Mental Health စိတ်ကျန်းမာရေး

ဆရာ တခုလောက်မေးချင်တယ်။ ကျမညီမက စိတ်ရောဂါခံစားရတယ်လို့ သူများတွေပြောတယ်။ သူခံစားရတာက တခါတခါငိုတယ်။ မငိုရင် ရယ်တယ်။ သူ့စိတ်က ကယောင်ခြောက်ခြားဖြစ်နေတယ်။ အဲ့ဒါ ဘယ်လို့ကူရမလဲ ဘာဆေး ပေးရမလဲဆရာ။ တချက်လောက် ပြောပြပေးပါလား။
မနှစ်က မိတ်ဆွေတယောက်ကနေ သတင်းဖြတ်ပိုင်းလေးတခု လှမ်းပို့ပါတယ်။ မြန်မာနိုင်ငံမှာ စိတ်ဝေဒနာ ခံစားနေကြရသူပေါင်းဟာ လူဦးရေရဲ့ ၁ဝ%ခန့်ရှိသတဲ့။ ဖတ်နေရင်း မန္တလေးဆေးကျောင်းမှာ အတူစာသင်ခဲ့ကြတဲ့ အရင်းနှီးဆုံးသူငယ်ချင်းနှစ်ယောက် လက်ဖက်ရည်သောက်ကြတဲ့ပုံ။ တယောက်က စိတ်ဆေးပညာအထူးကု။ နောက်တယောက်က မူးယစ်ဆေးအထူးကု။ အဲဒီတိုက်ဆိုင်မှုဟာ ကျွန်တော်တို့တိုင်းပြည်ရဲ့ စိတ်အခြေအနေပါပဲ။ မူးယစ်ဆေး၊ အရက်နဲ့ စိတ်ရောဂါ ဆက်စပ်မှု ရှိတဲ့နေရာမှာ ရှိတယ်။
မေးခွန်းတခုက အော်တဇင်ရောဂါအကြောင်းနှင့် ကလေးများတွင် ထိုရောဂါ ဖြစ်၊ မဖြစ် မည်သည့်ဖြစ်စဉ်၊ မည်သည့် အချက်များကို ကြည့်ပြီး သတ်မှတ်ရမလဲဆိုတာ သိချင်လို့ ရေးသားတင်ပြပေးပါရှင်။ အော်တဇင် နှင့် ဟိုက်ပါအက်ရှင် ရောဂါကို မည်ကဲ့သို့ ခွဲခြားရမလဲ သိချင်ပါတယ်ရှင့်။ ကျွန်မရဲ့သားက ငယ်ကတည်းက သူများတွေက ဟိုက်ပါ ဝင်နေတယ်၊ တချို့ကလည်း အော်တစ်ဇင်လို့ ပြောပြောနေလို့ပါ။
အဲတာတွေက စိတ်နဲ့ ဉာဏ်ရည်ကို သက်ရောက်တဲ့ တခြားရောဂါတွေပါ။ မြန်မာပြည်မှာ အဖြစ်မနည်းတာကို မေးခွန်းတွေအရ သိရပါတယ်။
အများဆုံးဖြစ်တဲ့ စိတ်ရောဂါတွေကတော့ ၁။ စိတ်ကျရောဂါ၊ ၂။ အရက်စွဲရောဂါ၊ ၃။ စကီဇိုဖရီးနီးယားရောဂါနဲ့၊ ၄။ ဒီမင်းရှားရောဂါတွေ ဖြစ်ကြတယ်။
ပုထုဇနော ဥမ္မတကော အဆိုအတိုင်း စိတ်ရောဂါဝေဒနာသည်တွေဟာ သူလိုကိုယ်လိုလူတွေပါပဲ။ ပွင့်လင်းစွာ ရူးသွပ်တာကို စကစ်လို့၊ ဆိုင်ကိုးစစ်လို့ ခပ်လွယ်လွယ် ခေါ်ကြတယ်။ အကောင်းပကတိလို့ ပြောနိုင်သူတွေလည်း ဒေါသကြီးနေချိန်၊ ဝမ်းနည်းပက်လက်ဖြစ်နေချိန်၊ အီမိုရှင်းများနေချိန်မှာ မူမှန်လို့ ပြောဖို့ခက်တယ်။ အားနာနာနဲ့တော့ ရေးရမယ်။ တခုခုမှာ အစွန်းတဖက်ရောက်ခြင်းဟာလည်း မူမှန်တော့ မဟုတ်ပါ။
