Brutus ဖြားယောင်းမှုကို ယုံစားခဲ့၍ ရာဇဝင်အမှောင်ထဲ တိုးဝင်သွားခဲ့ရတဲ့ ဘရူးတပ်စ်
စာရေးသူ ဤဆောင်းပါးကို မရေးမီ ညီမဖြစ်သူကို ပြောပြတော့ ညီမလုပ်သူက “မမ ဒီဆောင်းပါးကိုရေးရင်တော့ အဆဲခံရမှာ သေချာတယ်။ လူ ၁၀၀ မှာ ၉၉ ယောက်က ဆဲမှာပဲ”
“အဆဲခံရမှာစိုးလို့ဆိုပြီး ကိုယ်မှန်တယ်ထင်တာတခုကို လူတွေကို မတင်ပြရဲရင် ဒါကိုယ့်ကိုယ်ကို သစ္စာဖောက်ရာကျမှာပေါ့။ ဒီမိုကရေစီ မယုံကြည်ရာကျမှာပေါ့။ မှန်တယ်ထင်ရင် ဘယ်သူဆဲဆဲ ပြောစရာရှိရင် ပြောရမှာပေါ့”
“လူအတော်များများက အကျိုးသင့် အကြောင်းသင့် ဝေဖန်တာထက် ဗလာချည်ကြီး ဆဲတာများတယ်နော”
“ဆဲပစေလေ၊ ငါမှန်တယ်ထင်တာတော့ ပြောရမှာပဲ”
ဤသို့နှင့် ဤဆောင်းပါးကို ရေးဖြစ်ပါသည်။ ဤဆောင်းပါးကို ရေးချင်သည်မှာတော့ ကြာပါပြီ။ တွေးမိသည်မှာလည်း ကြာပါပြီ။ အချိန်မပေးနိုင်၍ စိတ်မှာ မအားလပ်၍ မရေးဖြစ်ခဲ့။ ဤစာကို ရေးရသည်မှာ ဆရာဒဂုန်တာရာကို ဦးထိပ်ထားပြီး ဆရာ့သဘောတရားလမ်းစဉ်ကို လိုက်နာခြင်းအားဖြင့် ရေးပါသည်။ ဆရာဒဂုန်တာရာသည် လူကြိုက်များအောင် စာရေးခဲ့ခြင်း မဟုတ်။ လူကြိုက်မှာ မဟုတ်ဘူးဆိုပြီး လက်ရှောင်မနေ။ သူမှန်သည်ထင်လျှင် ရဲရဲဝံ့ဝံ့ ရှေ့ဆောင်လမ်းပြရေးသားပြောဆိုခဲ့ပါသည်။ မြန်မာစာပေလောကမှာ ရတုဘုရင် နတ်သျှင်နောင်ဟု ခေါ်ဆိုကြသော စာဆိုထိပ်ခေါင် နတ်သျှင်နောင်ကို လူအတော်များများက အထူးသဖြင့် မြန်မာရာဇဝင် ဆရာများက သစ္စာဖောက်ဟု ဖော်ပြကြ၍၊ ကျောင်းတွေမှာလည်း ဆရာတွေက ဤသို့ပင် သင်ကြားခဲ့၍ အတော်များများက နတ်သျှင်နောင်ကို သစ္စာဖောက်ဟု သိထားကြသည်။
သို့သော် ဆရာဒဂုန်တာရာက “နတ်သျှင်နောက် သစ္စာဖောက်တာ ဘုရင်ကိုလား၊ ပြည်သူကိုလား”ဟု မေးပါသည်။ ဤသည်မှာ ဝေဖန်စဉ်းစားစရာပါပဲ။ ပဒေသရာဇ်ခေတ်၌ အုပ်စိုးသူဘုရင်အပေါ်မှာ သစ္စာရှိခြင်း၊ မရှိခြင်းနှင့်သာ တိုင်းတာကြသည် မဟုတ်ပါလော။ ဆရာတာရာက နတ်သျှင်နောင်ကို သစ္စာဖောက်အဖြစ် လက်မခံခဲ့ပါ။ တခါက ဆရာနှင့်အတူ သင်းမြစန္ဒီ၊ မိမိတို့ သန်လျင်မြို့ ကျိုက်ခေါက်ဘုရားအနီးက နတ်သျှင်နောင်ဂူဟု ပြောစမှတ်ပြုကြသော ချုံနွယ်ပိတ်ပေါင်းများထဲက ဂူကိုသွားခဲ့ကြသည်။ ဆရာက “မြင့်မြင့်စိန်၊ တင်တင်ဦး၊ အလေးပြုကြ”ဟုဆို၍ အလေးပြုကြသည်။ မြန်မာစာပေ၏ ကျေးဇူးရှင်တယောက် မဟုတ်ပါလား။ ဆရာဒဂုန်တာရာတို့ခေတ်က စာရေးဆရာ သမဂ္ဂက ကပြသော နတ်သျှင်နောင်ပြဇာတ်တွင်လည်း နတ်သျှင်နောင်ကို သေဒဏ်ပေးခြင်းအခန်းများ ထည့်သွင်းမဖော်ပြခဲ့ဟု ဆိုပါသည်။
ဆရာကြီးလယ်တီပဏ္ဍိတဦးမောင်ကြီး၏ “နတ်သျှင်နောင်”ဝတ္ထုတွင်လည်း နတ်သျှင်နောင်ကို အမှောင်ဘက်သို့ သိပ်မချယ်မှုန်းခဲ့။ နတ်သျှင်နောင်အကြောင်းရေးသားရာတွင် တိုက်ပွဲတွေမှာ ဦးစီးတိုက်ခိုက်ရပြီး အောင်ပွဲရသောအခါ နန္ဒဘုရင်က သူ၏သားတော်များကိုသာ ချီးကျူးပြီး ဆုတော်လာဘ်တော်များ ပေးအပ်သည်။ နတ်သျှင်နောင်ကိုမူ အရေးတယူမလုပ်ဟု ပါရှိပါသည်။ ထို့နောက် နတ်သျှင်နောင်၏ ချစ်သူ ရာဇဓာတုကလျာကို နန္ဒဘုရင်၏သားတော် အိမ်ရှေ့မင်းက အတင်းအဓမ္မသိမ်းပိုက်သည်ဟုလည်း ပါရှိပါသည်။ နတ်သျှင်နောင်ကို အဘိုးဖြစ်သူ တောင်ငူဘုရင် (ဘုရင်ဟုဆိုသော်လည်း ဘုရင်ခံအဆင့်သာ ဖြစ်သည်) မင်းခေါင်ကလည်း ပြောသွားသေးသည်။ ဟံသာဝတီသည် ယခုအုပ်ချုပ်နေသည့် နန္ဒဘုရင်အပိုင် နိုင်ငံတော်မဟုတ်၊ နောင်တော် ဆင်ဖြူရှင် (ဘုရင့်နောင်) နှင့် ညီတော် နောင်တော်များ ကြိုးစားတည်ထောင်ခဲ့သည့် နိုင်ငံတော်သာ ဖြစ်သည်။ မောင့်ဘိုးတော်များ စုပေါင်းကြိုးစားတည်ထောင်ခဲ့သည့် နိုင်ငံတော်ဖြစ်၍ မောင်တို့လဲ ပိုင်တယ်။ “မပေါ့နှင့်၊ ယောက်ျားစွမ်းအားနှင့် ရဲမာန်ကို မလျှော့ရဘူး”ဟု ဘိုးတော် တောင်ငူမင်းက မကျန်းမမာသည့်ကြားက နတ်သျှင်နောင်ကိုခေါ်၍ ပြောပြခဲ့သည်ဟု ဆိုပါသည်။ ဒါကိုလည်း နတ်သျှင်နောင် ရင်ထဲစွဲနေမည်ပင်။
