Heart rate နှလုံးခုန်နှုန်း

(အင်္ဂလိပ်စာလုံးလေးတွေကို ကျော်ဖတ်နိုင်ပါတယ်။ ဆောရီး။)
၁။ ဆရာခင်ဗျာ ကျနော်က အသက် ၅၃ နှစ်ပြည့်ပြီး(ကျား)ပါ၊ မနက်အိပ်ယာ(အိပ်ရာ)နိုးရင် နှလုံးခုန်နှုန်းက တမိနစ်ကို အကြိမ်ရေ ၉၀ ကျော်နေပါတယ်၊ အဲ့ဒါသွေးတိုးတယ်ထင်လို့ မနက်စောစော မှမစားမီ  AMLOSUN 5 တနေ့တလုံးသောက်နေတာ လနဲ့ချီနေပါပြီ၊ သောက်သင့်လားဆိုတာ သိချင်တာပါဆရာ တခါတရံ နေ့ဘက်တွေမှာပါ နှလုံးခုန်နှုန်းက တမိနစ်ကို အကြိမ်ရေ ၉၀ ကျော်နေတာပါဆရာ၊ လက်ကောက်ဝတ်ကိုစမ်းပြီး နာရီနဲ့မှတ်တာပါဆရာ
၂။ ဆရာရှင့် သမီးအဖေက အသက် ငါးဆယ့်နှစ်နှစ်ပါ နှလုံးတွေအရမ်းခုန်ခုန်နေတာ ခဏခဏဖြစ်ပါတယ်ဆရာ ဆေးပေါ့လိပ်အရမ်းသောက်ပါတယ်ဆရာနှလုံးရောဂါ ဖြစ်နိုင်ပါသလားဆရာ
တမိနစ်မှာ နှလုံးဘယ်လောက် ခုန်သလဲ။
အဖေ့ကိုပြန်မေးပြီး ပြောပါ့မယ်ဆရာ အဖေနဲ့က တစ်နေရာ (တနေရာ) စီမို့လို့။
သွေးတိုးဆိုသူတွေ အထက်ဂဏန်းနဲ့ အောက်ဂဏန်း သိရမယ်။ နှလုံးခုန်နှုန်း တမိနစ်ဘယ်လောက်သိရမယ်။ အဲဒီဂဏန်းတွေမပါပဲ ဖြေမရပါ။
၃။ မင်္ဂလာပါဆရာ။ ကျွန်မက အသက် (၃၂)နှစ်အမျိုးသမီးပါ။ ဖြစ်နေတာက နှလုံးခုန်မမှန်တာပါ။ ထိုင်နေရင်း၊ အိပ်ရာထဲ လှဲနေရင်းကနေ ရုတ်တရက် နှလုံးခုန် မြန်လာတတ်တာပါ။ တနေ့ကို တခေါက်၊ နှစ်ခေါက်လောက်ဖြစ်လေ့ရှိပါတယ်။ ဖြစ်တာက တခါနဲ့ တခါ ကြာချိန်မတူပါဘူး။ တိုင်းကြည့်တာတော့ ၁၁၀-၁၀၈ လောက်ဖြစ်နေပါတယ်။ ဒီလိုဖြစ်ဖြစ် နေတာက နှစ်လလောက်တော့ရှိပါပြီ။ ကျွန်မက အိမ်ထောင်သည်ပါ။ ကိုယ်ဝန်ငါးလရှိပါတယ်။ ကိုယ်ဝန်မရခင်က ရာသီမှန်ပါတယ်။ ဆရာ အဆင်ပြေရင် ဖြေပေးပါနော်။ ကျန်းမာရေးအသိပညာတွေ မျှဝေပေးနေတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်ရှင့်။