အမျိုးသမီးတွေမှာ ကိုယ်ဝန်ဆောင်ရလို့လည်း စိတ်မူပြောင်းကြတယ်။ ကလေးမွေးပြီးမှာ ပြောင်းတာကို ဘေဘီဘလူးလို့ ခေါ်တယ်။ မိန်းကလေးတွေ ရာသီဖြစ်စဉ် တချို့ရက်တွေမှာ စိတ်မူပြောင်းကြတယ်။ တချို့မှာ ဆိုးဆိုးဝါးဝါး ခံစားကြရတယ်။ ရာသီကို သုံးလနေမှသာ တခါလာအောင် ဆေးပေးရတတ်တယ်။ အမျိုးသမီးကြီးတွေ သွေးဆုံးချိန်မှာ လတွေကြာအောင် စိတ်ပိုင်းအပြောင်းအလဲတွေ ဖြစ်ကြတယ်။
ယောက်ျားတွေဆိုရင် မူးလို့ သွေးဆိုးသူတွေ ရှိတယ်။ ဘီလူးလို၊ သရဲလို၊ သူများကို ရိုက်နှက်သတ်ဖြတ်ချင်သူ၊ ကိုယ့်ကိုယ်ကိုယ် သတ်သေချင်သူ အတော်များပါတယ်။ အရက်သောက်လို့၊ မူးယစ်ဆေးသုံးလို့ နောက်ဆက်တွဲရလာတဲ့ စိတ်အပြောင်းအလဲတွေ မရခင်ကတည်းက အဲဒါကို သောက်သုံးဖို့ အကြောင်းခံကိုယ်၌က စိတ်အခြေခံမခိုင်မာမှု ရှိနေတာ ဖြစ်တယ်။ လူ့စိတ်သဘောဟာ လုပ်ရမှာကို မလုပ်တာထက်၊ မလုပ်ရမှာကို လုပ်တာက ပိုခက်တယ်။
စိတ်ရောဂါဆိုတာ ကူးစက်တာတော့ မဟုတ်ပါ။ အဓိကစိတ်ရောဂါ ၅ မျိုးကနေ မျိုးရိုးလိုက်နိုင်တယ်။ ၁။ စိတ်ဓါတ်ကျရောဂါ၊ ၂။ စိတ်နှစ်ခွရောဂါ၊ ၃။ ပတ်ဝန်းကျင်ကို သတိမမူတဲ့ စိတ်ရောဂါ ၄။ အမြင်သွေလွဲမှုရောဂါနဲ့ ၅။ အော်တဇင်ရောဂါတွေ ဖြစ်တယ်။
မျိုးရိုးလိုက်ဖြစ်နိုင်ခြေ ၁၇ ရာခိုင်နှုန်း ကနေ ၂၈ ရာခိုင်နှုန်း ရှိတယ်။ စိတ်ကျန်းမာရေးပြဿနာကမသေးလို့ ကမာ္ဘ့ကျန်းမာရေးဝန်ထုပ်ဝန်ပိုးကြီးတရပ် ဖြစ်နေတယ်။ ရောဂါပေါင်းစုံရဲ့ ၁၄ ရာခိုင်နှုန်း ရှိတယ်။ ကူးစက်ရောဂါများမှအပဆိုရင် ၂၈ ရာခိုင်နှုန်း ရှိတယ်။ ကမာ္ဘ့လူဦးရေရဲ့ ၃ဝ ရာခိုင်နှုန်း မှာ စိတ်ရောဂါတမျိုးမျိုး ရှိနေကြတယ်။
စိတ်လှုပ်ရှားမှု ကောင်းမွန်ပြီး စိတ်ရောဂါကင်းရှင်းနေရင် စိတ်ကျန်းမာတယ်လို့ ခေါ်တယ်။ ဘဝမှာ အပြုသဘောဆောင်၊ အပေါင်းလက္ခဏာအမြင် ရှိပါ။ အခက်အခဲပြဿနာတွေကို ရင်ဆိုင်ကျော်လွှားရာမှာ အလျှော့အတင်းရှိပြီး၊ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းတတ်ရမယ်။ စိတ်မူမှန်ဆိုတာ လူ့အဖွဲ့အစည်းကို ကောင်းကျိုးချမ်းသာဖြစ်စေဖို့ ပြုမူနေထိုင်တတ်ရန်လို့လည်း ဆိုနိုင်ပါတယ်။
