Sleeping မအိပ်ဘဲနေ အသက်မရှည် (၁)

မင်္ဂလာပါဆရာ အိပ်ရေးတွေကတဖြည်းဖြည်းပျက်လာလို့ပါဆရာ။ နေ့ကောညကောအိပ်မရလို့ပါဆရာ။ ဆေးထိုးတာလဲမရ အိပ်ချင်စိတ်ကိုမရှိဖြစ်နေတာပါဆရာ။ သမီးဘယ်လိုလုပ်ရမလဲဆရာ။
မေးတဲ့သူ အမျိုးသမီးလို့သာသိတယ်။ အသက် မသိ။ ရာသီ မသိ။ အိမ်ထောင်ရေး မသိ။ တခြား မသိ။ အဲတာကြောင့် တိုက်ရိုက်မဖြေနိုင်ပါ။

မေးပါများ စကားရ၊ သွားပါများ ခရီးရောက်၊ မအိပ်မနေ အသက်ရှည်ဆိုတာ ဒိသာပါမောက္ခက အညံ့ဆုံးတပည့် မောင်ပေါက်ကျိုင်းကို သင်ပေးလိုက်တာပါ။ စာသာ ညံ့တယ် ဘုရင်ဇာတာပါတော့ ဘုရင်ဖြစ်လာရော။ အိမ်ထောင်ရေး ကံမကောင်းတော့ ဖေါက်ပြားတဲ့မိဖုရားနဲ့ ညားတယ်။ မောင်ပေါက်ကျိုင်းဟာ တနေရာမှာ မညံ့ပါ။ မယားထိ ဓါးကြည့် မိဖုရားနဲ့ ဖေါက်ပြားဘို့လာတဲ့ နဂါးကို ဓါးနဲ့ ပိုင်းနိုင်လိုက်တယ်။ 

ဆရာဝန်တွေကတော့ အိပ်မှ အသက်ရှည်မယ် လို့ ပြောချင်တယ်။ အသက်သာမက မှတ်ဉာဏ်လဲ တိုးစေပါတယ်။ အိပ်ပျော်နေရင် နဲ့ လေယာဉ်ကို အလိုအလျှောက်စက်နဲ့ ပျံနေသလိုမျိုး ဖြစ်တယ်။ လူတွေ အိပ်တာကို သေခြာ လေ့လာရင် စိတ်ဝင်စားစရာတွေ များလှတယ်။ အိပ်ပျော်သွားရင် ဦးနှောက်ကလဲ အနားယူ နေလိမ့်မယ် ထင်တာ မဟုတ်ပါ။ Rapid Eye Movement (REM) ဆိုတာကို ကြားဘူးနားဝ ရှိကြပါလိမ့်မယ်။ ၁၉၅၃ မှာ ဇီဝကမ္မဗေဒ ပညာရှင် ယူဂျင်း အဆာရင်းစကီ က စသိလာတာပါ။ အိပ်ပျော်ပေမဲ့ ဦးနှောက် လျှပ်စစ် လှုတ်ရှားမှု လှိုင်းတွေဟာ နိုးနေတုံးကလိုဘဲ ရှိနေတယ်။ လှိုင်းမြန် နဲ့ လှိုင်းနှေးသာ ကွာခြားတာမို့ အိ်ပ်ပျော်နေပေမဲ့ တခုခုတော့ လုပ်နေတယ်ဆိုတာ သိလာရတယ်။ 

အိပ်စက်တာဟာ လူကို ရုပ်ကျန်းမာအောင် လုပ်ပေးတာမက စိတ်ကိုပါ အလုပ် လုပ်နေစေတယ်။ အိပ်ရင် မှတ်ဉာဏ်ကို တည်ငြိမ်စေတယ်။ မှတ်စရာတွေထဲက အနှစ်ကို ရွေးပြီး၊ ကာလတာရှည် မှတ်မိနေအောင်လဲ လုပ်တယ်။ အဲလို သိမ်းထားတဲ့ စိတ်လှုပ်ရှားစရာ၊ သတိရစရာတွေဟာ အိပ်တာနဲ့ ပိုတောင် ကောင်းစေပါသေးတယ်။ ကြာရင်တော့ ဖြေးဖြေး လျှော့လျှော့ သွားပေမဲ့ အရေးပါတာတွေ ကျန်နေစေပါတယ်။ နဖူးပေါ်လက်တင် စိတ်ကူးယဉ် ပြီးရင်၊ အိပ်ပျော်အောင် အိပ်ပါလေ။ 

