Asthma ပန်းနာ

၁။ ယောက်ျားလေး၊ အသက် ၄၀ နှစ်ပါ။ ပန်းနာရင်ကြပ် စဖြစ်နေပါတယ်။ Deriphyolin Retard BD သောက်နေပါတယ်။ ထူးထူးခြားခြားမသက်သာပါ၊ ရှောင်ရမည့်အစားအသောက်များနှင့် အခြားပိုမိုကောင်းမွန်သည့်ဆေးဝါးကို သိလိုပါတယ်။ ကျေးဇူးပြု၍ ဖြေကြားပေးပါခင်ဗျား။ (အသက် (၄၀ ကို အမျိုးသားလို့ ရေးသင့်။)

၂။ ဆရာရှင်။ သမီးအသက် ၃၁နှစ်ပါရှင်။ အိမ်ထောင်မရှိဖြစ်ပါတယ်။ ပြီးခဲ့သောဒီဇင်ဘာမှာ ့့့့့ နိုင်ငံသို့ သင်တန်း ၁၅ ရက်တက်ရောက်စဉ်ကာလတွင် ချောင်းအဆက်မပြတ်ဆိုးခဲ့ပါတယ်ရှင်။ မြန်မာပြည်မှပါလာတော့ ကွမ်းရွက်ပုံကိုသာ သောက်ခဲ့ပါတယ်။ ပြန်ရောက်တဲ့အချိန် ဆေးခန်းပြခဲ့ပါတယ်ရှင်။ အဆုပ်ပွနေတယ်လို့သိရပါတယ်။ အဖျားမရှိခဲ့ပါဘူး။ ခေါင်းဆိုးပျောက်ဆေးအရည်နှင့် ပိုးသတ်ဆေးပေးပါတယ်ရှင်။ သက်သာလုဆဲဆဲမှာပဲ သမီးရင်တွေပူလို့ဆိုပြီး အချိုရည်တစ်ဗူးလုံး ကုန်အောင်သောက်လိုက်မိပါတယ်။ နာရီဝက်ခန့်အကြာ ရင်ကြပ်ပြီးဆေးခန်းသွားရပါတယ်ရှင်။ အကြောထဲကိုဆေးသွင်းပေးပါတယ်ရှင်။ ချောင်းဆိုးပျောက်ဆေးအရည်လည်း ပြောင်းပေးပါတယ်ရှင်။ မသက်သာပါဘူး။ ဆယ်ရက်လောက်ရှိသွားတဲ့အချိန်မှာ သမီးပေါင်ချိန် ၁၀၆ပေါင်ကနေ ပေါင်၁ဝဝတောင်မပြည့်တော့ပါဘူး။ ဆေးခန်းပြောင်းပြီး အထူးကုနဲ့ပြပါတယ်ရှင်။ သမီးကိုအဆုပ်ပွလို့ရင်ကြပ်တာ၊ ၂ ပတ်ဆေးသောက်ပြီး ကောင်းပြီပြောပါတယ်။ ဆေးသောက်နေစဉ်ကာလမှာ ရင်မကြပ်ပေမယ့် ဆေးဖြတ်လိုက်တဲ့အခါ အစားအသောက်၊ အနေအထိုင်၊ ရာသီဥတု တချက်လေးမှားတာနဲ့ ညဘက်ရင်ကြပ်ပါတယ်ရှင်။ ပုံမှန်ရက်တွေမှာ ရင်မကြပ်ပေမယ့် မနက်မိုးလင်းပိုင်းမှာ ချွဲထပြီး ရင်ဘတ်ထဲမှာတစ်ဆို့ဆို့လို့ခံစားရပါတယ်။ ၈ လကြာတဲ့အခါ သမီးကို အက်စမာလို့ သတ်မှတ်ပါတယ်။ သွေး၊ သလိပ်၊ ဓာတ်မှန်မရိုက်ခဲ့ရပါဘူးရှင်။ မျိုးရိုးမှာအဘွားကတော့ ရင်ကြပ်နည်းနည်းရှိပါတယ်။ သမီးလည်းဖုန်ရူမိလို့ ဆီမသန့်တာစားမိလို့ တခါတရံကြပ်တာမျိုးပဲကြုံဖူးပါတယ်ရှင်။ ရင်ကြပ်လို့ ဆေးခန်းတခါမှမရောက်ဘူးပါရှင်။ အထူးကုမှပေးသောဆေးများမှာ solmux broncho, myclar, ventolin neloulind, predoisoln, histae, deriphylline ဖြစ်ပါတယ်ရှင်။ ဆေးမသောက်ချင်ရင် ventolin evohaler ရူခိုင်းပါတယ်ရှင်။ သမီး အက်စမာဟုတ်မဟုတ်သိချင်ပါတယ်ရှင်။ ဆရာအသက်ရှည်ကျန်းမာပါစေရှင်။

