Varicose veins သွေးပြန်ကြောထုံးခြင်း

(ပုံအတွက် ကန်တော့)
၁။ မဂ်လာပါဆရာ ကျနော့်အမျိုးသမီး။ သွေးကြောထုံးရောဂါ ခံစားနေရတာ ၅နှစ်ကျော်ပါပြီ။ အသက်က ၄၇နှစ်ပါ။ ယခု ငရုတ်သီးအရောင်တင်မှုံ့ပါသောဟင်းလည်း စားရခက်နေပါပြီ။ ဘယ်လိုဆေးဝါး မှီဝဲသုံးဆောင်သင့်ပါသလဲဆရာ။
အစားအသောက်နဲ့ မဆိုင်။
၂။ ကျွန်မက အသက် ၃၈ နှစ်ရှိပါပြီ၊ ကလေး၂ယောက်ရှိပါတယ် သွေးကြောထုံးနေတာ ၂နှစ်ကျော်ပါပြီ အခုနောက်ပိုင်း ပေါင်ကနေ ခြေသလုံးထိ များလာပြီရှင့် ခြေထောက်တွေက လေးပြီးတော့ နာနေတာရှင့် ဒူးနောက်ပိုင်းမှာ သွေးကြောထုံးပြီး ဖောင်းလာပါတယ်ရှင့် ဆေးဘယ်လိုသုံးရမလဲ ညွှန်ပေးပါအုံးရှင့် ဆရာ
၃။ ဆရာရှင့် ကျွန်မက အသက်၃၅ နှစ်ပါ။ ညာဖက်ခြေသလုံးမှာ အကြောထုံးလေးတွေဖြစ်လာလို့ အခုတဖြည်းဖြည်းနဲ့ ခြေမျက်စိနားမှာပါတွေ့လာရတယ်။ အစကသတိမထားမိပေမယ့် ဒီမနက်အိပ်ယာ (အိပ်ရာ)နိုးတော့ ခြေထောက်ကတင်းတင်းကြီး ဖြစ်နေသလိုလိုမို့နှိပ်ကြည့်တော့ စမ်းမိတာပါ။ ခြေသလုံးကကြောထုံးကတော့ နှစ်အတော်ကြာပါပြီ။ ဘယ်လိုကုသမှုမျိုး ခံယူရမလဲသိချင်ပါတယ်ရှင့်။
ဗမာစကားမှာ အကြောဆိုတာကို အလွယ် သုံးတတ်ကြတယ်။ Nerve အာရုံကြော၊ Muscle ကြွက်သား၊ Tendon အရွတ်၊ အကုန် အကြောချည်းဘဲ ပြောတယ်။ တခါတလေ ဘာပြောတယ်ဆိုတာ မှန်းမရတတ်ဘူး။ ရှက်ကြောပြတ်တာတော့ ဆရာဝန်ရော၊ လူနာပါ အတူတူ သိကြတယ်။ တခြားလူမျိုးတွေက မသိကြရှာဘူး။
သွေးကြောဆိုတာ နှလုံးကနေ တကိုယ်လုံး ရောက်အောင်လွှတ်ပေးတဲ့ Artery သွေးလွှတ်ကြော နဲ့ ခန္ဓာကိုယ်အနှံ့ကနေ နှလုံးဆီကို ပြန်လာတဲ့ Vein သွေးပြန်ကြော ဆိုပြီး နှစ်မျိုးရှိတယ်။ Capillaries သွေးကြောမျှဉ်လေးတွေ ဆိုတာလည်း ရှိပါသေးတယ်။ မျက်စိနဲ့တော့ မမြင်နိုင်ဘူး။ Varicose veins သွေးကြောထုံးရောဂါက သွေးပြန်ကြောမှာ ဖြစ်တာပါ။
သွေးပြန်ကြော အတွင်းမှာ တဖက်သတ်သာ သွေးစီးအောင်လုပ်ပေးတဲ့ Leaflet Valves အဆို့ရှင်တွေ ရှိနေတယ်။ သွေးလွှတ်ကြောကတော့ နှလုံးက ညှစ်ပေးလို့ သွေးစီးသွားစေနိုင်ပေမဲ့၊ သွေးပြန်ကြောထဲက သွေးတွေ နောက်ပြန် မစီးအောင် သူတို့ကနေ လုပ်ပေးကြတယ်။ ဒီကောင်တွေ ကောင်းကောင်း အလုပ် မလုပ်တော့ရင် ဒီရောဂါ ရတယ်။ အမှန်က အကြောတွေ ထုံးနေတာတော့ မဟုတ်ဘူး။ ဖေါင်း-ရောင်-တွန့်နေတာပါ။ ခပ်ပြာပြာ၊ အရေပြားပေါ်မှာ ဖေါင်းကြွနေတာ။ အများဆုံး တွေ့နိုင်တာက ခြေသလုံး နောက်ဖက်မှာ။ ကြာလေ ဖေါင်းလေ။ ကြည့်မကောင်းတာအပြင် နာတတ်တယ်။ ယားတတ်တယ်။
အသက် ၅ဝ ကျော်ရင် ၂ ယောက်မှာ ၁ ယောက်လောက် အနည်းနဲ့အများ ရှိလာတတ်တယ်။ အမျိုးသမီးတွေမှာ ပိုများတယ်။ မျိုးရိုး လိုက်တတ်တယ်။ ကိုယ်ဝန်ဆောင်ရတာ၊ အဝလွန်တာ၊ သွေးဆုံးတာ၊ အသက်ကြီးတာ၊ အကြာကြီး ရပ်ရတာ၊ ခြေထောက် ခိုက်မိတာတွေကြောင့် ဖြစ်လာစေနိုင်တယ်။ Piles လိပ်ခေါင်းဆိုတာလည်း စအိုမှာ ဒီလိုသဘော ဖြစ်တာပါဘဲ။ ဒါ့အပြင် ခပ်ဆင်ဆင် Spider veins ပင့်ကူလို ဖြစ်နေတာလည်း ရှိတယ်။
