Dizziness အမူးရောဂါ



- ဆရာရှင် ကျွန်မအသက် ၃၂ နှစ်ပါ အိမ်ထောင်မရှိပါရှင် ဒီလထဲမှာ ၄-၅ ကြိမ်ထက်မနည်း ထိုင်နေသည်ဖြစ်စေ၊ ရပ်နေသည်ဖြစ်စေ၊ အိပ်နေသည်ဖြစ်စေ ခေါင်းထဲမှာ ဆွဲခါလိုက်သလို မူးပြီး ပြာသွားပါတယ်ရှင် သွေးပေါင်ချိန်ကြည့်တာတော့ 120/80 mmHg ရှိပါတယ်ရှင် ကိုယ်အလေးချိန် 170 ဝန်းကျင်ရှိပါတယ်ရှင် အဲဒါ ဘာကြောင့်ဖြစ်တာလဲ သိချင်လို့ပါရှင် ပြီးရင် ဘယ်လိုလုပ်ရင် သက်သာနိုင်မလဲရှင် ဆရာ ကျေးဇူးပြု၍ ဖြေကြားပေးပါဦးရှင်

၁။ ဆရာမင်္ဂလာပါ အသက်က ၃၃နှစ်ပါ နို့တိုက်မိခင်ပါ အခုရက်ပိုင်းအိပ်နေရင်း ဘေးတဖက်ကို စောင်းလိုက်ရင် မူးပြီး ရင်ထဲပျို့တက်လာပါတယ် ခန (ခဏ) ဖြစ်ပြီးပြန်ကောင်းသွားပါတယ် တခြားတဖက်ကို စောင်းရင်တော့ ဘာမှမဖြစ်ပါ အဲ့ဒါရောဂါတခုရဲ့ လက်ခဏာများလားသိပါလို့ပါဆရာ သွေးပေါင်တော့အမြဲကျတက်ပါတယ် ဆရာကျန်းမာပါစေ

၂။ ဆရာရှင့် ကျမအသက် ၄၉နှစ်ရှိပါပြီ။ ကျမ ( - ) မှာနေပါတယ်။ မနက်မိုးလင်း အိပ်ယာထ ဦးခေါင်းလှည့် မျက်စေ့ ဖွင့်လိုက်ရင် ခြာခြာလည်အောင် မူးတယ်ဆရာ။ ဘာဖြစ်တာလည်း။ ဆရာသွေးပေါင်ကျလို့လားဆရာ။ ကျေးဇူးပြု၍ ဖြေကြားပေးပါရှင့်။

၃။ မင်္ဂလာပါဆရာ ကျနော့်အသက် ၅၂ နှစ်ပါ။ အသက် ၃၇ နှစ်မှာ လည်ပင်းအရိုးကြီးပေါင်းဖြစ်ပါတယ်။ အသက် ၅၀ မှာ မူးတဲ့ဝေဒနာခံစားရပါတယ်။ အပေါ်မော့်ကြည့်တဲ့အခါ ညာစောင်းအိပ်တဲ့အခါ မူးပါတယ်။ အဲဒီမူးတာနဲ့ဘဲ အလုပ်ကနေ အိမ်ပြန်ခဲ့ပါတယ်။ ရန်ကုန်မှာဆေးပြန်ကုတာသက်သာပါတယ်ဆရာ။ အခုအသက် ၅၂ မှာ နားအတွင်းကအသံ မြည်နေတာပါ။ ထိုင်ရာကထတဲ့အခါ ညာ-ဘယ်ဘက်စောင်းအိပ်တဲ့အခါ၊ ဘုရားဦးချနေတဲ့အခါ နားထဲကအသံတွေမြည်နေ ပါတယ်ဆရာ။ ကိုယ်ကိုပြန်မတ်လိုက်ယင်တော့အသံမမြည်တော့ပါ။ လေးစားစွာဖြင့်။