ဘယ်လိုပဲဖြစ်ဖြစ်၊ သူ့ရင်ထဲမှာ မကျေမနပ်ချက်များစွာ ရှိနေမည်ပင်။ ပြီးတော့ ပဒေသရာဇ်ခေတ်မှာ မင်းတို့သည် တဦးကိုတဦး လုပ်ကြံပြီး မင်းဖြစ်ကြသည်လည်း ရှိသည်။ ဤသို့ မင်းအစဉ်အဆက် အာဏာယူမြဲဖြစ်၍ တကယ်အရည်အချင်းရှိသူတို့ မင်းမဖြစ်ရဘဲ ဘေးရောက်သွားသည်လည်း ရှိခဲ့သည်။ မင်းတုန်းမင်းပြီးလျှင် သူ့ ညီတော် ကနောင်မင်းသားသည် ခေတ်မီအတွေးအခေါ်ရှိသူ ဖြစ်သည်။ ဘုရင်ဖြစ်ထိုက်သည်ဟု ယူဆကြသည်။ သို့သော် မင်းတုန်းမင်း၏ မိဖုရားအများအပြားက မွေးဖွားလာသော သားတော်များက ထီးနန်းအမွေလုကြသည်။ ကနောင်ကို သတ်ပစ်ကြသည်။ ပဒေသရာဇ်ခေတ်မှာ ရှင်ဘုရင် ရာထူးသည် ဤသို့လျှင် အရှုပ်အထွေးရှိသည်။ တယောက်ကိုတယောက် လုပ်ကြံ၍ နိုင်သူသည် ရှင်ဘုရင်ဖြစ်ခါ ဘုရားထူးခံရမည်ဖြစ်ပြီး လုပ်ကြံမှု မအောင်မြင်လျှင်တော့ သေဒဏ် (သို့မဟုတ်) တနိုင်ငံသို့ ပြေးပုန်းခိုအောင်းရပေလိမ့်မည်။ ထိုခေတ်၏ အခြေအနေကိုက ရွေးကောက်တင်မြှောက်ခြင်းတို့ ဒီမိုကရေစီနည်းကျမဲနှင့် တက်လာသည်တို့မရှိ။ ထိုခေတ်မှာ နတ်သျှင်နောင်က လူဖြစ်လာသူ ဖြစ်သည်။ ဟံသာဝတီကို အစ်ကိုနှင့်အတူ တိုက်ပွဲဝင် တည်ထောင်ခဲ့ပါလျက် ဘုရင်ခံအဖြစ်သာ နေနေရသော တောင်ငူဘုရင်သည် သူ၏မြေးတော် နတ်သျှင်နောင်ကို သူနတ်ရွာစံခါနီးမှာကြားတာတွေ ရှိခဲ့သည်ဟု “နတ်သျှင်နောင်”ဝတ္ထုမှာ ဆရာကြီး လယ်တီပဏ္ဍိတဦးမောင်ကြီးက ရေးခဲ့ပါသည်။
ဒါတွေကို စေ့စေ့ပေါက်ပေါက် တွေးသူကတော့ နတ်သျှင်နောင်အပေါ်မှာ သစ္စာဖောက်ဟု လွယ်လွယ်ကူကူ မယူဆခဲ့ပေ။ ဒါကြောင့် ဆရာဒဂုန်တာရာက ပြောသည်။ “နတ်သျှင်နောင် သစ္စာဖောက်တာ ဘုရင်အပေါ်မှာလား၊ ပြည်သူကို သစ္စာဖောက်တာလား”ဟု။
“ရာဇဝင်အမှောင်မှာ . . . တန်ဆောင်ဆီမီးပမာ . . . အနုပညာမြောက် . . . ဆန်းစစ်နိုင်လောက် . . . စာပေရောင်ဝါ . . . ထိန်ထိန်တောက်ခဲ့တာ . . .”ဟူသော တေးတပုဒ်ကိုသာ သတိရ ကြားယောင်နေမိပါသေးသည်။
ဆရာဒဂုန်တာရာသည် စာကို လူကြိုက်များအောင်လို့ မရေးခဲ့။ အမှားအမှန် ဝေဖန်ချင့်ချိန်တတ်အောင်တော့ ရေးခဲ့သည်။ လူကြိုက်များတာ မများတာနှင့် အမှားအမှန်နှင့်တော့ မသက်ဆိုင်ပါ။ တခါကလည်း စာဖတ်ပရိသတ်တွေ ဝက်ဝက်ကွဲအောင် အားပေးခဲ့ပြီး ယနေ့ထိလည်း အောင်မြင်ဆဲဟု