါ။ တချို့ကလုံးစေ့ပတ်စေ့မဖတ်ပဲ အဲတာမျိုးပဲ အမှန်ယူသွာတတ်ကြတယ်။ သတ်ပုံအမှား နမူနာတွေလည်း မတင်ပါ။ ကွန်မင့်မှာလာတင်တိုင်း ဖျက်တယ်။ 

ဆေးကို တဝက်၊ တစိတ်ခွဲခြမ်းသောက်သင့် မသောက်သင့်တဲ့။ ဒီမေးခွန်းအတွက် ဆေးသုတေသန ရှာရမလွယ်၊ ကျွန်တော်က မဟောသဓလည်းမဟုတ်ပါ။ ဆေးဆိုတာ သင်္ချာမဟုတ်ပါလို့ ပြောလိုက်သူဟာ ဆရာဝန်တော့ ဟုတ်ပုံမရပါ။

ထိုးဆေးနဲ့ ဆေးရည်မဟုတ်တဲ့ စားဆေးမှာ Pill ဆေးလုံး၊ Tablet ဆေးပြားနဲ့ Capsule ဆေးတောင့်လို့ရှိတယ်။ ခုခေတ် ပြည်တွင်းမှာ ဒုံးပျံဆိုတာ မေးခွန်းတွေထဲမှာပါလို့သိတယ်။ စအိုလမ်း (ကန်တော့ပါ) ထဲထည့်ရတဲ့ဆေးတောင့်။ Suppository ခေါ်ပါတယ်။ တဆက်တည်းပြောရရင် Vaginal tablet/suppository မွေးလမ်း (ဗဂျိုင်းနား) (ကန်တော့ပါ) ထဲထည့်ရတဲ့ ဆေးကလည်းရှိသေးပါတယ်။ အဲတာတွေကို ထက်ခြမ်းမခြမ်းရ၊ လေးစိတ်မစိတ်ရဆိုတဲ့ ဥပဒေသ (သို့) ဥပဒေကဲ့သို့ အဏာတည်သောအမိန့် မရှိပါ။

အဲတာက ယေဘုယျပြောတာပါ။ ဆေး တခုချင်းစီနဲ့ လူနာတဦးချင်းကိုကြည့်ရပါမယ်။ (၁ဝဝ) မီလီဂရမ်ပါတဲ့ဆေးပြားကို (၅၀) မီလီဂရမ်သာ သောက်ရမှာမို့ တဝက်ခြမ်းတာ ရပါတယ်။ ကလေးဆေးရည် လက်ဖက်ရည်ဇွန်းတဝက်သာတိုက်သလို သဘောထားနိုင်ပါတယ်။ ဆေးပြားကြီးလွန်းလို့ လည်ပင်းတစ်မှာ စိုးရိမ်တာလည်း အမှန်ဖြစ်တယ်။

(ကက်ပစူးလ်) လို့ခေါ်တဲ့ဆေးတောင့်ကတော့ ဒီဥပဒေသနဲ့ မကိုက်ပါ။ အဲတာလည်း မလုပ်နဲ့တော့ မဟုတ်ပါ။ အများအားဖြင့် (၂၅၀) မီလီဂရမ်ပါတာကို အသက်ငယ်လို့ (၁၂၅) မီလီဂရမ်သာတိုက်ချင်ရင် ဆေးတောင့်အခွံကိုခွါပါ၊ အထဲကဆေးမှုံ့အကုန်ထုတ်ပါ။ ထုတ်နေရင်း နှာခေါင်းကတော့ လေမှုတ်မထုတ်မိစေနဲ့။ ဆေးမှုံ့တွေလွှင့်စင်သွားရင် ဆေးအလေးချိန်နည်းမယ်။ သတိထားရမှာက အဲလိုဆေးတောင့်နဲ့လာသမျှ အထဲကဆေးမှုံ့ဟာ ခါးတယ်။ အဝင်ဆိုးတယ်။ ချိုတာနဲ့ရောတိုက်ရင်ရတယ်။

သကြားအုပ်ဆေးပြား-ဆေးလုံးဆိုရင် ထက်ခြမ်းခြမ်းရခက်တယ်။ အပေါ်ကအုပ်ထားတဲ့ အချိုဓါတ်အတွင်းမှာ အဝင်ခက်တာ (ခါးတာ၊ သံချေးစော်နံတာ) ဖြစ်လို့ အဲတာကို ကျော်လွှားတတ်ရမယ်။

နောက် ငါးကြီးဆီလို၊ အိုမီဂါသရီးလိုဆိုရင် တဝက်လုပ်ရတာ လက်ဝင်တယ်။ မဖြစ်သလောက်ခက်တယ်။

