Pregnancy and Hepatitis B ကိုယ်ဝန် နှင့် ဘီပိုး
ဘီပိုးရှိနေတဲ့ ကိုယ်ဝန်ဆောင်တယောက်လာပြတယ်။ မကြာခင်မွေးမယ်။ ကလေးမွေးပြီးပြီးချင်းထိုးဘို့ ကာကွယ်ဆေးတမျိုး ရှာဝယ်ထားဘို့ ဆေးလက်မှတ်ရေးပေးပြီး ကူးစက်နိုင်ပုံတွေကို ရှင်းပြလိုက်တယ်။ သူပြောမှ ပြန်သတိရတယ်။ အရင်ကလေး သားဦးတုံးကလဲ ဘီပိုးရှိလျှက်နဲ့ ဆရာဘဲမွေးပေးခဲ့တာတဲ့။ အရင်တခါဝယ်တာ ရူးပီး ၅ဝဝဝ ပေးရသတဲ့။ အင့်း့ သည်တခါလဲ အထူးသတိထားပြီး မွေးပေးရအုံးမှာဘဲ။ သည်တယောက်မွေးပြီးရင်တော့ ခြာထားပါကွာလို့ အကြံပေးလိုက်ရတယ်။ သူ့အသက်ကလဲ ငယ်သေးတယ်။
ကိုယ်ဝန်ရှိရင် ဘီပိုး ရှိ-မရှိ စစ်ရပါမယ်။ ခင်ပွန်း၊ အဖေါ်ယောက်ျားမှာ ဘီပိုးရှိရင်၊ ကိုယ်က ဆေးရုံ-ဆေးခန်း-ဓါတ်ခွဲခန်း၊ ကျန်းမာရေးဌာနမှာအလုပ်လုပ်ရင် ဘီပိုး ရှိ-မရှိ စစ်ဘို့ သူများတွေထက်လိုတယ်။ ကိုယ်ဝန်ဆောင်နေတုံး မိခင်လောင်းမှာ ဘီပိုး ရှိနေတယ်ဆိုရင် ကလေးမွေးဖွါးနေတုံး ကလေးဆီကို ကူးစေနိုင်တယ်။
ကိုယ်ဝန်နုကာစ မိခင်လောင်းမှာ ဘီပိုးရှိတာဆိုရင် ကလေးကို ကူးလာနိုင်ချေ ၁ဝ% ထက်နည်းတယ်။ ကိုယ်ဝန်ရင့်ပြီဆိုရင် ၉ဝ% အထိရှိနိုင်တယ်။ ကလေးကိုကူးပြီဆိုရင်တော့ ဆိုးတယ်။ ရောဂါလက္ခဏာတွေ မခံစားရသေးပေမဲ့ ပိုးရှိနေပြီဖြစ်တဲ့ကလေးဟာ ၉ဝ% ဟာ ရောဂါပိုးသယ်ပို့ပေးနေသူဖြစ်နေမယ်။ ကလေးကြီးလာရင်လဲ ၂၅% ဟာ အအသည်းခြောက်တာ၊ အအသည်းကင်ဆာနဲ့ သေဆုံးနိုင်တယ်။
ဘယ်လိုနည်းနဲ့မွေးမလဲ
မွေးပေးမဲ့ ဆရာဝန်ကနေ မွေးခန်းကြိုတင်ပြင် ဆင်မှုတွေ အသေအခြာ လုပ်ပေးမယ်။ လိုအပ်တဲ့ ဆေးတွေ အဆင်သင့် ရှာထားမယ်။ ထိုးပေးမယ်။ အဲလိုမလုပ်ရင် မွေးလာမဲ့ကလေးကို ၅၉% ရောဂါကူးစက်လိမ့်မယ်။ နာတာရှည် အအသည်းရောင် ဖြစ်စေမယ်။ ကိုယ်ဝန်ဆောင်နေတုံးမှာ ကလေးကို ဘာမှမဖြစ်စေပါ။ ဗိုက်ခွဲမွေးဖွးရင် ကလေးကို ကူးစေနိုင်တဲ့ အခွင့်အလမ်းနည်းနေမယ်လို့ ယူဆကြသလို အခုနောက်ပိုင်းမှာ ဘယ်လိုနည်းနဲ့မွေးမွေး မထူးဘူးလို့လဲ ယူဆကြတယ်။
မွေးမွေးချင်းကလေးကို –
၁။ Hepatitis B vaccine ကာကွယ်ဆေး ပဌမအကြိမ် ထိုးပေးမယ်။
၂။ တခါတည်း Hepatitis B Immune Globulin (HBIG) ဆေးလဲထိုးပေးမယ်။
အဲလိုဆေး ၂ မျိုးကို မွေးပြီး ၁၂ နာရီအတွင်းထိုးပေးနိုင်ရင် ကလေးကို ပိုးကူးဘို့ ၉ဝ% စိတ်ချနိုင်တယ်။ နောက် တလတိတိမှာ ဒုတယအကြိမ် နဲ့ ၆ လ အပြည့်မှာ တတိယအကြိမ် ကာကွယ်ဆေး ဆက်ထိုးဘို့ လိုတယ်။
ကလေးနို့တိုက်ခြင်း