ဆိုရမည့် ဝတ္ထုတပုဒ်ကို ဆရာတာရာက အများနှင့်ဆန့်ကျင်၍ ဝေဖန်ခဲ့ပါသေးသည်။ ဗညားသီဟ အမည်နှင့် ဝေဖန်ခဲ့သည်။ ဤဇာတ်၏ မူရင်းမှာ ဓမ္မနှင့် အဓမ္မကို ဖော်ကျူးသော အရှေ့တောင်အာရှနှင့် အာရှမှာ သြဇာကြီးမားသောဇာတ်လမ်း ဖြစ်သည်။ စာရေးဆရာက ဓမ္မနှင့် အဓမ္မကိုဖော်ပြသော ဤဇာတ်လမ်းတွင် ဓမ္မကို မှေးမှိန်အောင်လုပ်ပြီး အဓမ္မကို အမွှန်းတင်လျှင် ကလောင်သွား ကောက်ကွေ့သွားလိမ့်မည်ဟု ရေးခဲ့ပါသည်။ ဝေဖန်သည်ဆိုသော်လည်း လူကြိုက်များတာကတော့ များတာပါပဲ။ ဝေဖန်လိုက်၍ လူမကြိုက်တော့ဟု ပြော၍မရပါ။ လူကြိုက်များခြင်းနှင့် အမှားအမှန် ဝေဖန်သုံးသပ်ပြခြင်းမှာ မတူပါ။ ဆရာဒဂုန်တာရာက အမှားအမှန် ဝေဖန်ချင့်ချိန်တတ်ရန်သာ ရေးခဲ့ခြင်း ဖြစ်ပါသည်။ ဆရာမောင်သာနိုး၏ ထင်းရှူးပင်ရိပ်စာအုပ် အမှာစာတွင် ရေးခဲ့သော “မော်ဒန်ကဗျာဆိုလို့ မူးလို့မှ ရှူစရာမရှိဘူး”ဟူသော အရေးအသားကိုလည်း ဆရာတာရာက ခင်စန်းအောင်အမည်နှင့် ကျယ်ကျယ်ပြန့်ပြန့် လေးလေးနက်နက် ဝေဖန်ခဲ့ပါသေးသည်။ ထို့ကြောင့် အမှားအမှန် ရှာဖွေဖော်ထုတ်ရေးသားခြင်းမှာ သတ္တိလည်း ရှိရမည်။ မိမိကိုယ်ကိုရော၊ စာပေအပေါ်မှာရော သစ္စာရှိရပါမည်။
ယခုလည်း ရောမရာဇဝင်တွင် “ဂျူးလီယက်ဆီဇာ”အကြောင်း ရှိတ်စပီးယား၏ပြဇာတ်တပုဒ်ကို ဖတ်မိတိုင်း ထိုဇာတ်လမ်းမှ အဓိကထင်ရှားသော ဇာတ်ဆောင်တဦးဖြစ်သူ ဘရူးတပ်စ်အကြောင်းကို တစေ့စေ့ တွေးမိပါသည်။ စာဖတ်သူ အတော်များများ ၉၉ ရာခိုင်နှုန်းလောက်ကတော့ ဘရူးတပ်စ်သည် ရောမစစ်ဘုရင် ဂျူးလီယက်ဆီဇာအပေါ်မှာ သစ္စာဖောက်သည်၊ နောက်ကျောကို ဓားနှင့်ထိုးသည်။ လူဆိုးလူမိုက် လူသတ်သမားဟူ၍ ယူဆကြသည်။ အင်္ဂလိပ်ရုပ်ရှင်ကားမှာလည်း ဘရူးတပ်စ်အဖြစ် သရုပ်ဆောင်သူကို ရုပ်ရည်ဆိုးဆိုးပုံဖော်ထားသည်။ သို့သော် တကယ်တော့ ဤဇာတ်လမ်းကို ရေးသားခဲ့သူ ရှိတ်စပီးယားကိုယ်တိုင် ဘရူးတပ်စ်ကို ဤပုံဤနည်း လုံးလုံးလျားလျား လူသတ်သမားအဖြစ် သရုပ်ဖော်ခဲ့သည်မှာ ဟုတ်ပါသလား။