၃။ ကျမသားအသက် ၁ဝ နှစ်ပါ။ ပန်းနာရှိပါတယ်။ အခုလက်ရှိတော့ကောင်းနေပါတယ်။ ကလေးအထူးကုက သားနဲ့ Air Com ခန်းနဲ့မတည့်ဘူးပြောပါတယ်။ ပူလွန်းလို့ Air Com တပ်ချင်တာ မတပ်ရဲဘူးဆရာ။ သားနဲ့ Air Com မတည့်ဘူးဆိုတာ ဟုတ်ပါသလားဆရာ။ express မစီးရဲလို့ ခရီးသွားချင်တာတောင်မသွားရပါဘူး။

ပန်းနာကို ရောဂါရာဇဝင်နဲ့ ကြပ်နေချိန်မှာ အသက်ရှူသံကိုနားထောင်တာနဲ့ သိတယ်။ ဓါတ်မှန်၊ သွေး၊ သလိပ်စစ်ရင် အားလုံးကောင်းနေမယ်။ တယောက်နဲ့တယောက် မတူပါ။ ကိုယ်နဲ့မတည့်တာကိုရှောင်ပါ။ သူများတွေနဲ့မတည့်ပေမယ့် ကိုယ်နဲ့ အဆင်ပြေတာလည်းရှိမယ်။ ရာသီဥတု၊ အစားအသောက်၊ အနံ့အသက်၊ အသုံးအဆောင်၊ တခုခုနဲ့ မတည့်တာ ရှိမယ်။ တခါတလေ ၂ မျိုးတွဲလို့မတည့်တာရှိတယ်။

လူဦးရေ ၅% မှာ ပန်းနာရှိတယ်။ ၁၄ နှစ်အောက် ယောက်ျားလေးတွေမှာ ပိုအဖြစ်များတယ်။ မျိုးရိုးလိုက်တာသိသာတယ်။ လေ့ကျင့်ခန်းလုပ်လို့ ဖြစ်လာတတ်တယ်။ မြို့သားတွေမှာ ၂၅ %အဖြစ်များတယ်။ ပန်းနာမှန်ရင် မကူးစက်ပါ။ မျိုးရိုးအရ ဖြစ်နိုင်တယ်။ ကလေးတွေမှာ ပိုများလာတယ်။ တကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်လွန်းလို့ ဖြစ်တာလဲရှိသတဲ့။ သိပ်သန့်ချင်နေရင် လျှော့ပေါ့။ အလုပ်အမျိုးအစားနဲ့လဲ ဆိုင်နိုင်တာမို့ လက်ရှိ အလုပ်မျိုးကနေ ပြောင်းသင့်ရင် ပြောင်းပါ။ ချည်-သိုးမွှေး-သားမွှေး၊ အဝတ်အထည်၊ ဓါတုပစ္စည်း၊ အမှုံ့လုပ်ငန်း၊ အနံ့အသက်များတဲ့ လုပ်ငန်း စတာတွေပါ။ စိတ်ဖိအားများခြင်းနဲ့လဲ ဆိုင်တဲ့လူတွေမှာ ဆိုင်ပါသေးတယ်။ ငယ်ရွယ်တုံးက ပဋိဇီဝဆေး ပေးရတာတို့၊ ဗိုင်းရပ်ပိုး အဝင်ခံဘူးတာတို့ကိုလည်း ထည့်စဉ်းစားရတယ်။ ဒါ့ကြောင့် ကလေးတွေကို ဆေးကုရင် ပိုပြီး သတိရှိရပါလိမ့်မယ်။

အများဆုံးဖြစ်တာက Bronchial asthma အသက်ရှူတာနဲ့ဆိုင်ပြီး နောက်တမျိုးက နှလုံးရောဂါကနေ ဆက်ဖြစ်တာ Cardiac asthma ပါ။ မသိရင် ရင်ကြပ်လို့ဆိုတိုင်း ရမ်းကုရင် ဒုက္ခပိုရောက်စေတယ်။ အသက်ရှူလမ်းကို ကျယ်အောင် လုပ်တဲ့ဆေးက နှလုံးမကောင်းသူတွေအတွက် ရေနစ်သူ ဝါးကူထိုး ဖြစ်စေပါတယ်။ အတွေ့အကြုံကနေသင်ပေးလို့ ပန်းနာလူနာကို မြင်တာနဲ့သိနိုင်တယ်။ အမှန်က ကြားတာနဲ့သိတာပါ။ သူ့အသက်ရှူသံက လေချွန်သလို အသံပါနေတယ်။ အပွေးမြင်၊ အပင်သိ။ ရွှီရွှီသံကြားရင် ပန်းနာလို့သိ။