နောက် HIV ဆေးလိုမျိုးမျာ ဆေး အနည်းဆုံး ၂ မျိုးကိုတခါတည်းတွဲထားလို့ တဝက်မလုပ်သင့်ပါ။ တီဘီဆေးဆိုရင်လည်း တွဲထားတာမျိုးလာတတ်တယ်။ အဲတာမျိုးကို မလုပ်သင့်ပါ။ ပိုးသေဆေးတွေကတော့ တိကျဘို့လိုတယ်။

နောက် ဗဂျိုင်းနားထဲထည့်တဲ့ဆေး။ အဲတာက တမျိုးတဘာသာ။ အဲလိုဆေးဟာ ဗဂျိုင်းနားထဲထည့်လိုက်ရင် ကိုယ်အပူချိန် နဲ့တွေ့လို့ ဆေးက တဖြေးဖြေးနဲ့ အရည်ပျော်လာရမယ်။ အရည်မပျော်ပဲဆေးပြန်ထွက်တာ တကယ်ရှိတယ်။ အဲတာကြောင့် (ဗဂျိုင်းနယ် တက်ဘလက်) ကို မထည်ခင် ရေသန့်သန့်နဲ့ စိုစွတ်အောင် (၅) မိနစ်လောက် လုပ်ထားခိုင်းရသေးတယ်။ ပြီးမှထည့်ရတယ်။ ဆေးခန်းမှာလာလုပ်တာမျိုးကို တခါတလေ ဆေးကိုသေးအောင်စိတ်ပြီးမှ ထည့်ပေးရပါတယ်။

မေးတဲ့သူပို့ပေးတဲ့စာထဲပါ နိုင်ငံခြားသားပြောတဲ့ သင်္ချာ။ ဆေးမှန်သမျှတိကျရတာတော့ မှန်တယ်။ မီလီဂရမ်နဲ့ချိန်ပြီး ဆေးပေးတယ်။ Cytotec (Misoprostol) ကိုယ်ဝန်ဖျက်ဆေးဆိုရင် မိုက်ကရိုဂရမ်နဲ့ချိန်ရတယ်။ မစ္စတာတိကျထက် သာတဲ့ ဒေါက်တာတိကျကပြောပါမယ်။ လူကြီးဆေးကို လူကြီးတိုင်းပေးတာ မမှန်သေးပါ။ ဆေးဆိုတာ လူ့အသက်အရ ပေးရတယ်ဆိုတာ မမှန်ပါ။ ကိုယ်အလေးချိန်နဲ့ချိန်ပေးရတယ်။ တချို့ဆေးကို ကိုယ်ထုထည်၊ မျက်နှာပြင်ဧရိယာနဲ့ တွက်ယူပြီးမှ ဆေးအလေးချိန်သတ်မှတ်ရတယ်။ ဥပမာ ကင်ဆာဆေးတချို့။ ကိုယ်ဝန်တားဆေးပြားတွေ ၁ဝဝ% အကာအကွယ် မပေးနိုင်ပါ။ ဆေးသောက်နည်းမမှန်လို့မဟုတ်ပါ။ အဝလွန်းသူတွေအတွက် တားဆေးပါဟော်မုန်းက နည်းနေလို့ပါ။

သင်္ချာလိုတွက်နည်းမှာ မှားတာရှိတယ်။ ဗီတာမင်ဘီ (၁၂) ရအောင်၊ ဗီတာမင် ဘီ (၆) ကို (၂) လုံးပေါင်းထိုးလို့မရပါ။

ချုပ်လိုက်ရင် ရွှေချိန်သလိုထိ တိကျတာကောင်းတယ်။ အဲတာ သီအိုရီပါ။ ကျွန်တော်တို့လိုဆရာဝန်တွေက ဓါတ်ခွဲခန်းနဲ့ ဆေးစာအုပ်ထဲမှာ မနေကြရပဲ လူနာတောထဲမှာသာနေရသူတွေဖြစ်လို့ လက်တွေ့ကျမှရပါတယ်။ ဆေးဝယ်လို့ရတာက (၄ဝ) မီလီဂရမ်၊ ပေးချင်တာက (၂ဝ) မီလီဂရမ်ဆိုရင် (၁) ဆေးအသောက်မခိုင်းတာနဲ့ (၂) ဆေးတဝက်သောက်ခိုင်းတာ ဆုံးဖြတ်ချက်ပေးရတတ်ပါတယ်။ ၄ဝ အားမရရအောင် လိုက်ရှာလို့တော့ မပြောပါ။ တချို့ကျန်းမာရေးပညာပေးသူတွေက လွန်လွန်းတယ်။

ဒေါက်တာတင့်ဆွေ

၃-၇-၂၀၁၆

Comments

Popular posts from this blog

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