စိတ်ကျန်းမာရေး ကျား၊ မ ရွေးတယ်။ စိတ်နဲ့ပတ်သက်တဲ့ ဝေဒနာတွေကို ဆန်းစစ်လိုက်ရင် ယောက်ျားတွေမှာ ဖြစ်ကြရတာနဲ့ မိန်းမတွေမှာ ဖြစ်ကြရတာ မတူပါ။ အမျိုးသမီးများမှာ စိုးရိမ်စိတ် လွန်ကဲတာနဲ့ စိတ်ဓာတ်ကျဆင်းတာ အဖြစ်များတယ်။ ယောက်ျားတွေကတော့ အရက်နဲ့ မူးယစ်ဆေးဝါးစွဲတာကြောင့် လူနေမှုအသိုင်းအဝိုင်းမှာ အဆင်မပြေတာတွေ အဖြစ်များတယ်လို့ အမေရိကန်စိတ်ပညာအသင်းကနေ ထုတ်ပြန်ပါတယ်။ မူမှန်မဟုတ်တဲ့ စိတ်ပညာဂျာနယ်ထဲမှာ လူတွေ အများဆုံးဖြစ်တတ်တဲ့ စိတ်ရောဂါတွေနဲ့ ကျား၊ မ ခွဲခြားလေ့လာချက်ကို ဖော်ပြလိုက်တာပါ။ အမျိုးသမီးတွေဟာ စိုးရိမ်စိတ်လွန်ကဲမှုတွေကနေ အတွင်းဘက်ကို ဦးတည်တဲ့ စိတ်လှုပ်ရှားမှုတွေ ဖြစ်စေတာ များတယ်။ ဒါတွေက ဆုတ်ခွာကင်းပြတ်မှု၊ အထီးကျန်မှုနဲ့ စိတ်ဓာတ်ကျခြင်းတွေကနေ ဆက်လာတာတွေ ဖြစ်တယ်။
အမျိုးသမီးတွေ စိတ်ဓာတ်ကျတာ ပိုဖြစ်ကြတာဟာ ယောက်ျားတွေထက်ပိုပြီး ထပ်ခါထပ်ခါ လုပ်တတ်ကြတယ်။ ပြဿနာ ဖြေရှင်းရေးထက် အနုတ်သဘော စိတ်ခံစားမှုကို ထပ်ခါထပ်ခါ လုပ်လေ့များကြလို့ပါ။ ဒီတွေ့ရှိချက်ကနေ စိတ်ရောဂါ ကာကွယ်ရေးနဲ့ ကုသရေးမှာ လိင်ခွဲခြားဆောင်ရွက်ရမယ်လို့ သိလာစေပါတယ်။ အမျိုးသမီးတွေဟာ စိတ်ရောဂါအဆင့် မရောက်ခင်မှာ စိတ်မတည်ငြိမ်၊ စိုးရိမ်စိတ်တွေ ဖြစ်လာတယ်။ ဘေးပတ်ဝန်းကျင်ကနေ ဖိစီးမှုတွေကို အတွင်းဘက်ဆီ သွင်းယူတတ်ကြတယ်။ စိတ်ကျနေကြတဲ့ စိုးရိမ်စိတ်ကဲနေကြတဲ့ အမျိုးသမီးတွေကို ထပ်ခါထပ်ခါ ဖြစ်မလာစေအောင် လုပ်ရပါမယ်။
ယောက်ျားတွေဆိုရင် ဘာတွေလုပ်ပါဆိုတဲ့ အစီစဉ်ချပေးတာနဲ့ ကြမ်းတမ်းစိတ်ကနေ ဖျက်ဆီးချင်စိတ် မဟုတ်တဲ့ဆီ ဦးတည်ပေးဖို့ ဖြစ်ပါတယ်။ ယောက်ျားတွေဟာ စိတ်လှုတ်ရှားမှုတွေကို အပြင်ဘက်ဆီ ဦးတည်ကြတယ်။ ဒါ့ကြောင့် ကြမ်းတမ်းမှု၊ ယာယီတုံ့ပြန်မှု၊ သွေးဆောင်မှုနဲ့ လုပ်သင့်တာကို မလုပ်ခြင်းဆိုတာတွေကို ရွေးချယ်တတ်တယ်။ လိင်ခြားနားမှုဟာ အတွင်းဘက် ဦးတည်ခြင်းနဲ့ အပြင်ဘက်ဆီ ဦးတည်ခြင်းတွေပါ ခြားနားကြတာ ဖြစ်တယ်။ စိတ်ကျန်းမာရေး ကျား၊ မ ရွေးတယ်ဆိုပေမယ့် ရောဂါအမျိုးအစားသာ မတူတာ၊ အားလုံးဟာ စိတ်ဝေဒနာ ခံစားကြရပါတယ်။
