Life အသက်ရှိပြီဆိုတာ ဘယ်တော့လဲ
အသက်လို့ဘယ်တော့သတ်မှတ်သလဲ ဆေးပညာဘက်မှာ အပြင်းပွါးတာတော့ရှိတယ်။ အများဆုံးလက်ခံထားကတော့ သုက်ပိုးနဲ့ မိန်းမမျိုးဥတို့ (တွေ့ဆုံ + ပေါင်းစပ် + ဆဲလ်တွေပွါးများ)၊ ဒိနောက်မှာ သားအိမ်ပြွန်ကနေ သားအိမ်ထဲကို ဆင်းလာ၊ နောက်ဆုံး သားအိမ်အတွင်းနံရံမှာလာပြီး တွယ်ကပ်၊ မြုတ်ဝင်ချိန်ရောက်မှသာ သန္ဓေသားလို့ ခေါ်တယ်။ ဒီအဆင့် ရောက်ဘို့ရာ အတူနေပြီးနောက် အနည်းဆုံး ၆ ရက်ကြာမယ်။ ဒါတောင်မှ နှလုံးခုန်တာကို မသိနိုင်သေးပါ။ ကိုယ်ဝန် ၉-၁၀ ပါတ်မတိုင်ခင်အထိ စက်နဲ့တောင် နားထောင်မရသေးပါ။
သုက်ပိုးတမျိုးတည်းကို အသက်လို့ မသတ်မှတ်ပါ။ မမျိုးဥကိုလဲ အတူတူယူဆနိုင်တယ်။ မမျိုးဥက လှုပ်ရှားမှုမရှိပါ။ သုက်ပိုးကသာ လှုပ်ရှား ကူးခတ်နိုင်တယ်။
ကိုယ်ဝန် အရေးပေါ်တားဆေးကိုလဲ သေစေတာလလား၊ တားတာလားငြင်းချက်တွေ အပြန်အလှန်ရှိပါတယ်။
သုက်ပိုးရော မျိုးဥပါ အချင်းချင်းမတွေ့ကြရင် အလိုလိုပျက်စီးကြတယ်။ ပယောဂမပါဘဲ ပျက်စီးတာဖြစ်တယ်။ သိတဲ့အတိုင်း အရာရာဟာ စက္ကန့် (စက္ကန့်ထက် တိုချင်တိုမယ်) မှာ ဖြစ်-ကြီး-ပျက် ဖြစ်စဉ်အတိုင်း သံသရာလည် နေကြတယ် မဟုတ်ပါလား။ (ဘာသာရေးအဆုံးအမမှာ ဖြစ်-တည်-ပျက်)
လူတယောက် သေပြီဆိုတာကို (၁) နှလုံးမလုပ်တော့တာနဲ့ (၂) အသက်မရှူတော့တာကို သတ်မှတ်ကြတယ်။ ဦးနှောက် အလုပ်ကို သိပ်ထည့်တွက်လေ့မရှိပါ။ အာရုံကြောစနစ်က ကိုယ်ဝန် ၈ ပါတ်ထက်စောမဖြစ်သေးပါ။ မမွေးမချင်း အသက်ရှူပြီလို့ မပြောနိုင်ပါ။ လှုပ်ရှားမှုရှိတာ အသက်လား။ ပြောဘို့ခက်တယ်။ တချက်ကလေးမှ မလှုပ်နိုင်ဘဲ စက်နဲ့ အသက်ဆက်နေတဲ့လူနာတွေရှိတယ်။
တရားဥပဒေနဲ့ တရားဓမ္မ မတူကြပါ။ တရားသဘောထဲမှာလဲ တွေ့ပါလိမ့်မယ်။ သိထားပြီး မီးခဲကိုင်တာနဲ့ မသိဘဲကိုင်မိတာ ဆိုတဲ့ ဥပမာ။
သက်ရှိဆိုတာ စွမ်းဆောင်ရည် ငါးရပ်ရှိရမယ်။
၁။ စနစ်တကျဖွဲ့စည်းတည်ဆောက်ထားမှုရှိခြင်း၊
၂။ အရာပစ္စည်းတွေနဲ့ စွမ်းအင် (အင်နာဂျီ) ရယူနိုင်ခြင်း၊
၃။ ပါတ်ဝန်းကျင်ကိုတုန့်ပြန်နိုင်စွမ်းရှိခြင်း၊
၄။ မျိုးပွါးနိုင်စွမ်းရှိခြင်း နဲ့
၅။ သမမျှတအောင်နေတတ်ခြင်း။
