Cough Syrups ချောင်းဆိုးပျောက်ဆေးများ
၁။ ဆရာခင်ဗျား။ ကျွန်တော်၏ညီ ၆၅ နှစ် သွေးတိုးရှိသူ ချောင်းချောက် (ခြောက်)ဆိုး မောနေသဖြင့် သင့်လျောသောချောင်းဆိုးပျေက်ဆေးညွှန်ကြားပေးပါရန်လေးစားစွာ မေတ္တာရပ်ခံ အကူအညီတောင်းပါတယ်ဆရာ။
၂။ သမီးကချောင်းဆိုးတာ သိသလောက်ဆို တော်တော်ကြာပါပြီဆရာ။ အမြဲဆိုးနေတာတော့ မဟုတ်ပါဘူး။ ခုလိုမျိုး ရာသီဥတု အေးလာတဲ့အခါမျိုးနဲ့ အနံ့တွေရတဲ့အခါမျိုးတွေဆို လည်ချောင်းယားပြီး ချောင်းအရမ်းဆိုးပါတယ်ဆရာ။ ဘယ်လောက်ထိ ဆိုးသလဲဆိုရင် ပျို့ပြီးတောင် အန်ပါတယ်။ ဆေးတွေလည်း သောက်တာစုံပါပြီ။ ဆေးခန်းလည်း ပြပါတယ်။ သလိပ်လည်းစစ်ဖူးပါတယ်။ ဓာတ်မှန်လည်းရိုက်ဖူးပါတယ်။ အဲ့ဒီ့တုန်းကတော့ ဘာမှမရှိပါဘူး။ သမီး အလုပ်လုပ်နေတော့ လူကြားထဲရောက်ရင် ချောင်းဟန့်ရတာအရမ်းအားနာလို့ပါ။ ခုလည်းအရမ်းဆိုးနေတာပါ။ သမီး ဘာလုပ်သင့်လဲ အကြံပေးပါနော်။၃။ ဆရာခင်ဗျာ Dextromethorphan ဆေးလေးအကြောင်းစုံသိချင်ပါတယ်။ အရင်တုန်းက ကြိုက်နှစ်သက်လို့ နှစ်ချီစွဲခဲ့ပြီး အတော်တော်ဖျက် (ဖြတ်လို့ရေးရတယ်) ခဲ့ရဖူးပါတယ်။ google မှာရှာပြီး အကြောင်းအရာတွေကို သိထားပေမယ့် မစုံလင်သေးဘူးထင်လို့ပါ။ လူငယ်တွေကိုလည်း သိစေချင်လို့ ရေးပေးပါရန် မေတ္တာရပ်ခံပါတယ် ခင်ဗျာ။
၄။ ဆရာရှင့် သမီးက ယခင်ကတည်းက ရာသီဥတုအပြောင်းအလဲနဲ့ ရာသီဥတုအေးလာပြီဆိုရင် နှာစေးတတ်ပါတယ်။ အခုကိုယ်ဝန်ဆောင်ချိန်မှာလဲဖြစ်နေပါတယ်။ နေမကောင်းပါဖြစ်ချင်နေပါတယ်။ ဘယ်လို ဆေးဝါးမျိုး သုံးသင့်ပါသလဲရှင့်။
ချောင်းဆိုးတာ ရောဂါမဟုတ်ပါ။ ရောဂါတခုခုရှိနေလို့ဖြစ်လာတဲ့ ရောဂါလက္ခဏာသာဖြစ်တယ်။ အခံရောဂါကိုကုဘို့ ပိုအရေးကြီးတယ်။ အမျိုးမျိုးရှိတယ်။ ချောင်းခြောက်ဆိုးတာ၊ ချွဲထွက်ပြီးဆိုးတာနဲ့ ရင်ကျပ်ပြီးဆိုတာ။ ရောဂါအလိုက် ရွေးရမယ်။ Expectorant ချွဲရှိနေသူတွေကိုပေးတာက ချွဲကိုတမင် မထွက် ထွက်အောင် လုပ်ပေးတာမျိုး ဖြစ်တယ်။ ချွဲဆိုတာ အထဲမှာရှိနေရင် ထွက်လာမှ ကောင်းတယ်။ Dry cough လည်ချောင်းယားလို့ ဆိုးတဲ့သူကို အဲလို ချောင်းဆိုးပျောက်ဆေး မပေးရပါ။ ချောင်းဆိုးပျောက်ဆေးတွေမှာ သတိပေးချက်တွေရှိပါတယ်။ ကလေးတွေအတွက် ဘေးထွက်ဆိုးကျိုးတွေသာမက ထိရောက်မှုအတွက်ပါ မေးစရာတွေ ရှိတယ်။
