Miscarriage Prevention ကိုယ်ဝန်မပျက်အောင်

(ကန်တော့)
ဟုတ်ကဲ့ပါ ဆရာ ဒါဆို ဒီကလေးလေးလည်း အဖတ်မတင်တော့ပြန်ဘူးပေါ့ နောက်တခါ ယူတဲ့ အချိန်မှာ အခုလို မဖြစ်အောင် ဘာတွေ ပြင်ဆင်ထားရမလဲရှင့်
ကိုယ်ဝန်ရတိုင်း ကလေးအကောင်းမမွေးတတ်ပါ။ ကိုယ်ဝန်ပျက်တာကို ကိုယ့်ဖါသာကိုယ် မသိလိုက်သူတွေလဲ မနည်းပါ။ ဘာလို့ အလိုလိုပျက်သလဲဆိုတဲ့ အကြောင်းတရားတွေကများတယ်။ ကိုယ်ဝန်မှန်သမျှရဲ့ ၁၅% လောက်ပျက်တယ်။ ကိုယ်ဝန် ၁၂ ပါတ်အတွင်းမှာ အလိုလိုပျက်ကျတာကို Miscarriage ခေါ်တယ်။ တမင်ဖျက်တာကိုမှ Abortion ခေါ်တယ်။ ၇၅% က ကိုယ်ဝန် ၁၂ ပါတ်အတွင်းမှာ ပျက်တယ်။ ကိုယ်ဝန် ရှိ-မရှိကို hCG အချင်းဟော်မုန်းစစ်ရတယ်။ အပေါင်းပြရင် ဆေးစာအရ ဓါတုနည်းနဲ့သေချာတဲ့ ကိုယ်ဝန်လို့ခေါ်တယ်။ အာလ်ထွာဆောင်းနဲ့ စစ်လို့ရလာရင်တော့ အတည်ပြု ကိုယ်ဝန်လို့ သတ်မှတ်တယ်။ ကိုယ်ဝန်ပျက်တာ အများစုက ဒီနောက်အဆင့်မှာဖြစ်ကြတယ်။
ပျက်စေတဲ့အကြောင်းတရားတွေထဲမှာ Genetic (Chromosomal) အသက်ကြီးသူတွေမှာ ဒါမျိုးကို ပိုတွေ့ရတယ်။ ၄၂ နှစ်ကျော်ရင် ၂ ဆဖြစ်တယ်။ ၆ဝ%က မျိုးဗီဇချို့ယွင်းလို့ဖြစ်တယ်။ မျိုးဗီဇအခြေခံကြောင့်ဆိုရင်တော့ ဆရာဝန်လဲ မတတ်နိုင်ပါ။ သားအိမ်ကချို့ယွင်းတာထဲမှာ မွေးရာပါ သားအိမ်အခန်း ၂ ခုဖြစ်နေတာ၊ သားအိမ် နှစ်ခုတွဲ ဖြစ်နေတာတွေအပြင် သားအိမ်အလုံးက နေရာမတော်တာမှာရှိနေခြင်းလဲပါတယ်။ လိုအပ်ရင် ခွဲစိတ်ပြုပြင်ရမယ်။ သားအိမ်အဝမလုံသူဆိုရင် လစေ့တဲ့အထိ မတည်နိုင်လို့ ဆရာဝန်ကနေ ချုပ်ပြီးပြင်ပေးနိုင်တယ်။ ဆီးချို၊ Thrombophilia သွေးရောဂါနဲ့ တိုက်ဖွိုက်ရောဂါတွေ ပါတယ်။ ဆီးချိုနဲ့ နှလုံးသွေးကြော ရောဂါတွေကို ထိန်းနေရမယ်။ ခုခံအားချို့ယွင်းမှုထဲမှာ Antiphopholipid Antibody Syndrome, Reproductive Autoimmune Failure Syndrome တွေပါတယ်။ ခဏခဏကိုယ်ဝန်ပျက်သူဆိုရင် Immunological Issues စဉ်းစားရမယ်။