ဒီအခြေခံသဘောနဲ့ ကျားသုက်ပိုးနဲ့ မမျိုးဥ တွေ့ဆုံပေါင်းစပ်မှုကို ဆက်စပ်လေ့လာပါမယ်။ သူတို့နှစ်ခု တွေ့ဆုံပေါင်းစပ်မှု ဖြစ်တာနဲ့ ငါးမျိုးလုံးအစွမ်းတွေရှိပြီလို့ ဆိုနိုင်တယ်။
ဇီဝဗေဒအလိုအရ Conception ကျားသုက်ပိုးနဲ့ မမျိုးဥ တွေ့ဆုံပေါင်းစပ်မှု ဖြစ်ပြီဆိုကတည်းက မိခင်လောင်းရဲ့ ကိုယ်ခန္ဓာနဲ့ အတူတူ မဟုတ်တော့ပါ။ ရှင်းအောင်ပြောရရင် လူဆိုတာ ဦးနှောက်နှစ်ခု၊ လက် လေးချောင်း၊ ခြေလေးချာင်း မပါရှိဘူး မဟုတ်ပါလား။ သန္ဓေသားဟာ အာဟာရအတွက် မိခင်ကိုမှီတည်နေမှာပေမဲ့ သူ (မိခင်) ပြုသမျှနုရမဲ့ ဓားစာခံသဘော မဟုတ်ပါ။
၅-၆ ပါတ်ရှိပြီဆိုရင် အထဲက ကလေးဟာ အာဟာရဓါတ်ကို ကျေချက်နေပြီ၊ စွန်ထုတ်မှုတွေလုပ်နေပြီ၊ လှုပ်ရှားနေပြီ၊ ကြီးထွားလာနေပြီ။ ၂၁ ရက်သန္ဓေသားဟာ နှလုံးစခုန်ပြီ။ သူ့ကိုယ်ပိုင် သွေးအမျိုးအစားနဲ့သူရှိပြီ။ မအေနဲ့ တူချင်မှ တူမယ်။ ရက် ၄ဝ ရှိရင် ဦးနှောက်လှိုင်းကို EEG နဲ့စမ်းလို့ရလာပြီ။
မော်လီကူလာဇီဝဗေဒအရ အသက်ဆိုတာ Conception ကျားသုက်ပိုးနဲ့ မမျိုးဥ တွေ့ဆုံပေါင်းစပ်မှုဖြစ်ပြီ ဆိုကတည်းကနေ စတယ်လို့ မေယိုကလင်းနစ် မျိုးဗီဇဌာနအကြီးအကဲ ဒေါက်တာဟေမီး ဂေါ်ဒွန်ကပြောပါတယ်။
လူတယောက် အသက်ရှင်နေ-မနေကို Spontaneous heart rhythm အလိုအလျှောက် နှလုံးခုန်မှုနဲ့ Brain waves ဦးနှောက်လှိုင်းကိုကြည့်ပြီး ဆုံးဖြတ်ပါတယ်။ ဥပမာ မကွယ်လွန်မီက အင်္ဂါအစိတ်အပိုင်းလှူထားတဲ့သူ မတော်မဆမှုဖြစ်ပြီး သေပြီလား၊ မသေသေးဘူးလားကို အဲဒီ ၂ ချက်နဲ့ဆုံးဖြတ်ပြီးမှသာ လှူထားတဲ့အင်္ဂါကို ဆရာဝန်ကနေ ထုတ်ယူခွင့်ရှိပါတယ်။
ဟစ်ပိုခရေးတီးစ်ပဋိညာဉ်ထဲမှာ ကျွန်ုပ်သည် ဘယ်သောအခါမှ မည်သူ့ကိုမှ တောင်းခံလာစေကာမူ သေစေမည့်ဆေးကို ပေးမည်မဟုတ်ပါ။ ထို့ပြင် အကြံပေးမည်လည်းမဟုတ်ပါ။ အလားတူ အမျိုးသမီးတဦးကို ကိုယ်ဝန်ပျက်စေမည့် ဆေးနည်းကိုလည်း ပေးမည်မဟုတ်ပါ။
တရားဥပဒေဆိုတာ နိုင်ငံတခုနဲ့တခု မတူပါ။ ဘာသာရေးအကန့်အသတ်တွေလဲ ဘာသာတရားတခုနဲ့တခု မတူပါ။ ဆေးပညာဆိုတာကတော့ ရှိရှိသမျှမှာ အတူတူသာဖြစ်ပါတယ်။
ဒေါက်တာတင့်ဆွေ
၂-၁၁-၂၀၁၆
Comments
Post a Comment