အိပ်နေတုံး ဦးနှောက်ထဲက သတင်းအချက်အလက်တွေကို ပြုပြင်-ဆန်းစစ်မှုတွေ လုပ်ပေးယုံမက လိုအပ်ရင် အဖြေပါ ရှာပေးသေးတယ်။ မှတ်ဉာဏ် စုစည်းမှုကို ဖြစ်စေတာကို ၆ နာရီ အိပ်စက်နိုင်မှ ရစေနိုင်ပါတယ်။ တည မအိပ်ရရင် တညစာ မှတ်ဉာဏ် လျှော့သွားစေနိုင်တယ်။ 

အိပ်စက်ခြင်းရဲ့ လှုတ်ရှားမှုဖြစ်စဉ်ကို အဆင့် ၅ ဆင့်ခွဲတာမှာ အချိန်တဝက်က အဆင့် ၂ မှာ နေတယ်။ REM က နံပါတ် ၅ ဖြစ်ပြီး၊ အိပ်ချိန်ရဲ့ ၂ဝ% ယူတယ်။ ကလေးတွေဆိုရင် ၅ဝ% က REM မှာ ရှိတယ်။ လေ့လာမှုများလို့ပါ။ အဆင့် ၁ က ပြန်နိုးဘို့၊ ပြန်နှိုးဘို့ လွယ်တယ်။ မျက်လုံးက ဖြေးဖြေးလေး လှုတ်ရှားနေတယ်။ တချို့မှာ ကြွက်သားကြုံ့တာ ဖြစ်ပါတယ်။ ဒီအချိန်မှာ နိုးလာရင် အာရုံတချို့သာ အမှတ်ရလိမ့်မယ်။ တရေးနိုးသော် အကြံပေါ် ဆိုတာ မှန်တယ်။ 

အဆင့် ၂ ရောက်ရင် မျက်စိလှုတ်ရှားမှု ရပ်သွားပြီး၊ ဦးနှောက်လှိုင်းတွေက နှေးလာတယ်။ အဆင့် ၃ ရောက်ရင် နှေးတဲ့ အထဲမှာ သေးတဲ့ မြန်တဲ့လှိုင်းတွေ ရောနေတယ်။ အဆင့် ၄ မှာ ကိန်းဂဏန်း-လှိုင်းတွေ ဖြစ်လာတယ်။ ၃-၄ အဆင့်တွေမှာ အနိုးရခက်ပြီ၊ အိပ်မောကျချိန် ခေါ်တယ်။ မျက်စိလဲ မလှုပ်၊ ကြွက်သားလဲ မလှုပ်ဘူး။ နိုးလာရင် ရုတ်တရက် အထာမကျ ဖြစ်နေမယ်။ အိပ်မောကျနေချိန်မှာ ကလေးတွေ အိပ်ရာထဲ ရှူပါတယ်။ ကြောက်စရာ အိပ်မက်ဆိုး၊ ဆောင်းအိပ်မက်မျိုး၊ အိပ်ရင်း လမ်းလျှောက်မျိုး ဖြစ်နိုင်တယ်။ 

REM ရောက်ရင် အသက်ရှူတာ မြန်တာ၊ မမှန်တာ၊ တိမ်တာ ဖြစ်လာမယ်။ မျက်လုံးက မြန်မြန် ဆန်ဆန် ဟိုဟို ဒီဒီ လှုတ်ရှားမယ်၊ ခြေ-လက် ကြွက်သားတွေက ယာယီ မလှုတ်တော့ဘူး။ နှလုံးခုန်တာ မြန်လာမယ်။ BP သွေးဖိအား တက်လာမယ်။ ယောက်ျားဆိုရင် လိင်အင်္ဂါ သန်မာတတ်တယ်၊ ဒီအဆင့်မှာ နိုးလာရင် အဆီအငေါ်မတည့်တဲ့၊ ရှုတ်ထွေးတဲ့ အိပ်မက်တွေနဲ့ နိုးလာလိမ့်မယ်။ အိပ်မှုန်စုံမွှား ဆိုတာမျိုး။ 

ပဌမ REM က အိပ်ပျော်သွားပြီး ရဝ-၉ဝ မိနစ်အကြာဖြစ်တယ်။ လုံးဝအိပ်ပျော်တာက ပျမ်းမျှ ၉ဝ-၁၁ဝ မိနစ် ကြာမယ်။ ပဌမ တရေးမှာ REM အတို၊ နောက် အရှည်ဖြစ်မယ်။ ဆက်အိပ်ရင် ကြာလေလေ ရှည်လေလေ။ မနက်ပိုင်းမှာ Stages 1, 2 နဲ့ REM မှာ အချိန်ကုန်တယ်။ အိပ်တာက မိနစ်ပိုင်းလောက်သာ ဆိုရင် နောက်ဆုံး မိနစ်က အရာတွေကို မမှတ်မိဘူး။ အဲလို အိပ်ပျော်လို့ မမှတ်မိခြင်း (အမ်နီးစီးယား) ဟာ ဖုန်းနဲ့ပြောတာမျိုး၊ ညဉ့်နက်သန်းကောင် ပြောတဲ့ စကားမျိုးတွေကို မေ့နေတယ်။ နာရီနိုးစက် မကြားဘူး။ 