ကိုယ်ဝန်ပျက်တာထဲမှာ အများဆုံးဖြစ်တဲ့ ရာသီခွင်ကို လူတီရယ်အဆင့်ခေါ်တယ်။ ရာသီလာပြီး မျိုးဥ မထွက်ခင် ကာလကို ခေါ်တယ်။ အဲဒီကာလမှာ ချို့ယွင်းရင် ခဏခဏကိုယ်ဝန်ပျက်တတ်တယ်။ ဒီကာလအတွင်းမှာ အပြောင်းအလဲတွေ အများကြီးဖြစ်လာတယ်။ FSH ဟော်မုန်းထွက်လာမယ်။ မျိုးဥအိမ်ထဲက အကောင်းဆုံး ဖေါ်လီကယ်တခုကိုရွေ့းပြီး မျိုဥထွက်ဘို့ ပြင်တင်တော့မယ်။ LH ဟော်မုန်းကနေ မျိုးဥထွက်ဘို့ နိုးဆွပေးမယ်။ ကောပတ်စ်လူတီယမ် ဆိုတာဖြစ်လာမယ်။ သူကနေ ပရိုဂျက်စတီရုန်းဟော်မုန်းထုတ်ပေးမယ်။ ဒီကာလက ၁၄ ရက်ကြာတယ်။ အီစထိုဂျင် နဲ့တွဲပြီး သားအိမ်အတွင်းဆုံးနံရံကို ပြင်ပေးကြမယ်။ ဒါမှသာ သန္ဓေသားက တွယ်ကပ်မှု ဖြစ်စေနိုင်တယ်။
ဒီဆင့်ကဲဖြစ်စဉ်မှာ ချို့ယွင်ရင် ကိုယ်ဝန်ပျက်တာကို LPD လို့ခေါ်တယ်။ သွေးစစ်ပြီး သိနိုင်တယ်။ မျိုးဥထွက်ပြီး ၇ ရက်မှာ စမ်းရင် 10-14 ng/mL နည်းနေတာရှိသူကို လူတီရယ်အဆင့်အားနည်းချက်လို့ခေါ်တယ်။ သားအိမ် အတွင်းဆုံးလွှာ အသားစဖြတ်ယူစစ်တာလဲလုပ်နိုင်တယ်။ အာလ်ထွာဆောင်းရိုက်ပြီး ဖေါ်လီကယ်ကို တိုင်းနိုင်တယ်။ သေးနေတယ်သူတွေကို Clomiphene Citrate (Clomid) မျိုးဥကြွေဆေး ပေးရမယ်။ LPD ဖြစ်နေသူကို ပရိုဂျက်စတီရုန်း ဟော်မုန်းဆေးပေးမယ်။ မျိုးဥ ထွက်ချိန်ကနေ ကိုယ်ဝန် ၁ဝ-၁၂ ပါတ်အထိပေးတယ်။ တခါမက ပျက်သူဆိုရင် လိုမှာအမှန်ဘဲ။
ကိုယ်ဝန်မပျက်အောင် ကိုယ်ဝန်မရခင်ကတည်းကနေ စသင့်တယ်။ ကျန်းမာရေး ကောင်းနေသူတွေ ကိုယ်ဝန်ပျက်ရတာ နည်းတယ်။ ဒါကြောင့် အစာအာဟာရ မျှတလုံလောက်အောင်စားတာနဲ့ လေ့ကျင့်ခန်းလုပ်တာက အခြေခံလိုအပ်ချက် ဖြစ်တယ်။ စိတ်ဖိအားမများစေဘို့ ဖေါလစ်အက်စစ်သောက်ဘို့ လိုပါမယ်။ ကိုယ်လက်လှုပ်ရှား အားကစား ပြင်းထန်တာကိုလဲ ရှောင်ရမယ်။ ဓါတ်မှန် အရိုက်မခံပါနဲ့။ OG နဲ့အပ်ထားရမယ်။ အရက်၊ ဆေးလိပ်၊ မူးယစ်ဆေးဝါး၊ ရှောင်ပြီး၊ ကေဖင်းများတဲ့ ကော်ဖီနဲ့ ကိုလာ လျှော့သောက်ရပါတော့မယ်။
ကိုယ်ဝန်ခဏခဏပျက်ရခြင်းကို ယူကေနိုင်ငံ ဝါးဝစ်တက္ကသိုလ်က တွေ့ရှိချက်သစ်တခုကို ထုတ်ပြန်လိုက်ပါတယ်။