၄။ ဆရာ နှလုံးခုန်နှုန်းနဲ့ပက်သတ်ပြီး (ပတ်သက်ပြီး) သိချင်ပါတယ်ဆရာ။ ကျွန်တော်အခုမနက် ၂နာရီတိုင်းကြည့်တာ ၆၂ ကြိမ်။ မနေ့က ညနေတိုင်းကြည့်တော့ ၈၀ ကြိမ်ရှိတယ်။ အဲဒါဘာကြောင့်ကွာတာလဲဆရာ။ ကျွန်တော့်ကလေးလဲတိုင်းကြည့်တယ်။ အခုမနက် သူကတော့ ၈၄ ကြိမ်၊ မနေ့ကညနေ ၉၅ ကြိမ်လောက်ရှိတယ်။ ကျန်းမာရေးဗဟုသုတအနေနဲ့သိချင်လို့ဆရာ။ ပုံမှန်ရှိသင့်တဲ့ကြိမ်ရေလေးရောပြောပြပေးပါလား။ ကလေးရောလူကြီးရော ခုန်နှုန်းမမှန်ရင်ဘာတွေဖြစ်နိုင်လဲဆရာ။ ကျွန်တော့် အဒေါ်ဆိုရင်မနေ့ကညနေက ၁၃၅ ကြိမ်တောင်ခုန်တယ်။ သူကတော့ဆရာဝန်ပြထားရတယ်။ ဆေးတော့ သောက်နေရတယ်။
၅။ မင်္ဂလာပါဆရာ။ ကျွန်တော့်သမီးက ၁ နှစ်နဲ့ ၈ လပါ။ ကလေးက သွေးခုန်နှုံး အရမ်းမြန်နေလို့ပါဆရာ။ ၁ မိနစ်ကို ၁ဝ၉ ကြိမ်လောက် ခုန်နေတာပါ။ ဆရာ့ဆောင်းပါးတပုဒ်မှာ လူတယောက်ရဲ့ သွေးခုန်နှုံး ၁ မိနစ် ၈ဝ ကြိမ်ထက်ကျော်ရင် နှလုံးရောဂါ ဖြစ်နိုင်တယ်လို့ ဖတ်ဖူးပါတယ်ဆရာ။  ၁ မိနစ် ၈ဝ ကြိမ်ဆိုတာက လူကြီးအတွက်လားဆရာ။ ကလေးအတွက် စိုးရိမ်လို့ပါ။
၆။ ဆရာ သမီးကသားဖွားဆရာမပါ။ post ကျတာ တနှစ်ပဲရှိပါသေးတယ်။ ဆေးပညာနဲ့ပက်သက်ရင် အားနည်းပါတယ်။ ရွာမှာနေတဲ့အတွက် ပညာလဲနည်းပါတယ်။ နည်းနည်းပါးပါး သိချင်တာလေးတွေ ဆရာကိုမေးချင်ပါတယ်။ သမီးတို့လို မသိသူတွေအတွက် မှတ်သားရအောင်ပါ။ နှလုံးခုန်နှုန်းနဲ့ သွေးခုန်နှုန်းရဲ့ အသံနဲ့ထိတွေ့မှုကိုကြည့်ပြီး ရောဂါလက္ခဏာနဲ့ ဖြစ်နိုင်ပုံ ကုသပုံတွေကို သိချင်ပါတယ်။ ဆေးဝါးတွေအများကြီးမသိပေမဲ့ သမီးတို ့အနေအထားနဲ့ တတ်နိုင်တာလေးတွေနဲ့ ကူညီချင်ပါတယ်။ internet ကို ကောင်းကောင်းမသုံးတတ်ပါဘူး။ ဒါကြောင့် ဆရာ့ဆီစာရောက်ပါ့မလားမသိဘူး။ နောက်လဲသိချင်တာရှိရင် မေးခွင့်ပြုပေးပါဆရာ။ လေးစားစွာဖြင့်။
နှလုံးခုန်နှုန်းကို ကိုယ်လက်လှုပ်ရှားမှု၊ အလုပ်ပင်ပန်းမှု၊ ကိုယ်ဝန်ဆောင်ခြင်း၊ စိတ်လှုပ်ရှားမှုတွေကနေ သက်ရောက်တယ်။ အဲတာမျိုးတွေကို ဇီဝကမ္မအပြောင်းအလဲ တနည်းအားဖြင့် ရောဂါမဟုတ်လို့သတ်မှတ်တယ်။ နှလုံးခုန်နှုန်း တမိနစ်မှာ ၁ဝဝ ကျော်တာကို Tachycardia လို့ခေါ်တယ်။ ရောဂါတွေကနေ မြန်စေနိုင်တယ်။ ကိုယ်ပူခြင်း၊ သွေးအားနည်းနေခြင်း၊ အောက်စီဂျင်နည်းနေခြင်း၊ ပိုးဝင်နေခြင်း၊ လည်ပင်းကြီးဟော်မုန်းများနေခြင်း။ Catecholamines များနေခြင်း၊ Cardiomyopathy နှလုံးကြွက်သားရောဂါ၊ Valvular heart diseases နှလုံးအဆို့ရှင်ရောဂါ၊ Acute Radiation Syndrome ရောဂါတွေကနေလည်း များစေမယ်။
နှလုံးခုန်မြန်တာကို Tachycardia ခေါ်တယ်။ တမိနစ်မှာ ၆ဝ ထက် နည်းတာကို Bradycardia လို့ခေါ်တယ်။ Hypothyroidism လည်ပင်းကြီးဟော်မုန်း နည်းနေရင်ဖြစ်မယ်။ လေ့ကျင့်ထားတဲ့ အားကစားသမားတွေလည်း နည်းနေမယ်။ အဲတာက ရောဂါမဟုတ်ပါ။ နှလုံးခုန်မမှန်တာကို Arrhythmia လို့ခေါ်တယ်။ နှေးလိုက် မြန်လိုက် ဖြစ်နေတာမျိုး။
Rates ပါ့လ်စ်ရိတ်ဆိုတာ လက်ကောက်ဝတ် လက်မအထက်နားမှာစမ်းတဲ့ သွေးခုန်နှုန်းကို ခေါ်တယ်။ အမှန်က နှလုံးခုန်တာကို အလွယ်စမ်းတာ ဖြစ်တယ်။ တခြားနေရာတွေမှာလဲ စမ်းလို့ရပါတယ်။ Pulse ဆိုတာ သွေးလွှတ်ကြောတွေ ကျယ်လာ၊ ညှစ်ရာကနေဖြစ်တယ်။ နှလုံးဘယ်ဘက်ခြမ်းကနေ တွန်းပို့လာတဲ့ သွေးတွေကို ဆက်ပြီးစီးလျှောက်စေတယ်။ အဲလိုဖြစ်တာကို လူ့ကိုယ်ခန္ဓာရဲ့ Radial လက်ကောက်ဝတ်နေရာ၊ Carotid လည်ပင်းနေရာတွေမှာ အများဆုံးစမ်းရတယ်။ ကလေးငယ်တွေဆိုရင် Brachial လက်မောင်းမှာစမ်းရတယ်။ PMI (point of maximal impulse) အများဆုံး စမ်းနိုင်တာကတော့ ရင်ပတ် ဘယ်ဖက်ခြမ်း Sternum ရင်ညွန့်ရိုးအဆုံးနဲ့ ၂ လက္မ အကွာနေရာမှာ စမ်းနိုင်တယ်။ Apical pulse ခေါ်တယ်။ ပိန်တဲ့သူတွေမှာ စမ်းရလွယ်တယ်။ လူတိုင်းကို Stethoscope နားကြပ်နဲ့သာ စမ်းရတယ်။ 
Heart beat နှလုံးကစမ်းတာနဲ့ Pulse လက်ကောက်ဝတ်ကစမ်းတာ အများဆုံးကတော့ တူတယ်။ မတူတာကို Pulse deficit ခေါ်တယ်။
