Weed ရည်ရွယ်ရင်း မတူကြ
အဲဒီထဲမှာ ဆရာဝန်မတဦးက ဆေးခြောက်ကောင်းကြောင်းတွေကို ပြောလာတယ်။ ဆေးခြောက်ထဲပါတဲ့ ဓါတ်အကြောင်း ဆေးဝါးဗေဒအကိုးအကားတွေပါတယ်။ ကျွန်တော့်ကို မေးတယ်။ သူသိသလောက် သိရဲ့လားသဘော။ ကနေဒါ အစိုးရကနေ ဒေါ်လာသန်း ၅၀၀ အကုန်ကျခံတဲ့ ပရောဂျက်အကြောင်းကိုလည်း အားဖြည့်ပြောတယ်။
အဲဒီဆရာဝန်အမျိုးသမီးက ဘယ်ဒေါင့်ကနေ တင်ပြသလဲ။
ဆေးခြောက်ကို မြန်မာပြည်မှာပါ တရားဝင်ဖြစ်စေချင်သူ။
ကျွန်တော့် ရည်ရွယ်ရင်းနဲ့ မတူပါ။ သူက ကျွန်တော့်ထက် ဆေးခြောက်အကြောင်း ပိုသိနိုင်တယ်။ အကြောင်းအရာတိုင်းမှာ ရည်ရွယ်ရင်းမတူတာတွေရှိတယ်။
ကျွန်တော်က ဆေးခြောက်ရဲ့ အကောင်းနဲ့ အဆိုး တင်ပြပါတယ်။
THC ဆိုတာ Marijuana ထဲမှာပါတဲ့ စိတ်ကိုပြောင်းလဲစေတဲ့ဓါတ်။ အဲတာဟာ လူ့ဦးနှောက်မှာရှိတဲ့ Cannabinoid receptors ခေါ်အာရုံခံတွေရဲ့ တွေးခေါ်မှု၊ မှတ်ဉာဏ်၊ ပူးပေါင်းလုပ်ဆောင်ခြင်းနဲ့ အချိန်ကိုသိမှတ်နိုင်စွမ်းတွေကို ထိခိုက်သက်ရောက်စေတာမျိုးဖြစ်တယ်။ THC ဓါတ်ကြောင့် သုံးစွဲသူရဲ့ မှတ်ဉာဏ်၊ ပျော်ရွှင်မှု၊ လှုပ်ရှားမှု၊ တွေးမြင်မှု၊ အာရုံစိုက်မှု၊ အချိန်ကိုသိမှတ်နိုင်စွမ်း၊ ပူးပေါင်းလုပ်ဆောင်ခြင်းနဲ့ နာတာ ပူတာစတဲ့ အာရုံခံနိုင်စွမ်းတွေအပေါ် ထိခိုက် သက်ရောက်နိုင်တယ်။ ဆက်ပြောရင် အများကြီး။
ဆေးသုံးချင်သူတွေ၊ အဖေါ်စပ်တဲ့သူတွေ၊ ဆေးရောင်းသူတွေက အဲဒီဆေးရဲ့ ကောင်းကွက်တွေကို ကွက်ပြီး ရွေးထုတ် ပြောဆိုကြ၊ လော်ဘီလုပ်ကြတယ်။ အသိပညာပေးသူတွေက အဲဒီဆေးရဲ့ ဆိုးကျိုးတွေ၊ ကျန်းမာရေးနဲ့ လူမှုရေး ဖေါက်ပြန်တာတွေကို၊ နမူနာတွေနဲ့ တင်ပြကြတယ်။
အားဆေးကအစ ဘေးထွက်ဆိုကျိုးရှိကြောင်း မကြာခဏရေးပါတယ်။ လိုအပ်ရင် သုံးရကြောင်းလည်း ရေးတယ်။ ဆေးသုတေသနမရှိတဲ့ ကြော်ငြောဆေးတွေ၊ အားဖြည့်ဆေးဆိုတာတွေကိုလည်း ထောက်ပြတယ်။
ဒါးကို မီးဖိုချောင်မှာ သုံးတယ်။ ရာဇဝတ်မှုမှာ သုံးတယ်။ စစ်တိုက်ရာမှာ သုံးတယ်။ ပန်းပဲဆရာက ဒါးရဲ့ သံအရည်အသွေး၊ မီးအပူအအေး၊ ပေပေါ်မှာ ဘယ်တော့ ဘယ်လိုထုနှက်ရတာစတဲ့ ပညာခန်းသိတယ်။
လူကြီးမိဘတွေက ဒါးအသုံးပြုနည်းသင်ပေးကြသလို ကျွန်တော်က ဆေးစာတွေ ရေးပါတယ်။ ပန်းပဲဆရာလို မရေးပါ။ လော်ဘီဆရာဝန်မနဲ့ မတူပါ။
ဆေးခြောက်ကို ပြုပြင်ပြီး ဆေးသုံးအဖြစ် သုံးတာလည်း ရှိပါတယ်။ တင်ပြထားပါတယ်။
ဆရာဝန်တွေဆိုတာလည်း အမျိုးမျိုးရှိတယ်။ တချို့ဆရာဝန်တွေက ဖြည့်စွက်စာဘက်ကနေ ရေးကြတယ်။ ရည်ရွယ်ရင်း မတူကြပါ။
ဆရာဝန်မဟုတ်သူတွေကလည်း မတူကြပါ။
ဒေါက်တာတင့်ဆွေ
၂-၁၁-၂၀၁၉
Comments
Post a Comment