Socialism for the Rich သူဌေး ဆိုရှယ်လစ်
သမတသစ်ဖြစ်လာမဲ့ ဒီမိုကရက်တစ်ပါတီက ဂျိုးဘိုင်ဒင်ကို ရီပတ်ဘလီကင်တွေကနေ ဆိုရှယ်လစ်နဲ့ ပေးစားနေတယ်။ အမေရိကမှာ ဘယ်သူတက်တက် ဈေးကွက်စီးပွးရေးစနစ်လို့ ဖွဲ့စည်းပုံမှာပြဋ္ဌာန်းထားပြီးသား။ သူတို့က အခွန်ကောက်တာမှာ လက်လှုပ်လက်စားတွေအပေါ် တိုးကောက်သလား၊ မီလီယန်နာတွေဆီက တိုးကောက်သလားသာ ကွာတယ်။
ဒေါ်နယ်ထရမ့်က ဘီလီယန်နာ။ သူ့ကို မြန်မာပြည်က သဘောကျသူတွေကလည်း ချမ်းသာသူတွေဖြစ်မလား မသိပါ။ အမေရိကမှာနေတဲ့ မြန်မာပြည်ကလူတွေရော လက်တီနိုတွေက ထရမ့်ကို မဲပေးသူ အတော်များတယ်။ သူတို့လည်း ချမ်းသာသူတွေအပေါ် အခွန်လျော့ကောက်တာ သဘောကျသူတွေ။
ဆိုရှယ်လစ်အယူအဆဟာ ဘီစီအီး ၃ ရာစု အိန္ဒိယနိုင်ငံ မောရိယအင်ပါယာကတည်းက စတယ်လို့ဆိုတယ်။ ကနေ့ လူသိများထင်ရှားတဲ့ ဆိုရှယ်လစ်ဇင်ကတော့၁၈၇၁ ခု ပဲရစ်ကွန်မြူးကနေစပါတယ်။ သမိုင်းကြောင်းတွေ အများကြီး မရေးတော့ပါ။
မြန်မာ့ဆိုရှယ်လစ်တော့ ထည့်မရေးလို့မဖြစ်။ ဦးနေဝင်းခေတ် ၂၆ နှစ်ကြာခဲ့တယ်။ ဆိုရှယ်လစ် လောကနိဗ္ဗာန် တည်ဆောက်ပါတယ်။ ၁၉၈၇ ရောက်တော့တိုင်းပြည် LDC ဖြစ်တယ်။ သတင်းစာထဲမှာ ၅ နှစ်စီမံကိန်းတွေ နေ့တိုင်း အောင်မြင်နေသတဲ့။
တရုပ်ပြည်မှာလည်း မောစီတုန်းစာအုပ်နီလေးထဲမှာ အလွန့်အလွန်ကောင်းတာတွေ ပါတယ်။ ဒန်ရှောက်ပင်တင်တော့ အရင်းရှင်စီးပွါးရေးပြောင်းလိုက်တယ်။ ကနေ့ထိ။
အစ်ဇင် ခေါ် နိုင်ငံရေးအယူအဆတွေဟာ နှယ်နှယ်ရရတွေ မဟုတ်ပါ။ လေ့လာသင့်တာတွေဖြစ်ပါတယ်။ ထရမ့် ကြိုက်ကြိုက်၊ ပူတင် ကြိုက်ကြိုက်၊ ဇီဂျင်းပင် ကြိုက်ကြိုက် သဘောပါပဲ။
ဒေါက်တာတင့်ဆွေ
၃၁-၁၂-၂၀၂၀
Comments
Post a Comment