ဂျူးလီယက်ဆီဇာ ဘာသာပြန်ကတော့ ဦးနုက ဘာသာပြန်သည်လည်းရှိပြီး ဆရာမန်းတင် ဘာသာပြန်ခဲ့သည်လည်း ရှိပါသည်။ ဦးနု ဘာသာပြန်ကတော့ အစအဆုံး မဟုတ်ပါ။ သို့သော် ၁၉၆၅-၆၆ လောက်က ထင်ပါသည်။ စာရေးသူ၏ ဦးလေးတို့ခေတ်က ရှိတ်စပီးယား၏ ပြဇာတ်များကို Story Retold ပုံစံ ပြန်ရေးသားထားသည်များ ရှိပါသည်။ Retold ဆိုသော်လည်း မူရင်းထံမှ အရေးကြီးသော အဓိကအချက်အလက်များ၊ ပြောစကားများ၊ ရှေးဟောင်း အသုံးအနှုန်းများကို အာဘော်မပျက်ယွင်းရအောင် ရေးသားထားသည့် စာအုပ်များ ရှိခဲ့ပါသည်။ ရှိတ်စပီးယား၏ မူရင်းအင်္ဂလိပ်စာမှာ ရှေးအသုံးအနှုန်းများကြောင့် ဖတ်ရခက်ပါလိမ့်မည်။ စာရေးသူအနေနှင့်ကတော့ ခက်ပါသည်။ အင်္ဂလိပ်စာ မကျွမ်းကျင်၍လည်း မူရင်းကို မဖတ်နိုင်ပါ။
ဤဇာတ်လမ်းတွင် ဂျူးလီယက်ဆီဇာသည် တိုက်တိုင်းအောင် ကျော်ကြားသော အောင်ပွဲရ စစ်ဘုရင်တပါး ဖြစ်သည်။ ပြည်သူပြည်သားတွေကလည်း ချီးကျူးဂုဏ်ပြုကြသည်။ ချစ်ခင်နှစ်သက်ကြသည်။ သို့သော် သူ့ကိုမလိုလားသူတစုကတော့ ရှိသည်။ သူ၏ အပေါင်းအသင်း စစ်သူကြီးတွေထဲကပဲ ဖြစ်သည်။ ဘရူးတပ်စ်သည် ဆီဇာ၏ အချစ်ဆုံးသူငယ်ချင်း။ ဘရူးတပ်စ်သည် ဆီဇာ၏ အောင်မြင်မှုအပေါ်မှာ သူဂုဏ်ယူသည်။ သူ၏ သတ္တိကို ချီးကျူးသည်။ ဆီဇာ အောင်မြင်မှုရလျှင် သူဝမ်းသာပီတိဖြစ်သည်။
ဤဇာတ်လမ်းမှာ အဓိကဇာတ်ဆောင်များမှာ ဂျူးလီယက်ဆီဇာ၊ ဘရူးတပ်စ်၊ ကပ်စီးယပ်စ်၊ မတ်အန်ထော်နီတို့ ဖြစ်သည်။ ဆီဇာကို ဤသို့လျှင် လူထုက ခြိမ့်ခြိမ့်သဲ ဂုဏ်ပြုနေခြင်းအပေါ် မလိုမုန်းထားဖြစ်နေသူတယောက်ကတော့ ကပ်စီးယပ်စ် ဖြစ်သည်။ သို့သော် ကပ်စီးယပ်စ်က ဆီဇာကို သူနှင့်အပေါင်းပါတစုချည်း လုပ်ကြံလျှင် လူထုပရိသတ်က သူတို့ဘက်ပါမှာမဟုတ်၊ လူထုက အပြစ်မြင်မည်။ ထို့ကြောင့် လူထုလေးစားသော၊ ရိုးသားဖြောင့်မတ်ပြီး သတ္တိလည်းရှိသူ၊ လူအများလေးစားယုံကြည်စိတ်ချသူ ဘရူးတပ်စ်သာပါလျှင်တော့ အောင်မြင်နိုင်သည်ဟု တွေးသည်။ ထို့ကြောင့် ကပ်စီးယပ်စ်သည် ဘရူးတပ်စ်ကို မသိမသာတမျိုး၊ သိသိသာသာတဖုံ ဖြားယောင်းသွေးဆောင်သည်။ ဘရူးတပ်၏ စိတ်ဓာတ်ကို အဆိပ်ခတ်သည်။ တကယ်ပင် ဆီဇာကို လုပ်ကြံရာမှာ အဓိက တရားခံသည် ဘရူးတပ်စ်ကို လှည့်ဖြားခဲ့သူ ကပ်စီးယပ်စ်သာ ဖြစ်သည်။ ဆီဇာသည် အာဏာရှင်ဖြစ်လာလိမ့်မည်။ ပြည်သူတွေက သူ့လက်အောက်က ကျေးကျွန်တွေ ဖြစ်သွားလိမ့်မည်။ ဒီလူ့အဖွဲ့အစည်းမှာ ဒီမိုကရေစီရှိမှာ မဟုတ်တော့ စသဖြင့် ဘရူးတပ်စ်ကို အမျိုးမျိုးသိမ်းသွင်းသည်။ လုပ်ကြံရန် ကြံစည်ကြသည်။ တခြားသူများကိုလည်း စည်းရုံးထားသည်။
ဘရူးတပ်စ်က ရိုးသည်။ ရောမကို ကောင်းစေလိုသူ ဖြစ်သည်။ ဒီမိုကရေစီကို မြတ်နိုးသူ ဖြစ်သည်။ တနေ့မှာတော့ ဆီဇာသည် လွှတ်တော်သို့ တက်လာစဉ် ကပ်စီးယပ်စ်တို့ လူတစု ဆီဇာကိုဝိုင်းပြီး လုပ်ကြံလိုက်ကြတော့သည်။ ထိုလုပ်ကြံမှုတွင် ဆီဇာ မသေခင်လေး ဘရူးတပ်စ်ကို တွေ့သွားတော့ “အော် ဘရူးတပ်စ် သင်လည်း ပါသကိုး”ဟုပြောပြီး သွေးအိုင်ထဲသို့ လဲကျသေဆုံးသွားရသည်။
ဤဇာတ်လမ်းတွင် ဆီဇာ၏ နောက်ဆုံးစကား “အော် . . . ဘရူးတပ်စ် . . . သင်လဲပါသကိုး”ဟု သူ့အချစ်ဆုံး ဘရူးတပ်စ်ကို လူသတ်သမားတွေထဲမှာ မြင်လိုက်စဉ် ညည်းတွားသွားသော ဆီဇာ၏စကားကို ပရိသတ်ရင်ထဲ အတော်ခိုက်သွားစေပြီး ဘရူးတပ်စ်ကို အမုန်းကြီးမုန်းသွားကြသည်။ သူ၏ အရင်နှီး အချစ်ခင်ဆုံး ဘရူးတပ်စ်သည်ပင် ဤလုပ်ကြံသတ်ဖြတ်သူတို့ထဲတွင် ပါဝင်သည်ကို ဆီဇာ မြင်တွေ့သွားခဲ့ရသည်။
ဤဇာတ်လမ်းတွင် ပရိသတ်ရင်ကို အထိခိုက်ရဆုံး ဆီဇာ၏ “အော် . . . ဘရူးတပ်စ် သင်လဲပါသကိုး”ဟူသောစကားလိုပင် ဆီဇာ၏ အလောင်းဘေးမှာ ရောမလူထုကိုပြောသော ဘရူးတပ်စ်၏စကားများကလည်း အလွန်ရင်ထဲငြိစရာကောင်းသောစကားများ ဖြစ်သည်။ ကြေကွဲစရာ စကားများလည်း ဖြစ်သည်။ ဖတ်သူများပင် ဘရူးတပ်စ်လိုပင် ကြေကြေကွဲကွဲ မျက်ရည်ဝဲရသော စကားများ ဖြစ်သည်ကို တွေ့ရသည်။