ဖြစ်နိုင်ရင် အကြောင်းကိုရှာပါ။ ဆေးကြောင့်လား၊ ဥပမာ (အက်စ်ပရင်)။ ပတ်ဝန်းကျင်ကြောင့် ဖြစ်တာဆိုရင် အဲဒါတွေကို ကိုယ်နဲ့ ယဉ်ပါးအောင်လုပ်နည်း Desensitization ကို သုံးနိုင်ပါတယ်။ ကျန်တာတွေကတော့ သက်သာစေမဲ့ ဆေးနည်းတွေ ဖြစ်တယ်။ တိတိကျကျပြောရရင် သုံးမျိုး။ သက်သာဆေး၊ ကာကွယ်ဆေးနဲ့ အရေးပေါ်ဆေး။

လေပြွန်ကျယ်ဆေးတွေကို ရေတိုအတွက် ပန်းနာသည်တိုင်း သုံးနိုင်ပါတယ်။ ခဏခဏ ကြပ်နေသူများကို စတီရွိုက်ရှူဆေး သိပ်မများအောင်ပေးရမယ်။ အရင်က Theophylline (Aminophylline) ကို ပါးစပ်က သောက်ခိုင်းပါတယ်။ နေ့တိုင်း ဆက်ဖြစ်သူများကိုတော့ စတီရွိုက်ရှူဆေး နဲ့ β-2 agonist ရှူဆေးတွဲပေးရမယ်။ ဒီထဲကမှ သိပ်ဆိုးနေရင် စတီရွိုက် သောက်ဆေးပါ တွဲလိုက်ရင် သက်သာမှာပါ။ ရေတိုအတွက် Salbutamol, Levalbuterol, Terbutaline, Bitolterol ခေါ်တဲ့ ဆေးတွေ ရှိသေးတယ်။ ဒီဆေးတွေက ပါးစပ်ကပေးရင် ခြေတုံ-လက်တုံ-ရင်တုံ ဖြစ်တတ်တယ်။ Epinephrine, Ephedrine စားဆေး၊ ထိုးဆေးက သမားရိုးကျ ထိရောက်တဲ့ဆေးတွေပါ။ သုံးနေကြဆဲပါ။ ပိုစိတ်ချချင်ရင် Ipratropium bromide ကိုပေးပါတယ်။ နှလုံးရောဂါရှိရင်တောင်မှ ပေးနိုင်တယ်။ နဲနဲတော့ကြာမယ်။

မကြပ်အောင်နဲ့ ကြပ်ရင်လဲ သက်သာအောင်ပေးတဲ့ (စတီရွိုက်) ဆေးတွေကို ကြာကြာသုံးသူများ သတိထားဘို့က အဆီစုတတ်လို့ ဝမယ်။ အစားသိပ်စားချင်လို့လည်း ဝမယ်။ အရိုးပွတတ်တယ်။ အသံသြတာတို့၊ မှက်ခရုဖြစ်တာတို့လဲ ဖြစ်တတ်တယ်။ အလာဂျီအတွက် Burmeton, Citrizine တို့လိုဆေးမျိုးပါ တွဲပေးရတတ်ပါသေးတယ်။ ခုနောက်ဆုံး အသုံးများတဲ့ဆေးတွဲတွေကတော့ စတီရွိုက်ရှူဆေးနဲ့ တာရှည်ခံလေပြွန်ကျယ်ဆေးတွေဖြစ်ပါတယ်။ Advair Seretide, Budesonide, Formoterol, Symbicort တို့လည်းပါတယ်။ အရေးပေါ်ဖြစ်ရင် အောက်စီဂျင်ပေးဘို့လိုရင်လိုမယ်။ Salbutamol or Terbutaline တို့ကို Ipratropium နဲ့တွဲပြီး၊ အငွေ့အဖြစ် ရှူခိုင်းမယ်။ ပါးစပ်ကနေ စတီရွိုက်ပေးတယ်။ Ketamine ဆိုတဲ့ မေ့ဆေးလည်း ပေးနိုင်တယ်။ ဆားခါးကိုလည်း သွေးပြန်ကြောထဲ ထိုးပေးနိုင်တယ်။ အသက်ရှူစက်နဲ့ ကူပေးတာမျိုး သုံးပါတယ်။

