Beauty Questions (3) လှချင်ရက် စက်စက်ယို (၃)

(ကန်တော့)

ကိုယ်ခန္ဓာအချိုးအစားလှအောင်၊ ရင်သားဖွံ့ဖြိုးအောင် ဆေးသောက်လို့ရတယ်လို့ ကြားဖူးပါတယ်။ အကျိုး-အပြစ်တွေကို သိချင်ပါတယ်ရှင်။ လေ့ကျင့်ခန်းလုပ်ဖို့ အဆင်မပြေလို့ပါရှင်။

အမေမွေးပေးထားတဲ့ ရုပ်အင်္ဂါကို ပြင်ချင်တာဟာ အခက်ဆုံးတွေထဲမှာပါတယ်။ ဒါကို ဆရာဝန်ကပြောတာပါ။ ဆေးပေးမယ်၊ နည်းလမ်းပေးမယ်၊ ခွဲစိတ်ပေးမယ်။ ခွဲစိတ်တာကိုတော့ ဆရာဝန်ဘက်က ပိုင်ပိုင်နိုင်နိုင် လုပ်နိုင်တယ်။ ကျန်တာကို လိုက်နာရမှာက ကာယကံရှင်ဖြစ်တယ်။ ညွှန်းတဲ့ဆေး သောက်တာ၊ လေ့ကျင့်ခန်းလုပ်တာ၊ ရှောင်စရာ-ဆောင်စရာတွေကို လိုက်နာဘို့ကတော့ ကောင်းချင်၊ ပျောက်ချင်သူတွေကသာ လုပ်ကြရမယ်။ ဆရာဝန်တွေမှာက လုပ်ပေးနိုင်တာထက် လုပ်မပေးနိုင်တာတွေက ပိုများမလားဘဲ။ 

ပိန်ချင်၊ ဝချင်၊ လှချင်၊ ရှည်ချင်၊ ဖြူချင်၊ ညိုတိုတို ဖြစ်ချင်၊ သေးတာကိုကြီးချင်၊ ကြီးတာကိုသေးချင် လိုအင်ဆန္ဒတွေ လူမျိုးတိုင်းမှာရှိတယ်။ ကျား-မ မရွေးလဲရှိတယ်။ အရွယ်မရွေးလဲ ရှိသေးတာဘဲ။ ဖြစ်ချင်သူကို အပြစ်မြင်စရာ မရှိသင့်ကြပါ။ ဆရာဝန်ညွှန်တာကို ရချင်တာလဲ ကောင်းတာဘဲ။ အကျိုး-အပြစ် သိချင်တာလဲ ပညာရှိရာကျတယ်။ 

ကြွက်သားကိုတော့ ဖွံ့ထွားစေဘို့ မခက်လှပါ။ အလေးမသူတွေသာ ကြည့်ပါ။ ကြွက်သား မဟုတ်တဲ့ အရိုး၊ အဆီ နဲ့ တခြား (တစ်ရှူး) တွေကို ဖွံ့ထွား၊ များပြားလာဘို့ လေ့ကျင့်ခန်းနဲ့တော့မရပါ။ ရင်သားက ကြွက်သားမဟုတ်ဘူး။ အထောက်အကူ ပြုနိုင်တာတွေတော့ ရှိပါတယ်။ ဒါကြောင့် ရင်သား၊ တင်ပါးအတွက် နည်းတွေ ရေးထားပါတယ်။ မေးတဲ့သူက အခြေအနေ မပေးလို့ လေ့ကျင့်ခန်း လုပ်မရတော့ ခက်ပြန်ပေါ့။ ခက်တာကိုရအောင်ယူနိုင်ရင် လူတော်လို့ ဆိုကြတာမို့ တော်ချင်လိုက်စမ်းပါ။ တခုလေးတော့ သတိပေးပါရစေ။ ဖြစ်သင့်တာကိုသာ ရချင်သင့်တယ်။ မရနိုင်တာ၊ မရသေးတာအတွက် စိတ်ပျက်မနေပါနဲ့။ ကံတရားအားကိုးနိုင်သေးတာဘဲ။ ကံကောင်းချင်ရင် စိတ်ကောင်းအရင်မွေးပါ။