နှလုံးခုန်မြန်နေသူတွေကို Beta blocker ဘီတာဘလော့ကာဆေးပေးရတာများတယ်။ Propranolol, Inderal, Betabloc Forte, Betacap, Ciplar, Manprolol ဆေးဖြစ်တယ်။ Adrinaline ကို တားဆီးမှုလုပ်တဲ့အုပ်စုဆေးဖြစ်တယ်။ သွေးတိုး၊ လည်ပင်ကြီးဟော်မုန်းများခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ စိတ်ပူပန်ခြင်း၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ (မိုင်ဂရင်း) အမူးရောဂါ၊ အကြောက်ရောဂါတွေအတွက်ပေးတယ်။
ရှော့ရရင်ထိုးပေးရတဲ့ Adrenaline (အဒရီနယ်လင်း) ဆေးကနေ နှလုံးခုန်မြန်စေတယ်။ ပန်းနာထချိန်မှာလည်း အဲဒီဆေး ထိုးရတတ်တယ်။ Palpitation ရင်တုံ၊ နှလုံးခုန်မြန်၊ လက်တုံ၊ သွေးတိုး၊ စိုးရိမ်မှုဖြစ်၊ ခေါင်းကိုက်ဖြစ်သူတွေကို ပိုဆိုးစေတယ်။
နှလုံးခုန်သံကို ဆရာဝန်တွေက နားကြပ်နဲ့နားထောင်ကြတယ်။ နားကကြားတာကို ပါးစပ်ကနေ ပြန်ပြောရင် ဒုတ်-ဒုတ်ဆိုပြီး ခပ်လွယ်လွယ် အရင်သံရော နောက်သံကို တမျိုးတည်းလိုလိုပြောလေ့ရှိကြတယ်။ အင်္ဂလိပ်တွေကတော့ Lub-Dub လပ်ဖ်-ဒပ်ဖ်လို့ အသံ ၂ မျိုး ခွဲထွက်ကြတယ်။ အသံတွေပြန်ပြောကြတာမှာ သူတို့နဲ့ ကျွန်တော်တို့ကွာတာ ဒီနေရာမှာသာ မဟုတ်ပါ။ ကြက်တွန်တာကို အောက်-အိ-အီ-အွတ်လို့ ပြောတာကို သူတို့က Cock a doodle doo လို့ ရေးကြတယ်။ နှလုံးခုန်တာ ပဌမသံနဲ့ ဒုတိယသံ ခွဲပြောတာက စနစ်ကျတယ်။
၁။ ပဌမသံဟာ ထရွိုင်-ကပ်စ်ပစ်-ဗာ့လ်ဖ် နဲ့ မိုင်ထရွယ်-ဗာ့လ်ဖ်တွေ ပိတ်တဲ့ အသံနဲ့ အဲဒီအချိန်မှာ ဖြစ်လာနတဲ့ သွေးလှိုင်းတွေကြောင့် ဖြစ်တယ်။
၂။ ဒုတိယသံဟာ ပါလ်မိုနရီ-ဗာ့လ်ဖ်နဲ့ အေယိုးတ-ဗာ့လ်ဖ်တွေ ပိတ်တဲ့ အသံနဲ့ အဲဒီအချိန်မှာ ဖြစ်လာနတဲ့ သွေးလှိုင်းတွေကြောင့် ဖြစ်တယ်။
နှလုံးက ဘာလို့ခုန်နေရတာလဲ
ကိုယ်ခန္ဓာမှာ လျှပ်စစ်စနစ် နဲ့ လျှပ်စစ်ကို သုံးနိုင်စွမ်းရှိတဲ့ စပါယ်ရှယ် ဆဲလ်တွေ ရှိနေလို့ပါ။ ပေ့စ်-မိတ်ကာ-ဆဲလ် တွေဆိုတာ နှလုံးထဲမှာ ရှိသေးတယ်။ လျှပ်စစ် အင်မ်ပါ့လ်စ်ကြောင့် နှလုံးကြွက်သားတွေ ညှစ်စေတယ်။ မွေးရာပါ ပေ့စ်-မိတ်ကာ-ဆဲလ် ကို စိုင်နိုအေရီရယ်-နုတ်လို့ ခေါ်တယ်။ ညာ-အထက်ခန်းမှာ ရှိတယ်။ သူ့ကို မဒူလာ အော်ဘလောင်ဂေတာ ခေါ် ဦးနှောက်ရဲ့ အစိတ်အပိုင်း တခုက ထိန်းပေးနေတယ်။