“ဒီလူထု ပရိသတ်ထဲမှာ ဆီဇာကို ချစ်ခင်ပါတယ်ဆိုတဲ့ တယောက်ယောက် ပါလာခဲ့ရင် ကျုပ် ဆီဇာကို ချစ်တဲ့အချစ်ဟာ သူ့အချစ်ထက် မလျော့နည်းဘူးလို့ ပြောလိုတယ်။ ဒါဖြင့် ဘာကြောင့် ဆီဇာကို ပုန်ကန်ရသလဲလို့ သူက မေးမယ်၊ ကျုပ်ရဲ့ အဖြေကတော့ ကျုပ် ဆီဇာကို ချစ်တယ်၊ ကျုပ် ရောမကို ပိုချစ်တယ်။ ဆီဇာ အသက်ရှင်ပြီး သင်တို့ ကျေးကျွန်လို သေသွားကြမှာလား။ ဆီဇာ သေပြီး သင်တို့ လွတ်လပ်သူများအဖြစ် နေထိုင်လိုကြသလား။ ဆီဇာဟာ ငါ့ကိုချစ်တယ်။ ဒါကြောင့် သူ့အတွက် ငါငိုကြွေးတယ်။ သူ့ရဲ့ အောင်မြင်မှုအတွက် ငါပီတိဖြစ်တယ်။ သူဟာ သတ္တိရှိသူဖြစ်တဲ့အတွက် သူ့ကိုငါ ဂုဏ်ပြုတယ်။ ဒါပေမဲ့ သူဟာ အာဏာရှင်ဖြစ်လိုသူဖြစ်တဲ့အတွက် သူ့ကိုငါသတ်ရတယ်။ ရောမကို ကောင်းစေလိုတဲ့အတွက် ငါ့ရဲ့အချစ်ဆုံး သူငယ်ချင်းကို ငါသတ်ရတယ်။ ရောမ ကောင်းဖို့အတွက် လိုအပ်ရင် ဟောဒီဓားနဲ့ပဲ ငါ့ကိုငါလည်း အဆုံးစီရင်နိုင်တယ်”ဟု ဘရူးတပ်စ်က လူထုကို စကားပြောသည်။
ထို့နောက်ပိုင်း ဆီဇာ၏ သစ္စာရှိ သူရဲကောင်း မတ်အန်ထော်နီတို့အုပ်စုနှင့် ဘရူးတပ်စ်တို့ အုပ်စုတိုက်ပွဲတွေဖြစ်ကြ၊ နောက်ဆုံး ဘရူးတပ်စ်တို့၏ စစ်ရှုံးပြီး ကပ်စီးယပ်စ်ရော ဘရူးတပ်စ်ပါ သေဆုံးသည်။
ဤတွင် မတ်အန်ထော်နီက ဘရူးတပ်စ်၏ အလောင်းဘေးမှာ ဒူးထောက်ပြီး မိန့်ကြားလိုက်သည်။
“ဂုဏ်ပြုထိုက်သော မြင့်မြတ်သောပုဂ္ဂိုလ် ဖြစ်တယ်။ ဆီဇာကို လုပ်ကြံသူတွေဟာ မလိုမုန်းထားစိတ်နဲ့ လုပ်ကြံခဲ့ကြတယ်။ သူတို့ထဲမှာ ဘရူးတပ်စ်တယောက်သာလျှင် ပြည်သူလူထု ကောင်းစေလိုသော ရိုးဖြောင့်တဲ့ စိတ်ထားရှိသူ ဖြစ်တယ်” မတ်အန်ထော်နီသည် ဘရူးတပ်စ်အလောင်းဘေးမှာ ဒူးထောက်အလေးပြုရာမှ မတ်တတ်ရပ်လိုက်ပြီး သူ့နောက်လိုက်များကို ပြောလိုက်သည်။
“သူဟာ မြင့်မြတ်သူ ဖြစ်တယ်။ ဂုဏ်ပြုထိုက်သူ ဖြစ်တယ်။ သူ့ရဲ့ ဂုဏ်ကျေးဇူးကို ဂုဏ်ပြုသောအားဖြင့် ကောင်းမွန်စွာ ဆောင်ရွက်ရမယ်။ မြင့်မြတ်သူတို့ရဲ့ စျာပနအတိုင်း သင်္ဂြိုဟ်ရမယ်”
ဤသည်မှာ ရှိတ်စပီးယားပြောသော ဘရူးတပ်စ်အပေါ် ဘယ်လိုသဘောထားရမည်ဆိုသောအချက်ပဲ ဖြစ်သည်။ ဆီဇာကို လုပ်ကြံသူများထဲမှာ တကယ့်တရားခံက ကပ်စီးယပ်စ် ဖြစ်သည်။ ဘရူးတပ်စ်က လှည့်ဖြားခံရသူ ဖြစ်သည်။