စတီရွိုက်နည်းနေသူတွေမှာ ကိုယ်ဝန်ခဏခဏပျက်ရတယ်။ ကိုယ်ဝန်ဆောင်အရေအတွက် ၇ ယောက်မှာ ၁ ယောက်မက ပျက်တယ်။ ကိုယ်ဝန် ၃ ကြိမ်ပျက်ဘူးသူ ၁% ရှိနေတယ်။ ကို်ယ်ဝန်ပျက်တဲ့ အမျိုးသမီးတွေရဲ့ သားအိမ်မှာ ခုခံအားစနစ်နဲ့ဆိုင်တဲ့ NK cells တွေ ပိုများနေတာကို သိလာရတယ်။ စတီရွိုက်ဆေးပေးရင် ကိုယ်ဝန်ပျက်တာကို သက်သာစေတာကိုသိထားပေမဲ့ အရင်က ဘာလို့လဲဆိုတာ မရှင်းတတ်သေးဘူး။
၁၂-၉-၂ဝ၁၃ နေ့ Journal of Clinical Endocrinology and Metabolism ထဲမှာ ရေးလိုက်တာကတော့ Natural killer cells (NK cells) တွေကနေ သားအိမ် အတွင်းဆုံးလွှာမှာ ဆက်ဖြစ်တာတွေရှိတယ်။ စတီရွိုက်နည်းနေရင် သန္ခေကို သားအိမ်မှာလာတွယ်ကပ်ဘို့ ခက်ခဲစေတယ်။ ဒါကြောင့် ကိုယ်ဝန် မပျက်စေအောင် စတီရွိုက်နည်းနည်းပေးတာ အကျိုးများတယ်။
Low molecular weight Heparin or Lovenox ထိုးဆေးကို ကိုယ်ဝန်ရလာရင် ထိုးပေးတာလဲရှိတယ်။ Low dose Aspirin ကိုလဲပေးတယ်။ Folic acid သောက်ရမယ်။ Dydrogestrone ဆေးကိုလည်းပေးတယ်။
Prednisolone 25mg ဆေးကို (၁၁-၁၄ မြောက်ရက်) ကနေစပြီး ကိုယ်ဝန်ရတယ်ဆိုရင် ၁၂ ပါတ်အထိ ပေးတယ်။ ဘေးထွက်ဆိုးကျိုး မများလှပါ။ ကိုယ်အလေးချိန်တက်မယ်၊ စိတ်မူပြောင်းနိုင်တယ်၊ အိပ်ရေးပျက်နိုင်တယ်၊ အရေပြား နည်းနည်းအပြောင်းအလဲရှိနိုင်တယ်၊ သွေးဖိအားတက်နိုင်တယ်။ ကလေးဆီကို နဲနဲလေးသာရောက်မယ်။ တချို့က ကိုယ်ဝန်ရရင် Prednisolone ဆေးကို ၂ ဆတိုးပြီးပေးတယ်။
Premaston (Allylestrenol) ဆေးမှာ Steroid + Progestational activity နှစ်မျိုးရောထားတယ်။ ကိုယ်ဝန် မပျက်အောင်၊ ကလေးစောမမွေးအောင်ပေးတယ်။ ယောက်ျားဆီးကျိတ်ကြီးတာအတွက်လည်းပေးတယ်။ 5 mg တနေ့ ၃ ကြိမ်၊ ၅-၇ ရက် ပေးတယ်။ မျိုးဥထွက်ပြီး ၄ ရက်မှာပေးသေးတယ်။ လိုရင်တိုးပေးမယ်။ ကိုယ်ဝန် ခဏခဏ ပျက်တတ်သူကို ကိုယ်ဝန်ရှိစကတည်းက 5-10 mg နေ့စဉ်ပေးမယ်။ ၇ လအထိပေးရတာလည်းရှိတယ်။
စိတ်ကို အပြုသဘောထား၊ ကံတရားလည်း အားကိုးပါလေ။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