ဖြစ်နေမှတော့ စိတ်မပျက်နဲ့။ ကြပ်လာပြီဆိုရင် အကြာကြီး စောင့်မနေပါနဲ့။ မြန်မြန် ဆေးကုလိုက်ပါ။ သန်းကောင်မှာ ထဖြစ်တတ်တယ်။ ပန်းနာ သေခြာသူ၊ နှလုံးရောဂါ မရှိသူ၊ ဆန်းဆန်း ပြားပြားတွေလည်း လက်လှမ်း မမီသူများအတွက် ဆေးထိုးပိုက် ၂ စီစီ တချောင်းနဲ့ (အဖီဒရင်း) ထိုးဆေး တလုံးဆောင်ထားရင် အရေးပေါ်အတွက် အလွယ်ဆုံးပါ။ လက်ဖျံအရေပြား အောက်မှာ ၁ စီစီသာပါတဲ့ ထိုးဆေးကို တဝက်လောက် ထိုးပေးလိုက်ရင် ၁ဝ မိနစ်ထက် မကြာပါ။ လိုမှ ကျန်တဲ့တဝက်ထိုးပါ။ ရင်တုံတာလေးတော့ သီးခံပေါ့။

၁။ ပန်းနာထသူတွေအတွက် အရေးပေါ် သိထား-ဆောင်ထားစရာတွေ
• Beta-adrrenergic agonists ဆေး၊ Albuterol sulfate 1.25-1.5 mg. Metaproteranol 10-15 mg. Isoetharine 2.5-5 mg, Bitolterol mesylate 0.5-1.5 mg တခုခုကို Nebulizer ရှူဆေးအဖြစ် သုံးတယ်။
• Terbutaline sulfate 0.25-0.5 mg S/C, Epinephrine 1:10000 (0.1-0.3 ml) S/C အရေပြားအောက်မှာ ထိုးပေးတယ်။ (ဒီဆေးကို ကိုယ်ဝန် ပဌမ ၃ လရှိသူ၊ နှလုံးရောဂါရှိသူတွေကို မပေးပါ။)
• Steroid စတီရွိုက်ဆေး၊ (Prednisone 60-180 mg/day) ပေးပြီး၊ နောက် လျှော့လျှော့ ပေးသွားရမယ်။
• Anticholinergics ဆေးကိုလဲတွဲပေးနိုင်တယ်။ အရင်က Atropine ကိုသုံးတယ်။ နောက်ပိုင်း Ipratropium bromide ဆေးသုံးလာတယ်။ Ipratropium (500 mg = 2.5 ml) ဆေးကို Nebulizer ဆေးကို တမျိုးထဲဖြစ်ဖြစ်၊ Albuterol နဲ့ရောပြီးဖြစ်ဖြစ် ပေးနိုင်တယ်။
• Antibiotics ပဋိဇီဝဆေး (Septrin, Doxycycline, Tetracycline, Cipro) ဆေးတမျိုးမျိုးကို အသက်ရှူလမ်း ပိုးဝင်နေရင်ပေးရမယ်။
• အောက်စီဂျင်၊

၂။ တခြားဆေးတွေလဲ သုံးပါသေးတယ်။ (Cromolyn and Nedocromil (Cromolyn, Nedocromil); Leukotriene Receptor Antagonists (Montelukast, Zafirlukast); 5-Lipoxygenase inhibitor (Zileuton); Methylxanthines (Theophylline); Immunomodulators (Omalizumab)

၃။ ရေတိုပန်းနာသက်သောဆေးတွေလဲ ရှိတယ်။ (Inhaled Short-Acting Beta-adrrenergic agonists (Albuterol CFC, Albuterol HFA, Pirbuterol CFC, Levalbuterol HFA); Nebulizer solution (Albuterol, Levalbuterol, R-albuterol); Anticholinergics (Ipratropium, Ipratropium with albuterol); Corticosteroids (Prednisolone, Prednisone)