ခြေထောက် ရောင်လာမယ်။ Cramps ကြွက်သား နာတာ ဖြစ်တတ်တယ်။ သူကို ခိုက်မိလို့ အနာဖြစ်ရင် ပျောက်ခဲလှတယ်။ အနာကို ခိုက်မိပြန်ရင် သွေးအလွန်ထွက်မယ်။ ခြေမျက်စိအနားမှာ ဖြစ်လေ့ရှိတယ်။ နှင်းခူနာလိုပါ ဖြစ်လာတတ်တယ်။ အသက်ကြီးသူတွေဆိုရင် Thrombophlebitis သွေးပြန်ကြောရောင်တာ ဖြစ်တတ်တယ်။ ပြဿနာ ကြီးတာက သိပ်ဆိုးမှပါ။ သွေးလျှောက်တာ နည်းလွန်းလာလို့။ လမ်းတောင် မလျှောက်နိုင်၊ မရပ်နိုင် ဖြစ်လာတယ်။ တချို့ကျအနာက Carcinoma or Sarcoma ကင်ဆာ ပြောင်းသွားတတ် သေးတယ်။
ခြေထောက်မြှင့်ထားပြီး နားပါ။ Compression stockings ကြပ်အောင်စီမံထားတဲ့ ခြေအိမ်တမျိုး ဝတ်ထားပါ။ နာတာကို Ibuprofen သောက်ရတယ်။ Aspirin ကတော့ သွေးခဲတာအတွက်ပါ ကောင်းတယ်။ အစာလမ်း သွေးမယိုအောင်တော့ သတိထားပါ။ သွေးခဲတာဖြစ်ရင် သွေးမခဲဆေး Anti-coagulation ပေးမယ်။ Thrombectomy, Foam Sclerotherapy အခဲကိုခွဲထုတ်တာ လုပ်ရတယ်။
သွေးကြောထုံးတာကို သမားရိုးကျ ခွဲစိတ်နည်းက Vein stripping ဖြစ်တယ်။ ဖြစ်တဲ့သွေးပြန်ကြောကို ခွဲထုတ်ပြစ်တာပါ။ ခေတ်ပေါ်နည်းကတော့ Ultrasound သုံးပြီး Sclerotherapy နဲ့ ရေဒီယိုလှိုင်းသုံးတဲ့ Radiofrequency ablation နောက်ပြီး လေဆာသုံးတဲ့ Endovenous laser နည်းတွေဖြစ်တယ်။ ခြေထောက်ကနေ နှလုံးဆီကို ပြန်လာတဲ့ သွေးတွေရဲ့ ၉ဝ% က အတွင်းပိုင်းက သွေးပြန်ကြောတွေကနေ လုပ်ပေးတာမို့၊ သွေးကြောထုံး ဖြစ်စေတတ်တဲ့ အပေါ်ယံ သွေးပြန်ကြောကို ခွဲစိတ်ထုတ်ပြစ်တာ ပြဿနာမကြီးဘူး။
ခြေထောက် အဖျားပိုင်းကို မြှင့်ထားပြီး နားပါ၊ ထိုင်နေရင်လည်း ခြေထောက်တွေကို ချိတ်မထားနဲ့။ အောက်ပိုင်း အဝတ်အစား ခပ်ချောင်ချောင်ဝတ်။ ထမီ နဲ့ ဂါဝန်။ စကပ်လည်းရတယ်။ မတိုစေနဲ့ အကြောထုံးတာ လူမြင်မယ်။ အဝ မလွန်၊ အလွန် မဝစေနဲ့။ ရပ်ရတဲ့ အလုပ်မှန်သမျှ ရှောင်။ မတ်တတ်ရွာကလူတွေ သတိထား။ မရပ်ရအောင် ရေတောင် မချိုးနဲ့ ရေဘဲကူး။ ရှူပေါက်ရင်လည်း ရပ်မပေါက်နဲ့။ အမျိုးသမီးတွေ အဖြစ်များတာ ဒါ့ကြောင့်တော့ မဟုတ်ဘူး။ ကိုယ်ဝန်မဆောင်နဲ့။ သွေးမဆုံးစေနဲ့။ အသက် မကြီးစေနဲ့။ Smile!
ဘလော့အဟောင်းမှာ ရှိတဲ့စာတွေ -
• Pregnancy and Varicose veins ကိုယ်ဝန်နဲ့ သွေးကြောထုံးခြင်း 
• Spider veins ပင့်ကူသွေးပြန်ကြောများ 
• Varicose Veins and Spider Veins သွေးပြန်ကြောထုံးခြင်းများ 
Dr. တင့်ဆွေ

Comments

Popular posts from this blog

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