၄။ ဆရာရှင့် ကျမအသက်က ၄၁ နှစ်ပါရှင့်။ ကလေးနှစ်ယောက်ရှိပါတယ်ရှင့်။ အခြားထွေထွေထူးထူးရောဂါမရှိပါဘူးရှင်။ လွန်ခဲ့တဲ့ ၂၀၁၅ တုန်းကတခါ၊ အခု ၂၀၁၇ ဖေဖေါ်ဝါရီထဲမှာတခါ မျက်စိကလေးစောင်းကြည့်လို့မရအောင်ကို မူးတာပါရှင့်။ ခေါင်းကိုလည်း နည်းနည်းလေးမှလှုပ်မရဘဲ မျက်စိမှိတ်ထားမှ နေသာပါတယ်။ စားသမျှအကုန်အန်ထွက်ပြီး တော်တော်လေးနေရခက်ပါတယ်။ အိမ်နားကဆေးခန်းက အာရုံကြောအအေးပတ်တာလို့ပြောပါတယ်ရှင့်။ ကျမထပ်ဖြစ်မှာ အရမ်းကြောက်ပါတယ်ဆရာကြီးရှင့်။ အဲဒီရောဂါက ဘာအကြောင်းတွေကြောင့် ဖြစ်တတ်ပါသလဲ။ ထပ်မဖြစ်အောင် ဘယ်လိုဆင်ခြင်နေထိုင်ရမလဲဆိုတာ ကျေးဇူးပြုပြီးဖြေကြားပေးပါရှင်။

၅။ ကျွန်တော် သတင်းစာသတင်းအယ်ဒီတာ တယောက်ဖြစ်ပါတယ်။ သတင်းအတွက် မေးမြန်းခြင်းမဟုတ်ပါ။ ကျွန်တော့ ကျန်းမာရေးအတွက် မေးမြန်းခြင်းဖြစ်ပါသည်ခင်ဗျာ။ ကျွန်တော့အသက် ၃၇ ပြည့်ပါတော့မည်။ ရန်ကုန်ကပါ။ ကျွန်တော် ဖြစ်နေတာက မနက်အိပ်ရာထတဲ့အချိန်မှာ မူးနောက်နောက် ရီဝေဝေဖြစ်နေတာကနေ အခုထိုင်နေရင်း လှုပ်ရှားမှုတခုခု ပြုလိုက်တိုင်း ရီဝေဝေဖြစ်လာပါတယ်။ သတိထားမိတာ တပတ်တိတိ ရှိပါပြီခင်ဗျာ။

နားအတွင်းဆုံးထဲက ကိုယ်ခန္ဓာမျှခြေကိ်ုထိန်းပေးနေတဲ့ အင်္ဂါတွေမှာ ရောဂါရရင် ဥပမာ Labyrinthitis ရောဂါ၊ Ménière's disease နားအတွင်းဖုံးလွှာရောင်ရောဂါ၊ Vestibular neuronitis နားအာရုံကြောရောဂါ၊ Tinnitus နားထဲမည်နေတဲ့ရောဂါ တွေမှာလဲ ဖြစ်နိုင်တယ်။ ဒါ့အပြင် နားစည်ပေါက်ခြင်း၊ နားအလယ်ခန်းရောင်နေရင်လည်း မူးနိုင်တယ်။

Dizziness အမူးရောဂါဆိုတာ ခေါင်းထဲပေါ့နေတာ၊ Vertigo ဆိုတာက ခေါင်းထဲမှာ ဝိုင်းခြာလည်နေတာ၊ Nystagmus မျက်လုံးက စိတ်ကလုပ်တာမလုပ်ဘဲနဲ့ အချက်ကျကျ မြန်မြန်လှုတ်နေတာ၊ Syncope သတိလက်လွတ် ဖြစ်တာတွေနဲ့ တွဲနေတယ်။ ဒီလက္ခဏာတွေ မပါဘဲ ခေါင်းမူးတာက စိုးရိမ်းစရာမရှိပါ။

ဦးနှောက်ကို အောက်စီဂျင် လုံလောက်အောင် မရလို့ ဖြစ်တာများတယ်။ ထိုင်ရာကနေ ရုတ်တရက် ထလိုက်ချိန်မျိုးမှာ ဖြစ်တာက သွေးဖိအား ယာယီကျသွားလို့ပါ။ နှလုံးခုန်မမှန်တာကနေလည်းဖြစ်နိုင်တယ်။ သွေးအားနည်းနေသူ ဟီမိုဂလိုဘင်နည်းနေသူ၊ နောက်ပြီး အအေးမိပျောက်ဆေး၊ စိတ်မကျဆေး၊ သွေးဖိအားကျဆေး၊ အင်တီဟစ်တမင်းဆေးနဲ့ ဆီးသွားဆေးတွေ သောက်နေရင်လဲ ဖြစ်စေနိုင်တယ်။ ဝမ်းပျက်-ချွေးထွက်များသူတွေလဲ သွေး-အရည်ထုထည်ကျနေလို့ ဖြစ်နိုင်တယ်။