ဆေးပဲသောက်ချင်သူကမေးလို့ ဆေးကိုသာ အဓိကထားရေးပါရစေ။ ဆေးတွေလဲရှိပါတယ်။ (အေလိုပက်သစ်) ဆေး၊ (ဟိုမီယိုပက်သစ်) ဆေး၊ (အာယုဗေဒ) ဆေး၊ တိုင်းရင်းဆေး၊ (ဟာဗယ်) ဆေး၊ တရုပ်ဆေး၊ အိန္ဒိယဆေး၊ အစုံပါဘဲ။ ကြော်ညာတွေက အများကြီး။ တခြားဆေးနည်းတွေကို သင်မထားရလို့ မပြောနိုင်ပါ။ ကိုယ့်ဆေးပညာနဲ့ ဆိုင်တာဘဲ ရေးပါမယ်။

Anabolic steroids (အင်နာဘောလစ်-စတီရွိုက်) တွေရှိတယ်။ ၁၉၃ဝ ကျော်ကတည်းက သုံးလာတယ်။ ဆေးကုရာမှာ အသုံးပြုနိုင်တာတွေက 

- Bone marrow stimulation ရိုးတွင်းခြင်ဆီ စေ့ဆော်ပေးခြင်း၊

- Growth stimulation ကြီးထွားစေအောင် စေ့ဆော်ပေးခြင်း၊

- Stimulation of appetite and preservation and increase of muscle mass စားချင်စိတ်ကဲစေပြီး၊ ကြွက်သား ထုထည် ကြီးစေခြင်း၊ 

- Induction of male puberty ယောက်ျားလေး စောစော လူပျိုဖြစ်စေခြင်း၊ 

- Male contraception (Testosterone enanthate) ယောက်ျားသုံး သားသမီးမရဆေး၊

- Stimulation of lean body mass and prevention of bone loss in elderly men ကိုယ်ခန္ဓာသေးနေသူတွေကို စေ့ဆော်ပေးခြင်း နဲ့ အသက်ကြီးသူတွေမှာ အရိုးပျက်စီးတာ သက်သာစေခြင်း၊

- Hormone replacement for men ယောက်ျား-ဟော်မုန်း အစားထိုးကုသခြင်း၊

- Gender Identity Disorder ယောက်ျား-မိန်းမ ပီသစေခြင်း၊

တလွဲ အသုံးပြုနေတာလဲရှိတယ်။ အမေရိကားမှာ လူဦးရေရဲ့ ၁% ဟာ ဒီဆေးမျိုးကို တလွဲသုံးနေကြတယ်။ လူလတ်တန်းစားတွေကနေ အားကစား ပြိုင်ပွဲဝင်ဘို့မဟုတ်ပဲ ကိုယ်ခန္ဓာလှချင်လို့ လုပ်ကြတာဖြစ်တယ်။ ဒီဆေးမျိုးသုံးသူတွေဟာ မီဒီယာမှာ ဖေါ်ပြတာတွေကို ကြည့်-ဖတ်ပြီး စိတ်ထဲ တလွဲထင်မှတ်နေကြတယ်။ အားကစား နယ်ပယ်မှာတော့ ယောက်ျားတွေရော မိန်းမတွေပါ ကိုယ်ကာယ၊ အလေးမ၊ သံလုံးပြစ်၊ ပြေး-ခုန်-ပြစ်၊ စက်ဘီးစီး၊ (ဘေ့စ်-ဘောလ်)၊ နဘမ်းသတ်၊ သိုင်း၊ လက်ဝှေ့၊ ဘောလုံး၊ ခရစ်ကက်၊ အားကစား နည်းတွေမှာ သုံးကြတယ်။ 

ဒီလို လူမျိုးတွေထဲက ၅၆% ဟာ ဆရာဝန်တွေ ပြောတာကို မယုံကြဘူး။ ဆေးတွေကို လူသာမက တိရစ္ဆာန်တွေကိုပါ သုံးတာရှိတယ်။ ဆိုင်ကကြက်သား ဝယ်မစားရဲအောင် တချို့နေရာတွေမှာ ဖြစ်နေပြီ။ မြန်မာတွေကတော့ အကောင်အတွက်ဆေး လူသုံးလို့ အကောင်နဲ့ တူသူတွေ မျက်စေ့အောက်မှာတင် ရှိတယ်။ သဘာဝ ဟော်မုန်း (၃) မျိုး Estradiol, Testosterone, Progesterone နဲ့ တည်ဆောက် ဟော်မုန်း ၃ မျိုး Estrogen compound zeranol, Androgen trenbolone acetate, and Progestin melengestrol acetate တွေကို တိရစ္ဆာန်တွေကို အသားတိုးအောင် ထိုးပေးတယ်။ 

Bodybuilding drug ကိုယ်ခန္ဓာ သန်မာကြံ့ခိုင်အောင် သုံးကြတဲ့ဆေးတွေကို ဆရာဝန်တွေတောင်မှ အံ့သြရတယ်။ ဆေး နမူနာ (၃) ခုရေးပြပါမယ်။ (၁) Lasix ဆီးဆေးလို့ အလွယ်ခေါ်တဲ့ ကိုယ်ရောင်နေသူ၊ သွေးတိုးရှိသူ၊ နှလုံး အလုပ် မလုပ်နိုင်သူတွေကို ပေးတဲ့ဆေး။ (၂) Cytomel ဆိုတာ လည်ပင်းကြီးဆေး ဖြစ်တယ်။ (၃) (HCG) အလွယ်ပြောရင် အချင်းဟော်မုန်း။ အများနားလည်အောင် ပြောရရင် ကိုယ်ဝန်ရှိ-မရှိစစ်တယ်ဆိုတာ ဆီးထဲ-သွေးထဲမှာ ဒီဟာ ပါနေ-မနေ စစ်တာဖြစ်တယ်။

Breast augmentation ရင်သားကို ခွဲစိတ်ပြုပြင်နည်းတွေလဲရှိတယ်။ Breast implant ရင်သားအတုထည့်တာ နဲ့ Fat-graft mammoplasty procedures အဆီကို နေရာပြောင်းထည့်ပေးတာတွေဟာ ရင်သား မလှတာကို လှစေဘို့၊ ပိုပြီး အရွယ်အစားကြီးစေဘို့ နဲ့ ထိတွေ့မှုမှာ သာစေဘို့ အတွက်လုပ်တယ်။ ရင်သားခွဲစိတ်ပြုပြင်နည်းတွေမှာ Saline-filled (စေလိုင်း) သုံးနည်း နဲ့ Silicone-filled prosthetic breast (စီလီကွန်) သုံးနည်း လုပ်နိုင်တယ်။ Post–mastectomy ရင်သား ခွဲစိတ်ထုတ်ထားရသူတွေကို Breast reconstruction ရင်သား အသစ်တပ်ပေးတာ လုပ်နိုင်တယ်။ ရင်သား ဝိုင်းစက်-ဖေါင်းကြွနေတာ ဓါတ်ပုံမှာ အသားပေးထားရင် အဲဒါသာမှတ်။

အပြင်ပမ်း ကြည့်ပြီး ရုပ်လှ-မလှ စသဖြင့် အကဲဖြတ်လေ့ရှိတယ်။ အမြင်မှာ သာစေဘို့ အခုအခံလဲ လုပ်ကြပါတယ်။ Camouflage ခေါ်တယ်။ ပုံဖျက်ထားတာပေါ့။ အမှန်က သူများအမြင်ကို အာရုံပြောင်းစေနည်းတွေ ဖြစ်ပါတယ်။ ဒီအရေးမှာ (စပါယ်ရှယ်လစ်) တွေ ပြောတာက ရင်သားကို ပိုကြီးချင်သူအရေအတွက်နဲ့ ကြီးနေတာကို သေးချင်သူ အရေအတွက် မကွာဘူးတဲ့။ 

ရင်သားကြီးနေတာကို ဆေးမပါ၊ ဆရာဝန်မပါဘဲ လှည့်စားနည်းတွေ ရှိပါတယ်။ 

• Baggy and wavy blouses ချောင်ကျပြီး လှိုင်းထနေတဲ့ အဝတ်အစား ရွေးဝတ်ပါ။

• Classic dark, black or navy blue အနက်ရောင်၊ အရောင်ရင့်၊ (နေဗီ-ဘလူး) ဝတ်ဆင်ပါ။

• Avoid exposing it ကိုယ့်ဟာကို သူများကို မမြင်သာပါစေနဲ့။

• Tops with higher collar and neckline ကော်လာပါတာ ဝတ်ပါ။ လည်မဟိုက်စေပါနဲ့။ ဆွဲကြိုးဝတ်ပါ။ ပုလဲပုတီးဆွဲပါ။

• Stripes and different patterns အစဉ်းကြောင်းပါတဲ့ (ပက်တန်) မတူတဲ့ အဆင်ရွေးဝတ်ပါ။

• Seamless bra (ဘရာစီယာ) အခွက်ဝိုင်းမှာ ဘာအစဉ်း၊ ဒီဇိုင်းမှမပါဲ့ ပြောင်ချောနေတာ ဝတ်ပါ။

• လူကပိန်ပြီး ရင်သားကထွားနေသူဆိုရင် အောက်က Skinny jeans ဂျင်းဘောင်းဘီ ကြပ်တာဝတ်ပါ။ ကြည့်တဲ့သူ မျက်စိကို တနေရာလွှဲစေပါ။ ဒီတော့ ရင်သားသေးနေသူတွေက ပြောင်းပြန်ယူက ရမလားဘဲ။ 

ကိုယ်ခန္ဓာ အချိုးအစားကျဘို့ရာ တကယ်လိုပါတယ်။ မိန်းမတွေအလှကို ခါးသေး-ရင်ချီလို့ သတ်မှတ်သေးရင် ရင်နဲ့ တင်ကို ပြင်ဘို့ လိုမယ်။ ရင်သားဟာ ရင်ခေါင်းပိုင်း အရိုးစုအပေါ်မှာရှိတယ်။ တင်ဆိုတာ ဘေးကားတာနဲ့ နောက်ကော့နေတာဟာ အရိုးပုံပန်းအပေါ် မူတည်တယ်။ လူကိုယ်ခန္ဓာဟာ အရိုးပေါ်မှာ တည်ဆောက်ထားတယ်။ အရိုးကို အလှအပအတွက် ပြင်ပေးဘို့ရာ မရသလောက်ခက်ပါတယ်။ ခေမာမိဖုရားကြီး တရားချွတ်ခန်းပန်းချီ တွေ့ဘူးသူများမှာပါ။ အရိုးပဒေသာ ပေါ်ကနေ ကြွက်သားတွေ၊ အရွတ်တွေ၊ အဆီတွေ နဲ့ အပေါ်ကနေ အရေပြား ဖုံးထားတယ်။ အတွင်းထဲမှာ အင်္ဂါအစိတ်အပိုင်းတွေရှိတယ်။ 

လှချင်သူတွေက အလှဗေဒ နားလည်ကြမယ်ထင်ပါတယ်။ (ဗီးနပ်စ်) ဂရိလက်ရာ ရုပ်ထုဟာ သမိုင်းမှာ အချစ်နဲ့ အလှကို ကိုယ်စားပြုတယ်။ လက်တွေ ပြတ်နေတာတောင် ခုထိ တန်ဘိုးထားတုံးဘဲ။ သတိပြုဘို့က ခါးမသေးပါ။ ရင်ကလဲ သူလိုကိုယ်လိုပါ။ သက်ရှိလူတွေကို လှတယ်လို့ သတ်မှတ်တာတော့ ရုပ်တုတွေနဲ့ မတူနိုင်ပါ။ ကိုယ်နေဟန်ထား၊ အဝတ်အစား၊ မျက်နှာပေး၊ မူယာ--မာယာ၊ စတာစတာတွေနဲ့ အလှကို အသက်ဝင်စေနိုင်တယ်။ ဖက်ရှင် ဘန်းစကားတခု ဖြစ်တဲ့ Catwalk လျှောက်လမ်းမှာ လမ်းလျှောက်ပြရတဲ့ ဖက်ရှင်မယ်တွေဟာ အသစ်ပေါ် အဝတ်အစား၊ အသုံးအဆောင်တွေဝတ်ပြီး၊ အင်မတန် ပိန်ပါးပြီး တအားအရပ်ရှည်ကြရတာကို စံလို့ သတ်မှတ်ထားတယ်။ ရင်မထွားတာလဲ တန်ဘိုးတရပ် မဟုတ်ပါလား။ 