စိုင်နိုအေရီရယ်-နုတ် ကနေ စပါယ်ရှယ်-ဖိုင်ဗာအာရုံကြောတွေ ဖြာထွက်နေတယ်။ အပေါ်ခန်းတွေမှာရှိတဲ့ ဖိုင်ဗာတွေကနေ အပေါ်နှစ်ခန်းလုံးကို တပြိုင်ထဲ ညှစ်စေတယ်။ ဝ့၄ စက္ကန့်သာ ကြာတယ်။ နှလုံး အောက်ခမ်းတွေကို သွားတဲ့ စပါယ်ရှယ်-ဖိုင်ဗာကို ဘန်ဒယ်လ်-အော့ဖ်-ဟစ်လို့ နာမယ်ပေးထားတယ်။ သူကနေ ဆက် ဖျာထွက်တာတွေကို Purkinje fibers ပါကင်ဂျီ-ဖိုင်ဗာလို့ ခေါ်ပြန်တယ်။
အော်တိုနောမစ်-နားဗတ်စ်-ဆစ်စတမ် ခေါ် အလိုအလျောက် အာရုံကြောစနစ်က အာရုံကြောတွေလဲ ရှိသေးတယ်။ ဒီစနစ်မှာလဲ ၂ မျိုးရှိတယ်။ ဆင်ပသက်တ-နားဗတ်စ်-ဆစ်စတမ် နဲ့ ပါရာ-ဆင်ပသက်တ-နားဗတ်စ်-ဆစ်စတမ်တွေ ဖြစ်တယ်။ ဆင်ပသက်တစနစ်ကြောင့် နှလုံးခုန်တာ မြန်စေ-အားကောင်းစေပြီး၊ ပါရာ-ဆင်ပသက်တကြောင့် နှေးစေ-အားနည်းတယ်။
လျှပ်စစ်လှိုင်းတွေကို တိုင်းတာလို့ ရတယ်။ ဂရပ်မျဉ်းနဲ့ ပြတာကို အလက်ထရို-ကာဒီယို-ဂရမ် (ECG) (EKG) ခေါ်တယ်။ မျဉ်းတန်းတွေကို တခုချင်း နာမယ်ပေးထားတယ်။ ပီ-ဝေ့ဖ်ဆိုတာ နှလုံးအပေါ်ခန်းတွေမှာ ညှစ်ခါနီးရှိတဲ့ လျှပ်စစ် ပြန့်နှုန်း ဖြစ်တယ်။ ကျူ-အာရ်-အက်စ်-ကွန်ပလက်စ် ဆိုတာ နှလုံးအောက်ခန်းတွေမှာ ညှစ်ခါနီးရှိတဲ့ လျှပ်စစ် ပြန့်နှုန်း ဖြစ်တယ်။ တီ-ဝေ့ဖ် ဆိုတာ နှလုံးအောက်ခန်းတွေမှာ ပြန်ကျလာချိန်မှာ တိုင်းတာဖြစ်တယ်။
နှလုံးမှာ သူ့ကိုယ်သူ သွေးလှည့်စနစ်ရှိတယ်။ ကိုရိုနရီ-အာထရီတွေလို့ ခေါ်တယ်။ နှလုံးသွေးကြောကျဉ်းရောဂါဆိုတာ အဲဒီသွေးကြောတွေ ကျဉ်းခြင်းတာဖြစ်ပါတယ်။ ဒါတွေမှာ လာပိတ်တာကို ဟတ်-အတက်ခ် ရတယ်လို့ ခေါ်တယ်။
နှလုံးခုန်နှုန်းက အသက်မတူရင် မတူဘူး။ ကိုယ်ဝန် ၅ ပါတ်ရှိရင် အထဲကကလေး နှလုံး စခုန်နေပြီ။ ခုန်ကာစမှာ အမေလို တမိနစ်မှာ ၈ဝ-၈၅ ခုန်ရာကနေ တရက်မှာ ၃ ခါတိုးနှုန်းနဲ့ မြန်မြန်လာတယ်။ ၉ ပါတ်ရှိရင် ၁၇၅ အထိ ရှိလာတယ်။ ဒိနောက် ပြန်နှေးလာတယ်။ ပုံမှန် ဗိုက်ထဲကလေး