Digital blood pressure monitors ဒစ်ဂျစ်တယ် သွေးဖိအားတိုင်းကရိယာ

၁။ ဆရာ သွေးပေါင်ချိန်တိုင်းတာ ပုံမှန် (လူကြီး၊ကလေး) သွေးတိုး သွေးပေါင်ကျ ဘယ်လိုကြည့်လဲဆရာ။ blood pressure monitor စက်ပါ ဆရာ။ ဆရာအားတဲ့အခါ ပြန်ဖြေပေးစေချင်တယ်ဆရာ။ သွေးတိုး သွေးပေါင်ကျ ဆောင်ရန်၊ ရှောင်ရန် ရေးပေးစေချင်တယ်ဆရာ။

၂။ မင်္ဂလာပါဆရာရှင့်။ သွေးပေါင်တိုင်းတဲ့အခါ ရိုးရိုးလက်နဲ့တိုင်းလို့ရတာနဲ့ digital တိုင်းတာနဲ့အဖြေအတူတူဘဲလားရှင့်။ digital နဲ့တိုင်းလို့ ထွက်လာတဲ့အဖြေကို ဂဏန်းအတိုးအလျော့လုပ်ရတာမျိူး ရှိပါသလားရှင့်။ အိမ်ကအဘွားကို digital နဲ့သွေးပေါင်တိုင်းရမှာဖြစ်လို့ ဗဟုသုတအနေနဲ့ မေးကြည့်တာပါရှင့်။ ဆရာကျန်းမာပါစေ။ ကျေးဇူးတင်ပါတယ်။

၃။ မင်္ဂလာပါ ဆရာရှင့် ကျွန်မရန်ကုန်မှာနေပါတယ်။ ဆရာမလုပ်နေပါတယ်ရှင့်။ သံဃာတပါးကို သွေးဖိအားတိုင်းစက် ဝယ်လှူချင်တာ လက်ကောက်ဝတ်တိုင်းစက်နဲ့ လက်မောင်းကတိုင်းရတဲ့စက် ဘယ်ဟာကပိုတိကျလဲ ဆရာ့ဆီက အကြံတောင်းချင်လို့ပါရှင့်။

သွေးဖိအားတိုင်းကရိယာတွေက အမျိုးအစား အကြမ်းအားဖြင့် (၃) မျိုးရှိပါတယ်။ (၁) ဆေးရုံတိုင်း၊ ဆေးခန်းတိုင်းမှာ မြင်နေကြတဲ့ Sphygmomanometer (ဆဖစ်ဂမို-မင်နိုမီတာ)၊ Dial type Blood pressure Apparatus ဒိုင်ခွက်ပါ ကရိယာနဲ့ (၃) Digital blood pressure monitors (ဒစ်ဂျယ်တယ်လ်) ကရိယာတွေဖြစ်တယ်။

(ဒစ်ဂျယ်တယ်လ်) အလိုအလျှောက် တိုင်းနိုင်တဲ့ သွေးဖိအားတိုင်း ကရိယာတွေကလဲ အမျိုးမျိုးရှိသေးတယ်။

ကြော်ညာတွေ ကြည့်ပြီး ပိုကောင်း-မကောင်း ပြောဘို့ ခက်တယ်။ British Hypertension Society (BHS) က ညွှန်တာကတော့ စိတ်ချနိုင်တယ်။ ရှာဘို့တော့ခက်နိုင်တယ်။ လက်မောင်းပတ်တာက လက်ကောက်ဝတ်ပတ်တာထက် ပိုကောင်းတယ်။

စျေးနှုန်း။ Fully automatic ဆိုရင် စျေးပိုမယ်။ Internal pumps ဆိုတဲ့ သူ့ဖါသာသူ လေဖြည့်တာပါတယ်။ ကိုယ်တိုင် လေသွင်းရတဲ့ ရာဘာအလုံး ပါနေရင် စျေးသက်သာတယ်။ (မင်မိုရီ) မှတ်ဉာဏ်များများ မှတ်ထားနိုင်တာ ပိုစျေးကြီးမယ်။ ဘာဖြစ်ဖြစ် အညွှန်းကိုဖတ်ပါ။

လက်မောင်းပတ်အစ အရွယ်အစားက တိုင်းမဲ့လူနဲ့ ကိုက်ရမယ်။
- Small အသေး = 18-22 cm = 7.1-8.7”
- Medium အလတ် = 22-32 cm = 8.8-12.8”
- Large အကြီး = 32-45 cm = 12.8-18”

ဘယ်လိုတိုင်းရမလဲ။ စက်နဲ့ လူနာရဲ့နှလုံး ရေပြင်ညီတား တိုင်းပါ။ စိတ်တည်ငြိမ်မှ တိုင်းရင် အဖြေမှန် ရနိုင်တယ်။

များသောအားဖြင့် ဂဏန်း ၃ မျိုး ပြတာဖြစ်တယ်။
၁။ အရင်ဆုံးက Systolic pressure အထက်သွေး၊
၂။ နောက်က Diastolic pressure အောက်သွေး၊
၃။ အောက်ဆုံးက Heart rate/Pulse rate နှလုံးခုန်နှုံး ဖြစ်တယ်။

သွေးပေါင်ချိန်လို့ခေါ်တာမမှန်ပါ။ သွေးဖိအားဖြစ်ပါတယ်။ ပေါင်ဆိုတာ ၁၆ အောင်စ = ၁ ပေါင်၊ အလေးချိန်ကိုတိုင်းတဲ့ ယူနစ်ဖြစ်တယ်။ အခုတိုင်းတာက ဖိအားဖြစ်ပါတယ်။ ဖတ်ပြီးရင် တချို့စက်တွေမှာ ၅% အပေါင်း-အနုတ် ထည့်ရတယ်။ ဥပမာ
- BP = 117/77 and 123/83 ဆိုတာ 120/80 လို့ ယူနိုင်တယ်။
- Pulse = 76 and 84 ကို 80/min လို့ ယူနိုင်တယ်။

Blood pressure သွေးဖိအားနဲ့ Heart rate နှလုံးခုန်နှုန်းတွေဟာ အမြဲ ပြောင်းလဲနေတယ်။ တခါတိုင်းပြီး ချက်ချင်း တိုင်းကြည့် မတူတော့ပါ။ ကောင်းတာက ၃ ခါတိုင်းပြီး၊ ပျမ်းမျှယူနိုင်တယ်။ စက်တွေဟာ ဘက်ထရီနဲ့ အလုပ်လုပ်တာမို့ ဘက်ထရီကောင်းနေရမယ်။ အခါအားလျှော်စွာ စစ်ရမယ်။ ဘက်ထရီ ကောင်းတာပါရင် စျေးပိုနိုင်တယ်။ Monitors ဆိုတဲ့ ဂဏန်းပြ မျက်နှာပြင်ကိုလဲ Recalibration လုပ်ပေးသင့်တယ်။

အီလက်ထရောနစ်ပစ္စည်းတိုင်း နှစ်ကာလကြာရှည် မခံပါ။ Quatz နာရီတွေ၊ ကွန်ပြူတာတွေလိုပဲ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