Antitussive medicines အမျိုးအစားထဲမှာ အင်တီဟစ်တမင်း၊ dextromethorphan နဲ့ codeine or hydrocodone တွေပါတယ်။ ကိုဒင်းဆိုတာ မူးယစ်ဆေးတမျိုးဖြစ်တယ်။ ချောင်းဆိုးပျောက်ဆေး အများစုထဲမှာ အရက်ပါသေးတယ်။ ပန်းနာဆိုရင် အကျပ်သက်သာဆေးပါတာမျိုးမှ သင့်တယ်။ Ephedrine/Aminophylline/Salbutamol ဆိုတာမျိုးပါမယ်။ မူးယစ်စေတာမျိုးကို အလုပ်ချိန်၊ ကျောင်းချိန်ကိုကြည့် သောက်ရမယ်။ ချောင်းဆိုးစေတဲ့အကြောင်းတွေက မတူပါ။ ရာသီဥတုကြောင့်ဖြစ်တာက များတယ်။ အလာဂျီအတွက် သောက်ဆေးကို ပိုအားကိုးရတယ်။ ပိုးဝင်တာမှာလည်း ဗိုင်းရပ်စ်ကြောင့် ပိုများတယ် ပိုးသေဆေး မလိုပါ။ ဥပမာ အအေးမိတာ၊ ဥတုကြောင့်ဖြစ်တာ။ ဗက်တီးရီးယားကြောင့် လေပြွန်ရောင်၊ အဆုပ်ရောင်နဲ့ နူမိုးနီးယားဖြစ်ရင်တော့ ပိုးသေဆေးကို ချောင်းဆိုး ပျောက်ဆေးထက် ပိုအားကိုးရပါမယ်။
လည်ချောင်းနဲ့ လေပြွန်မကြီး ရောင်တာကို Croup ခရော့ပ်လို့လဲ ခေါ်တယ်။ ဗိုင်းရပ်စ်ကနေဖြစ်တယ်။ အသံသြမယ်၊ အသက်ရှူသံ ဆူညံနေမယ်၊ စူရှပြီး ဟောင်သလို ချောင်းဆိုးမယ်။ ၅ နှစ်အောက် ကလေးငယ်တွေမှာ ဖြစ်တာများတယ်။ အအေးမိရာကနေ ဆက်ဖြစ်တတ်တယ်။ သူ့ဖါသူလဲ ပျောက်တယ်။ စတီရွိုက်ဆေးပေးနိုင်တယ်။ ရောင်နေတာတွေ လျှော့စေမယ်။ Nebulized epinephrine (Adrenaline) ဆေးကိုလဲ သုံးနိုင်တယ်။
နှာခေါင်းပိတ်နေတာကို Decongestants ဆေးက သက်သာစေတယ်။ စားဆေး၊ ထည့်ဆေးရှိတယ်။ စတီရွိုက်အစက်ချနဲ့ ပန်းဆေး၊ Mucolytics အချွဲပျော်ဆေး၊ အင်တီဟစ်စတမင်းဆေး နဲ့ Amoxycillin ပဋိဇီဝဆေးတွေနဲ့ ကုသတယ်။ နှာခေါင်းထဲ ဆားရည်ဖြန်းတာလဲ သက်သာစေတယ်။ ခွဲစိတ်တာလဲ လုပ်ရတတ်တယ်။
အသံအိုးရောင်ရင် အသံသြနေမယ်၊ ကလေးဆိုရင် အဟွတ်-အဟွတ် နေမယ်၊ Steroids 20-40 mgs ရှူနိုင်တယ်။ ရေနွေးငွေ့ရှူတာ ကောင်းတယ်။ အသံအိုးရောင်တာက အစာချေရည် အထက်ဆန်လို့ ဖြစ်ရတာဆိုရင် Ranitidine နဲ့ Omeprazole ဆေးတွေကိုပါ ၄-၆ ပါတ်ကြာအောင် ပေးရမယ်။
ချောင်းဆိုးနေသူတွေအတွက် ချောင်းဆိုးပျောက်ဆေး မဟုတ်တာသုံးရင် ပိုကောင်းတာတွေရှိတယ်။ ရေငွေ့ဓါတ်ပေးတာ၊ ရေ-အရည် ပိုသောက်တာနဲ့ နှာခေါင်းထဲ ဆားရည်စက် ချပေးတာ၊ အနားယူတာတွေလုပ်သင့်တယ်။ ကလေး ၄-၅ နှစ် ဆိုရင် အစက်ချဆေးပေးသင့်တယ်။ မြန်မာဆေးထဲမှာ ကွမ်းရွက်ကလဲ ထိရောက်တယ်။ ကွမ်းရွက်ကို လျှက်ဆားလုပ် ရောင်းတာလည်းရှိတယ်။ ကျွန်တော်တော့ ဆောင်းတွင်းမှာ ပုံထဲက ပျားရည်နဲ့ သံပရာချိုချဉ်ကို ဆောင်ထားရတယ်။
ဒေါက်တာတင့်ဆွေ


Comments
Post a Comment