Uric acid ယူရစ်အက်စစ်
၁။ အမျိုးသမီး အပျို အသက် ၅၉ ဒူး၊ အဆစ်၊ အမြစ် အရမ်းနာပြီး လမ်းမလျှောက်နိုင်ဖြစ်နေပါတယ်ဆရာ ဆေးစစ်တဲ့ အဖြေကတော့ Uric Acid 8.5 (High) ASO-Normal RA Negative လို့ပြောပါတယ် ဆေးခန်းကပေးတဲ့ဆေးသောက်တာသိပ်မသက်သာလို့ ဘာဆေးသောက်ရမလည်း
ဘယ်လိုကုရမလဲ ညွှန်ပြပါဦးဆရာ
၂။ ဆရာခင်ဗျာ ကျွန်တော့ခြေထောက်ဘယ်ဘက်ခြေချင်းဝတ်နှင့်ခြေမျက်စိ ရောင်ပြီး နည်းနည်းနာတော့ ဆရာဝန်သွားပြတော့ သွေးစစ်ခိုင်းတယ်။ ဆေးစစ်တော့ ယူရစ်အက်စစ် 340 ရှိပြီး နည်းနည်းများတယ်။ အရိုးအဆစ်ရောင်တော့ ဘယ်ဆရာဝန်နဲ့ပြသင့်သလဲ။ ဂေါက်ရောဂါလို့ ခေါ်ပါသလား၊ ကုသလို့ရောဂါကော ပျောက်သလား၊ ဘာဆက်လုပ်ရမှာလဲ၊ ကျေးဇူးပြု ဖြေပေးပါဆရာ။
၃။ ကျွန်တော့် အသက် ၃၇ နှစ်ပါ၊ ဘယ်ဘက် လက်ကောက်ဝတ် နာလို့ ဆရာဝန်က သွေးစစ်ကြည့်တာ Uric acid များနေလို့ပါ။ Uric acid 7.6mg/dl, 456umol/L ဖြစ်နေလို့ပါ။ Uric acid များရင် ဘာတွေဖြစ်နိုင်လည်းဆရာ။ ကျွန်တော့် ဘာဆေးသောက်ရမှာလဲ၊ ရှောင်ရန်ဆောင်ရန်လေးများ ပြောကြားပေးပါ ဆရာ။ ကျွန်တော့် ရန်ကုန်၊ မြန်မာပြည်ကပါ၊ ကျားပါ ဆရာ။
၄။ Uric acid များရင် ဆိုးကျိုးကဘာဖြစ်တတ်လဲ။ 5.7 ရှိရမှာကို 8.8 ဖြစ်နေတာပါ။ အစားအစာကရောဘာတွေ ရှောင်ရမလဲဆိုတာပြောပြပေးပါ။
ဓါတုဗေဒကျောင်းသားတွေကတော့ Uric acid ဆိုတာ C5H4N4O3 လို့ ရေးကြမယ်။ ဆေးကျောင်းသားတွေကတော့ သွေးထဲမှာ ယူရစ်အက်စစ်များနေရင် Gout ဂေါက်ဆိုတဲ့ အဆစ်နာရောဂါ ဖြစ်မယ်လို့ သင်ကြရတယ်။ ဆရာဝန်တွေက သွေးထဲမှာယူရစ်အက်စစ် များနေတာကိုHyperuricemiaလို့ ခေါ်တယ်။
ဘာလို့ ဒီဓါတ်များနေသလဲ။ မျိုးနဲ့ရိုးနဲ့ ဆိုသလိုများတတ်တယ်လို့ ပြောရင်လဲမမှားဘူး။ နောက်တချက်က စားတဲ့ အစာပေါ်မှာ မူတည်တယ်။ တိတိကျကျ ပြောရရင် အစားထဲမှာ Purine နဲ့ Fructose များရင် Uric acid ယူရစ်အက်စစ် များစေတယ်။
ဒီဓါတ်ကိုကျောက်ကပ်ကနေစွန့်ထုတ်တော့ ကျောက်ကပ် မကောင်းရင် သွေးထဲမှာများနေမယ်။ အစာမစားဘဲနေတာ၊ ကိုယ်အလေးချိန် အမြန် ချတာ-ကျတာလုပ်ရင် ယာယီများနေမယ်။ ယောက်ျားတွေမှာအသက်ကြီးလာရင် သံဓါတ် များလာပြီးကြေးနီဓါတ် နည်းလာတယ်။ ဒါကနေဆက်ပြီး Uric acid များစေတယ်။ ဒါကြောင့် သွေးလှူပါ၊ တနေ့မှာ Cu 2 mg သောက်ပါ။