Metered-dose inhalers (MDI) ဆိုတာ ခေတ်မီ ပန်းနာသည်များရဲ့ လက်ကိုင်အိပ်ထဲ အမြဲထားရမဲ့ အဆောင်ပစ္စည်း တခုပါ။ ဒီဆေးက အမြန်ထိရောက်တဲ့ ရှူဆေးပေါ့။ ဒါနဲ့ အဆင်မပြေတဲ့ လူအိုတွေ၊ ပြောတဲ့အတိုင်း မလုပ်ချင်တဲ့လူနာတွေ အတွက်ကတော့ Asthma spacer ဆိုတာကို သုံးစေပါတယ်။ Nebulizer ဆိုတဲ့ အငွေ့ရှူတာမျိုးလည်း သုံးနိုင်ပါတယ်။ Panic room ဇာတ်ကားထဲမှာ ဂျိုဒီဖေါ့စတာရဲ့သမီးဟာ ပန်းနာသည်လေးအဖြစ်သရုပ်ဆောင်ရတယ်။ တကယ့်ဘဝ ပန်းနာသည် မင်းသမီးကတော့ နာမည်ကြီး (လင်းဆေးလိုဟန်)။ မင်းသမီးက အရေးပေါ်ဆေးရုံတောင်တက်ယူရတာ၊ ဆေးရုံဆင်းတော့ အလေးချိန် ၁၅ ပေါင် ကြီးများတောင် ကျသွားတာကို မြင်တဲ့လူတွေက၊ မင်း သိပ်ဟုတ်သွားပါလားလို့ ချီးမွမ်းကြတယ်။ ဒီတော့ ပန်းနာသည် မင်းသမီးက သူတို့ပြောပုံကဖြင့် အရင်က ကျမအတော်မလှဘူးလို့ ပြောနေတဲ့အတိုင်းပဲတဲ့။

Ventolin inhaler ပန်းနာရှူဆေး
ကျွန်မ အသက် ၄၂ နှစ်ပါ။ အိမ်ထောင်ရှိပါတယ်။ အခုလက်ရှိ ့့့ မှာ နေထိုင်ပြီး အလုပ်လုပ်နေပါတယ်။ လွန်ခဲ့သော နှစ်နှစ်ကျော်က မြန်မာပြည် ခဏပြန်နားချိန် ချောင်းဆိုး ရင်ကြပ်ဖြစ်ပြီး ဆေးခန်း ပြ သောက်ဆေးမျိုးစုံနှင့် ရက် အတန်ကြာကုခဲ့ရဖူးပါတယ်။ မသက်သာလို့ ဆရာဝန်က Inhaler ဆေးစသုံး ခိုင်းရာမှ ၆ လကျော်အကြာ သက်သာပြီး Inhaler ကို ကျွန်မ ဆက်မသုံးဖြစ်ရာမှ ယခုတဖန် ရင်ပြန်ကြပ်နေပါတယ်။ တိုင်းတပါးလုပ်ငန်းခွင်ထဲမှာမို့ ဆေးခန်းပြဖို့ ခက်ခဲနေလို့ ကိုယ်သဘောနဲ့ ကိုယ် Ventolin Inhaler ကို မြန်မာကနေမှာပြီး သုံးနေရပါတယ်။ ယခင် သုံးခဲ့တဲ့ Inhaler ဆေး အမည် မမှတ်မိလို့ Ventolin သုံးမိတာပါ။ ယခု ဆေး ကို တနေ့ နှစ်ကြိမ်မှ သုံးကြိမ် ရှူနေရပါတယ်။ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးလေး သိပါစေ ဆရာ။ ကျွန်မအတွက် ဘယ်လို Inhaler ဆေးသုံးသင့်လဲဆိုတာ ကူညီ အကြံဉာဏ်လေးပေးပါရှင့်။

Ventolin ဘေးထွက်သက်ရောက်မှုများ
အများအားဖြင်း ဆေးရှူစမှာဖြစ်တယ်။ မိနစ်အနည်းငယ်ကြာတယ်။ နာရီအထိလည်း တချို့ကြာတယ်။ Salbutamol ဆေးကြောင့်ဖြစ်တယ်။ ဆေးက 100 mcg per puff အဆုတ်ထဲကိုဝင်တယ်။ လူ ၁၀ ယောက်မှာ ၁ ယောက်ဖြစ်တာတွေက လူတုန်နေသလိုခံစား။ ခေါင်းကိုက်။ လူ ၁၀၀ မှာ ၁ ယောက်ဖြစ်တာတွေက ပါးစပ်ထဲ နေမထိသလိုခံစား။ အိပ်ရတာအဆင်မပြေ။ စိတ်လှုပ်ရှား။ အာခေါင်ခြောက်။ လျှာအရသာပျက်။ လက်တုန်။

Dr. တင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Allergic skin အရေပြား အလာဂျီ

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