နှလုံးခုန်နှုန်း တမိနစ်မှာ ၁၂ဝ-၁၈ဝ ရှိတယ်။ ကလေးတွေက လူကြီးတွေထက် နှလုံးခုန်မြန်တယ်။ ဒါ ပုံမှန်ဖြစ်တယ်။ လူကြီးနှလုံးခုန်နှုန်း တမိနစ်မှာ ၆ဝ ကနေ ၁ဝဝ အထိရှိတာ ပုံမှန်ဖြစ်တယ်။ ကလေးတွေက နှလုံးခုန်မြန်တယ်။ အဲဒါ ပုံမှန်ဖြစ်တယ်။
ကလေးတွေရဲ့နှလုံးခုန်နှုန်း
မွေးကာစ = 125 beats/min (70 to 190 beats/min)
တနှစ်အောက် = 120 beats/min (80 to 160 beats/min)
၃-၄ နှစ်အရွယ် = 110 beats/min (80 to 130 beats/min)
ကျောင်းမသွားမီအရွယ် = 100 beats/min (80 to 120 beats/min)
၆ နှစ်အရွယ် = 100 beats/min (75 to 115 beats/min)
၈ နှစ်အရွယ် = 90 beats/min (70 to 110 beats/min)
၁ဝ နှစ်အရွယ် = 90 beats/min (70 to 110 beats/min)
၁၂ နှစ်သမီး = 90 beats/min (70 to 110 beats/min)
၁၂ နှစ်သား = 85 beats/min (65 to 105 beats/min)
၁၄ နှစ်သမီး = 85 beats/min (65 to 105 beats/min)
၁၄ နှစ်သား = 80 beats/min (60 to 100 beats/min)
၁၆ နှစ်သမီး = 80 beats/min (60 to 100 beats/min)
၁၆ နှစ်သား = 75 beats/min (55 to 95 beats/min)
၁၈ နှစ်သမီး = 75 beats/min (55 to 95 beats/min)
၁၈ နှစ်သား = 70 beats/min (50 to 90 beats/min)
နှလုံးဟာ တမိနစ် = 72 ကြိမ်၊ တနာရီ= 4,320 ကြိမ်၊ တနေ့ = 103,680 ကြိမ်၊ တနှစ် = 37,843,200 ကြိမ်၊ အသက် ၂ဝ = 756,864,000 ကြိမ်ခုန်တယ်။ အသက် ၇ဝ =  2,649,024,000 ကြိမ်ခုန်ပြီးပြီ။ 
ECG အီးစီဂျီ https://dr-tint-swe.blogspot.com/2021/01/ecg-or-ekg.html
Supraventricular Tachycardia နှလုံးခုန်မြန်ရောဂါ https://dr-tint-swe.blogspot.com/2021/07/supraventricular-tachycardia.html
Heart rate နှလုံးခုန်နှုန်း https://dr-tint-swe.blogspot.com/2020/12/heart-rate.html
Dr. တင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