ဂေါက်ရောဂါကို ဖြစ်စေတာ Uric acid များနေလို့ပါ။ အဆစ်တွေနဲ့ သွေးကြောမျှဉ်လေးတွေ အနီးအနားမှာ ယူရစ်အက်စစ် ပုံဆောင်ခဲတွေ လာစုနေတယ်။ ဒါကိုအပ်နဲ့တူတဲ့ Crystals လို့ ပြောကြတယ်။ သကြားနဲ့ ချိုအောင် လုပ်ထားတဲ့ အရည်ကို တနေ့ ၂ ခွက်နဲ့ ၂ ခွက်မကသောက်နေသူတွေဟာဂေါက်ရောဂါ ၈၅% ပိုဖြစ်စေနိုင်တယ်။ ဂေါက်ရောဂါအပြင် Cardiovascular disease နှလုံး-သွေးကြောရောဂါ၊ Diabetes ဆီးချိုရောဂါ၊ Metabolic syndrome ရောဂါတွေနဲ့လဲ ဆက်စပ်နိုင်တယ်။ Uric acid stone ကျောက် ဖြစ်စေတတ်တယ်။
Uric acid နည်းနေတာဘာ့ကြောင့်လဲ
အစာထဲမှာ Zinc သွပ်ဓါတ်နည်းရင်၊ အမျိုးသမီးတွေမှာ ကိုယ်ဝန်တားစားဆေးသောက်နေရင် နည်းနိုင်တယ်။ သံဓါတ်နည်းသွေးအားနည်းရောဂါ ရှိနေရင်လဲနည်းတယ်။ ဒီဓါတ်နည်းနေသူတွေနဲ့ Multiple sclerosis ရောဂါ ဆက်စပ်နေတယ်။ အရက် အကြာကြီးသောက်သူ။ နာတာရှည် ကျောက်ကပ် ရောဂါရှိသူ၊ ခဲဆိပ်သင့်သူတွေမှာဆီးထဲမယ် ယူရစ်အက်စစ်နည်းနေတာတွေ့ရမယ်။
ဒီဓါတ်များနေတယ်ဆိုတာအမျိုးမျိုး ဖြစ်နေနိုင်တယ်။ ဂေါက်ရောဂါရှိသူ၊ ကင်ဆာနောက်ပိုင်းရောက်နေသူ၊ ရိုးတွင်းခြင်ဆီနဲ့ သွေးဖြူဥရောဂါ ရှိနေသူ၊ အစားထဲမှာဒီဓါတ်များနေသူ၊ Rhabdomyolysis, Lesch-Nyhan syndrome, Fanconi syndrome ရောဂါ ရှိနေသူတွေမှာများနေမယ်။
ဆီးထဲမှာဒီဓါတ်ကိုစစ်ရင် ၂၄ နာရီခံထားတဲ့ဆီးယူရတယ်။ ဆီးမခံခင် အရက်၊ Allopurinol, Ibuprofen, Aspirin, Thiazide diuretics, vitamin C, Probenecid ဆေးတွေ သောက်မထားရဘူး။ သွေးမစစ်ခင် ၄ နာရီအတွင်း အစာ မစားရဘူး။ အရက်၊ Ascorbic acid, Aspirin, Caffeine, Cisplatin, Diazoxide, Diuretics, Epinephrine, Ethambutol, Levodopa, Methyldopa, Nicotinic acid, Phenothiazines နဲ့ Theophylline ဆေးတွေ မသောက်ရပါ။ Allopurinol, Azathioprine, Clofibrate, Corticosteroids, Estrogen, Glucose, Guaifenesin, Mannitol, Probenecidနဲ့ Warfarin ဆေးတွေကနေလည်းသက်ရောက်စေနိုင်တယ်။