တကယ်လို့ ခေါင်းထဲမှာပေါ့နေပြီး သတိလစ်ချင်တာနဲ့တွဲနေရင် နှလုံး-သွေးကြောရောဂါ ရှိ-မရှိ စစ်ဆေး-ကုသရမယ်။ ဆီးချို၊ မာလ်တီပယ်-စကယ်လ်ရိုးဆစ်ရောဂါနဲ့ ပါကင်ဆန်ရောဂါနဲ့လဲ တွဲနေတတ်တယ်။

အရုပ်၂ ခုမြင်နေတာနဲ့တွဲနေရင် ဦးနှောက်ပင်စည်နေရာမှာ ရောဂါရနေသလား စစ်ဆေးရမယ်။ မူးတာက စကားပြော သိပ်နှေးလာတာနဲ့တွဲနေရင် Stroke ဦးနှောက်လေဖြတ်တာနဲ့ Brain tumor ဦးနှောက်အကျိတ် ဖြစ်နိုင်တယ်။

တခြားအကြောင်းခံတွေကတော့ စိုးရိမ်စိတ်ကဲ၊ စိတ်ဖိအားများ၊ အားကုန်၊ အပြင်းဖျား၊ ချောင်း အတင်းဆိုးတာ၊ ဆီးသွား-ဝမ်းသွားတာမှာ အားစိုက်ထုတ်ရတာ၊ အစာအိမ်ရောင်၊ အအေးမိ၊ လည်ပင်းမှာ ဖိအားသက်ရောက်ခံနေရတာ၊ ပတ်ခြာလည်စရာကိုစီးတာ၊ သွေးဖိအားကျတာ၊ သိပ်နာကျင်တာ၊ ကြောက်စိတ်ကြီးတာ၊ သတိဆွဲပြီး အကြာကြီး ရပ်နေရတာ၊ အရက်သောက်များတာ၊ မူးယစ်ဆေး၊ အသက်ရှူ အလွန်မြန်တာ၊ သွေးထဲသကြားဓါတ်နည်းတာ၊ ဟစ်တီးရီးယား အတက်ရောဂါတမျိုးတွေဖြစ်တယ်။

အသက် ၄ဝ ကျော်သူတွေမှာ ၄ဝ% ဖြစ်နိုင်ခြေရှိတယ်။ မိန်းမတွေက ယောက်ျားတွေထက် ၂ ဆ နည်းပါး ပိုဖြစ်တယ်။ မိုင်ဂရင်းရောဂါရှိသူထဲက ၄ ယောက်မှာ ၁ ယောက်၊ Multiple sclerosis ရောဂါရှိသူတွေထဲက ၃ ယောက် ၁ ယောက်၊ အမူးရောဂါ ခံစားနေရသူတွေထဲမှာ ၂၅-၄ဝ% ဟာ Benign paroxysmal positional vertigo (BPPV) ဆိုတာ ဖြစ်နိုင်တယ်။

• Acute Periphreral Vertigo အမူးရောဂါ

BPPV အရက်မသောက်ဘဲ မူးတဲ့ရောဂါ

PPPD ခေါင်းမူးရောဂါတမျိုး

Vertigo အမူးရောဂါစာတွေ ဘလော့မှာရှိတယ်။

ကျွန်တော်လည်း Meclizine 25 mg ဆေးကိုဆောင်ထားရတယ်။ ဒီနိုင်ငံရောက်ပြီး ပဌမနှစ်မှာ ညကြီး အရေးပေါ် သွားရတယ်။ အစမှာ တနေ့ ၃ ကြိမ်။ နောက် ၂ ကြိမ်၊ ၁ ကြိမ်သောက်တယ်။ တပတ်နဲ့ပျောက်တယ်။ နောက်နှစ်တခါ ထပ်ဖြစ်တော့ ဒီဆေးပဲသောက်တာ ၄-၅ ရက်နဲ့ပျောက်ပြန်တယ်။ မဖြစ်တာ ကြာသွားပြီ။ အေးတဲ့အချိန်မှာ ဖြစ်တယ်။ ကျွန်တော့် ဘယ်ဘက်နားအတွင်းမှာ တခုခုဖြစ်နေတာ သိတယ်။ ရောဂါအမည် Dizziness ဖြစ်တယ်။

Dr. တင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