ဆေးရုံဟာသတခု သူနာပြုဆရာမက လူနာကိုနိုးပြီး၊ အိပ်ဆေးတိုက်တယ်တဲ့။ ဆေးဝါး၊ စားတဲ့အစာ နဲ့ ဦးနှောက်ထဲက အချက်ပြတွေကနေ အိပ်တာ၊ နိုးတာတွေ အပေါ်ကို လွှမ်းမိုးတယ်။ ကော်ဖီလို ကေဖင်းပါတာတွေနဲ့ ပိန်ဆေး၊ နောက်ပြီး အလာဂျီဆေးတွေကြောင့် အိပ်မရတာဖြစ်စေတယ်။ စိတ်မကျဆေး အတော်များများကနေ REM sleep ကို နှိမ်စေတယ်။ 

ဆေးလိပ်စွဲသူတွေ အိပ်တာ နှစ်နှစ်ခြိုက်ခြိုက် မဟုတ်ဘဲ REM sleep ကိုလဲ နဲစေတယ်။ ၃-၄ နာရီနဲ့ ပြန်နိုးတယ်။ အရက်သောက်သူများ၊ တရေးနိုးလို့ အရက်နဲ့ ပြန်အိပ်နိုင််အောင် ညတခွက် ထပ်သောက်ပြီး ကျိုးစားရင် ခပ်ပေါ့ပေါ့တော့ အိပ်ပျော်စေမယ်။ ဒါက REM နဲ့ Deeper stages ထဲကနေ ခိုးယူလိုက်တာပါ။ 

REM အဆင့်မှာ ကိုယ်အပူချိန်ကို သမမျှတအောင် သိပ်မလုပ်နိုင်လို့ ပူချင် ပူ၊ အေးချင် အေးနေမယ်။ မေ့ဆေး ပေးထားသူ၊ သိလစ်နေသူတွေဟာာ နိုးနေသလိုဖြစ်တယ်။ သူတို့ကို နိုးလိုက်လို့ မရဘူး၊ ပုမှန် အိပ်စက်မှုမျိုးလို များပြား-တက်ကြွတဲ့ ဦးနှောက်လှိုင်းမျိုး မရှိဘူး။ သိပ်နှေး၊ သိပ်အားနည်းပြီး မသိသာဘူး။ 

ပုံစံတကျ အိပ်စက်တာမျိုးမှာ အိပ်မက်မက်နေတာ ၂ နာရီ ကြာတတ်တယ်။ ပညာရှင်တွေတောင်မှ အိပ်မက်ကို သိပ် နားမလည် ကြသေးဘူး။ အိပ်မက်ဆိုတာ ဦးနှောက် ရဲ့ (ကောတက်စ်) ကနေ REM မှာ အဆီအငေါ်မတည့် လာနေတဲ့ ပို့လွှတ်မှုတွေကို အဓိပ္ပါယ်ဖေါ်ဘို့ ကျိုးစားတာလို့ ယူဆတယ်။ (ဆစ်ကမွိုက် ဖရော့) ပြောတာက အိပ်မက် ဆိုတာ သတိလက်လွှတ် မဖြစ်စေဘို့ လုံခြုံမှုပေးတဲ့ အဆို့ရှင်ပါတဲ့။ 

REM ဆိုတာက ဦးနှောက်ရဲ့ အောက်နားမှာရှိတဲ့ (ပေါင်း) ဆိုတဲ့နေရာက အချက်ပြတွေ ပေးတာကနေ စတယ်။ ဒိနောက် သဲလမတ်စ် ဆိုတာကနေ သင်ကြား တတ်မြောက်မှု၊ တွေးခေါ်မှု၊ အစီအစဉ်ကျအောင် လုပ်တတ်မှုတွေကို လုပ်ပေးတဲ့ (ဆယရီဘရယ် ကောတက်စ်) ကို ရောက်လာတယ်။ တချိန်ထဲမှာ ခွးရိုးဆစ်အာရုံကြောကြီးကနေလာတဲ့ အချက်ပေးမှုတွေကို (ပေါင်း) ကနေ တန့်ပေးထားလို့ ခြေတွေ၊ လက်တွေ ယာယီ မလှုတ်နိုင်မရှားနိုင်တဲ့ လေဖြတ်သလို ဖြစ်စေတယ်။ ဒီအခြေအနေမှာ နှောင့်ယှက်မှု လုပ်လိုက်ရင် ပုံမှန် မဟုတ်တာ ဖြစ်လာစေမယ်။ REM sleep behavior disorder လို့ ခေါ်တယ်။ အိပ်မက်ထဲကဟာကို ဆက်လုပ်နေပါလိမ့်မယ်။ 