Acidosis, Alcoholism, Diabetes, Gout, Hypoparathyroidism, Lead poisoning, Leukemia, Nephrolithiasis, Polycythemia vera, Renal failure, Toxemia of pregnancy, Purine-rich diet, Excessive exercise နဲ့ Chemotherapy ဆေးတွေကြောင့်များနေတာတွေ့ရမယ်။ Fanconi syndrome, Wilson's disease, Syndrome of inappropriate antidiuretic hormone (SIADH) secretion နဲ့ Low purine diet တွေကြောင့် နည်းနေတာတွေ့ရမယ်။
• 250 to 750 milligrams per 24 hours ဆိုတာပုံမှန် ဆီးအဖြေဖြစ်တယ်။
• 3.0 နဲ့ 7.0 mg/dLအတွင်းရှိရင် ပုံမှန် သွေးအဖြေဖြစ်တယ်။
• သွေးထဲမှာ 6 mg/dLသာရှိပေမဲ့ Gout ရောဂါရသူနဲ့ 9.6 mg/dLအထိရှိပေမဲ့ ရောဂါမရှိတာတွေ့ရတယ်။
• ဓါတ်ခွဲခန်းတွေ တခုနဲ့တခုကွဲလွဲတာလေးတွေရှိတာသတိပြုပါ။
အစားလည်းဆေး၊ ဆေးလဲအစာ
• အသား၊ ငါး၊ အသဲ၊ ဥ၊ ပင်လယ်စာ၊ နှလုံး၊ ဝက်ပေါင်ခြောက်၊ အရက်၊ ဘီယာ၊ ဝိုင်၊ ပေါင်မုံ့၊ ကော်ဖီ၊ လက်ဘက်ရည်၊ အစေ့အဆံ၊ ပြောင်း-ပြောင်းဖူး၊ စပျစ်သီးခြောက်၊ ဘယ်ရီသီး၊ ချဉ်တဲ့ (ခရင်မ်)၊ ဒိန်ချဉ် (ရောဂတ်)၊ (ဘတ်တား-မစ်လ်ခ်)၊ တွေကအက်စစ်ဓါတ် များစေတယ်။ ယူရစ်-အက်စစ် များတယ်။
• Cranberry ဖျော်ရည်၊ ချယ်ရီဖျော်ရည်၊ ပန်းသီးဖျော်ရည် သောက်ပါ။ ရေများများသောက်ပါ။
• လိမ်မော်၊ သံပုရာ၊ ရှောက်၊ ကမ္ဗလာသီး၊ Lentils, Legumes, Asparagus, Cauliflower, Mushrooms, Spinach, Citrus fruits, Legumes, Bananas, Celery, Tomatoes, Key Lime, Citron, Wild Orange, Pomelo, Mandarin Orange, Trifoliate Orange, Round Lime တွေကိုအသင့်အတင့် စားနိုင်တယ်။
Gout (1) ဂေါက် ရောဂါ (၁) https://dr-tint-swe.blogspot.com/2021/05/gout-1.html
Gout (2) ဂေါက်ရောဂါ (၂) https://dr-tint-swe.blogspot.com/2021/05/gout-2.html
Allopurinol 100mg https://dr-tint-swe.blogspot.com/2021/06/allopurinol-100mg.html
Uric acid ယူရစ်အက်စစ် https://dr-tint-swe.blogspot.com/2020/12/uric-acid.html
ဒေါက်တာတင့်ဆွေ

Comments
Post a Comment