လေဖြတ်ထားတဲ့ လူနာတွေမှာလည်း စိတ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲ ထိခိုက်မှုတွေ ဖြစ်တတ်ပါတယ်။ ပထမ နှစ်နှစ်အတွင်းမှာ သုံးပုံနှစ်ပုံဟာ စိတ်ဓာတ်ကျရောဂါ ခံစားရတတ်ပါတယ်။ စိတ်ဂနာမငြိမ် ပူပင်ခြင်း၊ စိတ်ထိခိုက်လွယ်ခြင်းနဲ့ မှတ်ဉာဏ်ပိုင်းဆိုင်ရာ ထိခိုက်ခြင်းတွေလည်း ဖြစ်တတ်ပါတယ်။ မဖြစ်နိုင်တဲ့အရာတွေကို အဟုတ်ထင်နေတာ၊ ကိုယ့်ကိုယ်ကိုယ် အရေးပါဆုံးပုဂ္ဂိုလ်လို့ ယုံမှားနေတာ၊ လူစည်စည်မှာ ဟီးရိုးလုပ်တာ၊ နာမည်ကြီးသူတွေကို ဝေဖန်တိုက်ခိုက်ပြီး ဘဝင်မြင့်နေတာ စတာတွေကိုလည်း မူမှန်ပါလို့ပြောဖို့ ခက်တယ်။
စိတ်ကျန်းမာရေး ဆရာဝန်လည်း မရွေးပါ။ စိတ်ဝေဒနာသည်က ထရိုက်တာခံရတဲ့ ဆရာဝန်တွေရှိတယ်။ အသိထဲက ကလေးမတယောက် သြစတေးလျရောက်ပြီး၊ အဲလိုလူနာတွေ ထားရာမှာ အကူသူနာပြု လုပ်နေတယ်။ လူနာတွေရဲ့ ရုပ်ပိုင်းတိုက်ခိုက်တာခံရပုံတွေ ပြောပြတယ်။ တော်သေးတယ် သူက ဗမာမှန်ပေမယ့် လူကောင်သန်လို့။
ကမာ္ဘကျော်ရုပ်ရှင် A Beautiful Mind ရဲ့ အဓိကဇာတ်ကောင် သင်္ချာပါမောက္ခ ဂျွန်နက်ရှ် ဂျူနီယာဟာ အပြင်လောကမှာပါ အမှန်တကယ် ဒီရောဂါဝေဒနာရှင်ဖြစ်ပြီး၊ ၁၉၉၄ ခုနှစ် စီးပွါးရေးသိပ္ပံဗေဒဆိုင်ရာ နိုဘယ်လ်ဆုရခဲ့သူ ဖြစ်ပါတယ်။ နာမည်ကျော် ဒတ်ချ် ပန်းချီဆရာကြီး ဗင်းဆင့်ဗန်ဂိုးမှာ စိတ်ကျရောဂါ ရှိပါတယ်။ အဲဒီအချိန်က ကုသနည်း မရှိသေးလို့ သူ့ကိုယ်သူ သတ်သေသွားခဲ့ရတယ်။ တခြားစိတ်ရောဂါရှိတဲ့ ကမာ္ဘကျော်ပုဂ္ဂိုလ်တွေ မနည်းပါ။ ကိုယ်က နာမည်မကြီးသေးလို့ စာရင်းထဲမပါတာ ဖြစ်နိုင်တယ်။
ဂီတပညာရှင် ဗီသိုဘင်၊ စာရေးဆရာ အားနက်စ် ဟယ်မင်ဝေး၊ ကဗျာဆရာ ဗစ်တာဟူးဂိုး၊ ပန်းချီဆရာ ဗင်းဆင့်ဗန်ဂိုး၊ ဗြိတိသျှဝန်ကြီးချုပ် ဝစ်စတန်ချာချီ၊ အမေရိကန်သမ္မတ ဂျက်ဖာဆင်၊ အမေရိကန်သမ္မတ အေဗရာဟင်လင်ကွန်း၊ ဗိသုကာပညာရှင် မိုက်ကယ်အိန်ဂျယ်လို၊ မီးအိမ်ရှင်မ ဖလောရင့်နိုက်တင်ဂေး သိပ္ပံပညာရှင် အိုက်ဆက်နူတန်  သဘာဝသိပ္ပံပညာရှင် ချားလ်ဒါဝင်၊ တီထွင်သူ သောမတ်စ် အယ်ဒီဆင်  စသည်။
မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ စိတ္တဘယမှ ကင်းဝေးချမ်းသာကြပါစေ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