နိုင်ငံရေးမှာ ရိုးသားစွာ မှားယွင်းသူနှင့် ကိုယ်ကျိုးရှာသူ မလိုမုန်းထားစိတ်ရှိသူဟူ၍ ရှိပါသည်။ ရိုးသားစွာ မှားယွင်းသူသည် တိုင်းပြည်၏ အဆိပ်အတောက် မဟုတ်။ ရိုးသားသူသည် ပြည်သူ့အန္တရာယ် မဟုတ်၊ ကောက်ကျစ်စဉ်းလဲသော ကိုယ်ကျိုးရှာသမားသာလျှင် တိုင်းပြည်၏ အန္တရာယ် ဖြစ်သည်။
နိုင်ငံရေးမှာ ရိုးလွန်း၊ အ,လွန်းရင် ကိုယ်ကျိုးရှာသမား၊ လူယုတ်၊ လူကောက်တို့၏ အသုံးချမှုကို ခံရတတ်သည်မှာ သူရောမကို ချစ်ခဲ့သမျှ ရောမသားများအပေါ် ကောင်းစေလိုခဲ့သမျှ တသက်လုံး နာမည်ဆိုး အဖတ်တင်ခဲ့ရသော ဘရူးတပ်စ်က သက်သေပါပဲ။
တကယ်တော့ ဆီဇာသည် သုံးကြိမ် သုံးခါတိတိ ဘုရင့်သရဖူအပ်နှင်းသည်ကိုပင် ငြင်းပယ်ခဲ့သူ ဖြစ်သည်။ ဘယ်လိုအာဏာရှင် ဖြစ်နိုင်ပါမည်လဲ။ သို့သော် ကပ်စီးယပ်စ်၏ မလိုမုန်းထား လှည့်ဖြားသိမ်းသွင်းမှု၊ ဖြားယောင်းမှုကို ဘရူးတပ်စ် ခံလိုက်ရသည်။
နိုင်ငံရေးသည် အလွန်ရှုပ်ထွေးပါသည်။ မာယာများသည်။ အစစ်အမှန်နှင့် အတုအယောင် မကွဲပြားသော အစစ်အမှန် အယောင်ဆောင်ထားသော အတုအယောင်များစွာရှိသော လောကဖြစ်သည်။ နိုင်ငံရေးသာ မဟုတ်။ လူ့ဘောင်လောကသည် မာယာများပါသည်။ ဒါကြောင့် ဆရာဒဂုန်တာရာက
“အဖြူကြားမှ၊ အဖြူရှာရ
အနက်ထဲမှ၊ အနက်ရှာရ
ခက်လှပါဘိ၊ တကယ်ရှိကို
မသိရာမှ၊ သိအောင်ကြံဆ
နှစ်လများစွာ၊ ကုန်ခဲ့ပါသည်
မာယာတော၌ အလှတရားရှာဖွေခြင်း”ဟု စပ်ဆိုသွားခဲ့ပါသည်။
“လောကရဲ့ ပရိယာယ် မာယာအသွယ်သွယ် ဆန်းကြယ်စွာ သူလှည့်စား၍ ဇရာကား ၀ါးမျိုခဲ့ပြီကွယ်”ဟူသော ဂီတနက်သန် ကိုစောညိမ်း၏ “သစ္စာ” တေးတပုဒ်ကိုသာ ပြန်လည်ကြားယောင်နေမိပါတော့သတည်း။
(မေလ ၁၀ ရက် ဆရာဒဂုန်တာရာ၏ မွေးနေ့ကို သတိရအောက်မေ့စွာဖြင့်) (တင်တင်ဦး)
ခုခေတ်စာရေးသူ ၈၅% လောက်က သတ်ပုံ မမှန်ကြတော့ပါ။ စာထဲမှာပါတဲ့ (တရား)၊ (တကယ်တော့) နဲ့ (တရားခံ) စာလုံးတွေကိုပါ စသတ်နဲ့ရေးနေကြတယ်။ မြန်မာစာသည် မည်သူ့အားသစ္စာခံ၍ မည်သူ့အား သစ္စာဖောက်သနည်း။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment