Alkaline water အယ်လ်ကာလိုင်းရေ

ဆရာရေ Alkaline water နဲ့ပါတ်သက်ပြီး သိချင်တာလေးမေးချင်လို့ပါ၊ ဒီရေသောက်ရင် ကျန်းမာရေးအတွက် ပြီးပြည့်စုံတဲ့ စိတ်ချရမှု ရှိမရှိသိချင်လို့ပါ။ ကျေးဇူးပြုပြီး ဆရာအနေနဲ့ သိထားတာလေးတွေရှိရင် ဖြေကြားပေးစေလိုပါတယ်။ တဆက်တည်းမှာပဲ လက်ရှိကျန်းမာနေတဲ့လူ တယောက်အနေနဲ့ ကြိုတင်ကာကွယ်မှုအနေနဲ့ ဒီရေကိုသောက်ရင် Ph ဘယ်အဆင့်သောက်သင့်ပါသလဲ၊ ကျေးဇူးပါ။


မေးခွန်းမှာ (ပြီး) လို့ရေးရမှာကို (ပီး) တွေဖြစ်နေလို့ သတ်ပုံတွေကို ပြင်ထားပါတယ်။ အရင်ကမေးတာရှိလို့ ဖြေထားတာရှိတယ်။


ဆရာရှင့် Alkaline water သောက်ပြီး ကိုယ်အလေးချိန်ချလို့ရတယ်လို့ သိရပါတယ်။ alkaline water အကြောင်း သိပါရစေ။


ရေကျန်းမာရေးဥပဒေသ = လူအားလုံးအတွက် ရိုးရိုးရေသန့်ဟာ အကောင်းဆုံးဖြစ်တယ်။


Alkaline water အယ်လ်ကာလိုင်းရေဆိုတာ တိုင်းတာရင် pH ပိုများတာကိုခေါ်တယ်။ ဒါကြောင့် သွေးထဲက အက်စစ်ဓါတ်ကို ပိုပြီးချေဖျက်နိုင်မယ်လို့ ယူဆကြတယ်။ တချို့က အိုစာတာကိုနှေးစေမယ်အထိပြောကြတယ်။ တချို့ လေ့လာမှုအရ အရိုးအားနည်းတာ သက်သာစေတယ်ဆိုပါတယ်။ ဒါပေမယ့် ဆရာဝန်တွေအားလုံးလက်ခံတဲ့ ကောက်ချက်ချလို့ မရသေးပါ။ အယ်လ်ကာလိုင်းရေနဲ့ ကိုယ်အလေးချိန်ချဘို့ လေ့လာမှုမတွေ့သေးပါ။ မဟုတ်လောက်ပါ။ အထင်တွေအားလုံးကို သက်သေမပြနိုင်သေးပါ။


အဲလိုရေထဲမှာ ကယ်လ်စီယမ်၊ စီလီကာ၊ ပိုတက်ဆီယမ်၊ မက်ဂနီဆီယမ်နဲ့ ဘိုင်ကာဗွန်နိတ်ပိုပါတယ်။ အက်စစ်ဓါတ် များသူတွေမှာ နှလုံးရောဂါ၊ ဟော်မုန်းမမှန်တာ၊ ကြွက်သားနဲ့အရိုးရောဂါတွေပိုဖြစ်တယ်။ ဒါကြောင့် အယ်လ်ကာလိုင်းရေက ပိုကောင်းမယ်လို့ ထင်မှတ်တာဖြစ်တယ်။


လူ့ကိုယ်ခန္ဓာဟာ အစဉ်သဖြင့် အက်စစ်ဓါတ်နည်းနည်းလေးကဲစေအောင်ထိန်းထားပါတယ်။ နာတာရှည်အက်စီဒိုးဆဟ်လို့ ပြောနိုင်တယ်။ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေက တခုနဲ့တခုမတူတဲ့အက်စစ်ဓါတ်တွေရှိကြတယ်။ အဲတာကပုံမှန်ဖြစ်တယ်။ ပြောင်းသွားရင် ရောဂါရမယ်။ ဥပမာ မွေးလမ်းကြောင်းဟာ အက်စစ်ဓါတ်ပါလို့ တော်တော်တန်တန်ရောဂါပိုးမဝင်နိုင်ပါ။


ကျောက်ကပ်မကောင်းသူကို အဲလိုပုံမှန်သောက်နေကြရေမဟုတ်တဲ့ အယ်လ်ကာလိုင်းရေပေးမိရင် ပိုဆိုးစေပါမယ်။

ပြောင်းပြန်ပြောရရင် အားကစားသမားတွေနဲ့ ကိုယ်လက်လေ့ကျင်ခန်းလုပ်သူတွေသောက်ရင်တော့ အကျိုးပေးနိုင်တယ်။

အဲလိုသောက်ရင် ကိုယ်ထဲမှာ အရည်ပိုပြီးသိမ်းထားနိုင်မယ်။ နှလုံးသွေးကြောစနစ်မှာပိုနေနိုင်မယ်။ သတိထားဘို့က အဲလိုဖြစ်သူတွေမှာ တခြားလူတွေထက် စထုပ်ခ်ပိုရနိုင်တယ်။ အသက်သေဆုံးနိုင်တယ်။ ဟင်းသီးဟင်းရွက် လတ်လတ် ဆတ်ဆတ် စားသုံးရင် အယ်လ်ကာလီဓါတ်ပိုရပါမယ်။


အယ်လ်ကာလီရေးဖြစ်အောင်လုပ်တဲ့စက် water ionizer ရောင်းတယ်။ ဒါပေမယ့် ဓါတုပညာရှင်တွေက အလကားပဲလို့ ပြောကြတယ်။ အချုပ်ပြောရရင် အယ်လ်ကာလိုင်းရေသောက်လို့ အကျိုးတွေထူးမယ်ဆိုတာ မခိုင်လုံပါ။ သောက်လို့လည်း အန္တရယ်မဖြစ်စေပါ။


ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ

Insomnia အိပ်မရခြင်း