ဗီတာမင် (ဘီ) တွေက အာရုံကြောအတွက် ကောင်းတယ်။ ဆီးချိုရှိနေသူတွေ ခြေလက် ထုံတာဟာ B6 နဲ့ B12 နည်းလို့ ဖြစ်တယ်။ B1 ဟာ စိုးရိမ်စိတ်ကို သက်သာစေတာက အာရုံကြောတွေအပေါ် သက်ရောက်လို့ ဖြစ်တယ်။ E လဲနည်းရင် အာရုံကြောရောဂါ ရစေနိုင်တယ်။ ဗီတာမင် (စီ) ကလဲ စိုးရိမ်စိတ်ကို သက်သောစေတဲ့အပြင် ဦးနှောက်-ဓါတုအလုပ် နဲ့ (အဒြီနယ်-ဂလင်း) တွေကို ကူညီတယ်။ ဓါတ်ဆားတွေထဲက (ကယ်လ်စီယမ်) နဲ့ (မဂ္ဂနီဆီယမ်) တွေလဲ အာရုံကြောတွေအတွက် လိုတယ်။ 

ကြွက်သားတွေအတွက်လဲ ဗီတာမင်တွေက အရေးပါတယ်။ A ကနေ ကြွက်သားတွေ တင်းအားနည်းတာကို ကူညီမယ်။ B နည်းရင် အားယုတ်ပြီး ကြွက်သာတွေနာနေမယ်။ B-1 နည်းရင်၊ B-6 နည်းရင်၊ B-12 နည်းရင် ကြွက်သားတွေ အားယုတ်နေတယ်။ B-12 က ကြွက်သား ပြန်အသစ်ဖြစ်တာ ကူညီမယ်။ E ထဲမှာ ကြွက်သားပျက်စီးတာပြင်ဘို့ အသုံးကျတယ်။ C ကလဲ ကြွက်သား ထိခိုက်တာအတွက် ကောင်းတယ်။ နည်းရင် တင်းအားနည်းမယ်။ D က ကြွက်သား အကွေး-အဆန့် အတွက်လိုတယ်။ D အလွန်နည်းရင် ကလေးတွေမှာ အရိုးပျော့ရောဂါ ဖြစ်မယ်။ လူကြီးတွေမှာ အရိုးမသန်တာ ဖြစ်မယ်။ 

အရေကြီးဆုံးတခုနဲ့ နိဂုံးချုပ်ပါမယ်။ ကိုယ်ခန္ဓာအချိုးအစား၊ အဝတ်အစား၊ တန်ဆာပလာ၊ လူနေဟန်၊ စတာတွေရဲ့ အတွင်းဘက်မှာ မမြင်ရတဲ့အလှဆိုတာ သိကြတဲ့အတိုင်း စိတ်အလှဖြစ်ပါတယ်။ ဆရာဝန်မတတ်နိုင်ပါ။ ကိုယ်တိုင်တော့ ကောင်းကောင်း မွေးမြူ၊ သင်ယူ-ကျင့်ဆောင်နိုင်ကြပါတယ်။ မမြင်ရတဲ့အလှဆိုတာ မကြည့်ဘဲလည်း သိနိုင်ကြတယ်။ အရာတိုင်းမှာ လှကြပါစေ။

Dr. တင့်ဆွေ

၇-၉-၂၀၁၇

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Colorectal cancer အူမကြီး ကင်ဆာ

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