အိပ်စက်တာနဲ့ ရောဂါ ဆက်စပ်တာတွေ ရှိတယ်။ ဥပမာ နှလုံးရောဂါ နဲ့ ပန်းနာတွေက ညပိုင်းတို့ မနက်ထတို့မှာ အဖြစ်များတယ်။ အိပ်တာဟာ အတက်ရောဂါကိုပါ တမျိုးတမည် ဖြစ်စေနိုင်တယ်။ REM က တက်မှာကို ကာကွယ်ရာ ကျစေတယ်။ အိပ်စေတာကို ဖြစ်စေတဲ့ အာရုံကြောအစုအဝေး နူရုန်း က ခုခံအားစနစ်နဲ့ ဆက်နေတယ်။ တုပ်ကွေး ဖြစ်သူတွေ ပိုအိပ်ချင်တာက အိပ်နေရင် ခုခံနိုင်စွမ်း ပိုစေတယ်လို့ ယူဆနိုင်တယ်။ အိပ်နေရင် (အင်နာဂျီ) မကုန်စေဘူး။ စိတ်ဝဒနာသည်တွေနဲ့ (စကစ်ဇိုဖရီးနီးယား) က အအိပ်ပျက်ကြတယ်။ အအိပ်ပျက်များသူတွေမှာ ကြောက်စိတ်၊ လန့်စိတ်၊ သူများ မမြင်-မကြားတာတွေ အပေါ်မှာ ပုံမှန်မဟုတ်တာတွေ ဖြစ်လာစေနိုင်တယ်။ 

စာတပုဒ် ဖတ်ပြီးတဲ့နောက် ဆက်ပြီး အချက်အလက်တွေကို စုစည်း ခိုင်မာအောင် လုပ်တာမျိုးက မသိစိတ်ကနေ လုပ်ပေးတာပါ။ စာဖတ်နေတုံးကထက် ပိုသေးတယ်။ ဒါကို လျှာထိပ် ဖြစ်စဉ် ခေါ်တယ်။ ဆိုပါစို့ ရုပ်ရှင် ကြည့်ပြီးပြီးချင်း ပြန်အမှတ် မဖေါ်နိုင်တာကို ခဏကြာရင် ဗြုံးကနဲ ဖေါ်နိုင်လာတယ်။ ရေထဲ ခဲတလုံး ပြစ်ချလိုက်သလို ချပြီးတဲ့ နောက်လဲ ဆက်ဖြစ်နေတာမျိုးလိုဘဲ။ ညမအိပ်ခင် စာတွေ ဘယ်လောက် ကျက်ထားထား မအိပ်ဘဲ၊ စာမေးပွဲ သွားဖြေရင်တော့ မမှတ်မိတာ များလိမ့်မယ်။ 

REM sleep ကနေ လေ့လာမှုကို လှုံ့ဆော်ပေးတယ်။ စိတ်ပိုင်းဆိုင်ရာ လေ့လာမှုတင် မကဘူး၊ ကျွမ်းကျင်မှုကိုပါ သက်ရောက်စေသေးတယ်။ အားကစားသမားတွေ၊ စန္ဒယားတီးခတ်သူတွေ၊ ခွဲစိတ်ဆရာဝန်တွေ၊ (ဗီဒီယို-ဂိမ်း) စွဲသူတွေ အိပ်လိုက်ရမှ သူတို့ရဲ့ ပညာတွေဟာ ပိုပြီး ကျွမ်းကျင်လာစေတယ်။ တိတိကျကျ ပြောရရင် ၃၃့၅% ပိုလာ စေတယ်၊ မှားတာလဲ ၃ဝ% နည်းစေတယ်လို့ မကြာသေးခင်က လေ့လာမှုတခုကဆိုတယ်။ ဒါကို ဆက်စဉ်းစားရင် လေ့လာမှုဆိုတာ လေ့ကျင့်မှု ရပ်ထားပေမဲ့ ဆက်လုပ်နေသေးတယ်။ 

နေ့ခင်းမှာ လေ့လာတာတွေ၊ စိတ်ကူးတာတွေ ရှိမှသာ အိပ်စက်တာကနေ ထူခြားတိုးတက်မှုတွေ လုပ်ပေးနိုင်ပါတယ်။ ကာလနဂါးလိုသာ အိပ်နေရင်တော့ အကျိုးထူးမှာ မဟုတ်ပါ။ 

Dr. တင့်ဆွေ

၁၉-၁၂-၂ဝ၁၆

Comments

Post a Comment

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