မွေးမွေးချင်း ကလေးကို ကာကွယ်ဆေး ၂ မျိုးလုံးတိတိကျကထိုးပေထားရင် နို့တိုက်လို့လဲ ကလေးကိုကူးမှာကို ထူးပြီးစိုးရိမ်ရာမလိုပါ။ တချို့က အတိုက်မခိုင်းဘူး။ အမေရိကန်ပြည်ထောင်စု၊ ပင်ဆယ်လ်ဗေးနီးယားမှာရှိတဲ့ Centers for Disease Control (CDC) ဌာနအဆိုအရ မတိုက်ဘဲထားတာနဲ့ တိုက်တာတွေရဲ့ အဆိုး-အကောင်းတွေယှဉ်ရင် ကလေးကို နို့တိုက်သင့်တယ်လို့ ထောက်ခံ အားပေးပါတယ်။
ကလေးမွေးပြီးတဲ့နောက်မှာ
• အသည်းရောင် (အေ) ကာကွယ်ဆေး ထိုးသင့်တယ်။
• အရက်ရှောင်ရမယ်။
• Acetaminophen (Tylenol)/Paracetamol (ပါရာစီတမော) ဆေးမသောက်ပါနဲ့။
• သွေးမလှူပါနဲ့၊ တခြား ကိုယ်ခန္ဓာအစိတ်အပိုင်းလဲ မလှူပါနဲ့။
• သွားတိုက်တံ၊ ရေဇာ၊ လက်သည်းညှပ်၊ သူများတွေနဲ့ တွဲမသုံးပါနဲ့၊
• ဆေးရုံ၊ ဆရာဝန်တွေကို hepatitis B carrier ကိုယ့်ရောဂါရှိနေတာကို ပြောပြပါ။
• အနည်းဆုံး တနှစ်တခါ ဆရာဝန်ပြပါ။
• ကိုယ့်မိသားစု၊ ယောက်ျား၊ ဇနီး အတူနေတွေကို ရှင်းပြပါ။
• HBsAg test positive ဖြစ်သူဟာ အအသည်းအခြေအနေသိရအောင် Liver function testing ပါလုပ်ပါ။
(HBV) ဘီပိုး ကူးစက်ခံရသူရဲ့ သွေးထဲမှာ အများဆုံးစုနေပြီး၊ တံတွေး၊ သုတ်ရည်၊ ဗဂျိုင်းနာအရည် နဲ့ အနာအဆာကနေ ထွက်တဲ့ အရည်တွေထဲမှာ နည်းနည်းသာတွေ့ရတယ်။ ဒီ ဗိုင်းရပ်စ်ပိုးဟာ အခန်းထဲ အပူချိန်မှာ ၇ ရက်အထိလောက် ရှင်နေနိုင်တယ်။ ပိုးဝင်ခံတဲ့နောက် ရက်ပေါင်း ၉ဝ ကနေ ၆ လ အတွင်း လက္ခဏာပြမယ်။ ရက်တိုပိုးဝင် လက္ခဏာတွေကတော့ အစား အသောက်ပျက်မယ်၊ ပျို့ချင် အန်ချင်မယ်၊ ကိုယ်ပူမယ်၊ ဗိုက်နာမယ်၊ အသားဝါမယ်။ ဆီးဝါမယ်။ ဝမ်းအရောင် ပျော့မယ်။ ဘူတဝက်လောက်မှာတော့ ရောဂါလက္ခဏာ မပြတတ်ဘူး။ ၁% လောက်ကတော့ သိပ်ဆိုးနိုင်တယ်။
ရက်တိုဖြစ်တဲ့သူတွေဟာ ကလေးငယ်လေးတွေဆိုရင် ၉ဝ% နာတာရှည်ဖြစ်မယ်။ ၅ နှစ်အောက်ကလေး ၃ဝ% နာတာရှည် ဖြစ်မယ်။ လူကြီးဆိုရင် ၂-၆% နာတာရှည်ဖြစ်မယ်။ မိခင်မှာ ဘီပိုးရှိနေပေမဲ့ မွေးလာတဲ့ကလေးမှာ မွေးရာပါ ချို့ယွင်းတာ မဖြစ်ပါ။ ကိုယ်အလေးချိန် နည်းတာ မပြည့်တာတော့ ဖြစ်နိုင်တယ်။
ကိုယ်ဝန်လာအပ်ရင် ဘီပိုးရှိ-မရှိ သွေးစစ်တာကို (HBsAg) ခေါ်တယ်။ သံသယရှိသူအားလုံး၊ ဥပမာ မိသားစုဝင်တွေ၊ ဇနီး-ခင်ပွန်း-အဖေါ်တွေကို (HBsAg, antiHBc, antiHBs) တွေစစ်ရမယ်။
• HBsAg = negative, anti-HBc = negative, anti-HBs = negative ဖြစ်နေသူဆိုတာ၊ ကောင်းတယ်။ ဒါပေမဲ့ တချိန်မှာ ကူးမလားဘူးမပြောနိုင်ဘူး။ ရောဂါ မပြီးသူဖြစ်တယ်။
• HBsAg = negative, anti-HBc = positive, anti-HBs = positive ဖြစ်နေသူဆိုတာ၊ ပိုကောင်းတယ်။ သူဟာ မသိမသာပိုးအဝင်ခံထားရာကနေ သဘာဝအရ ရောဂါပြီးနေတယ်။
• HBsAg = negative, anti-HBc = negative, anti-HBs = positive ဖြစ်သူဟာ ဘီပိုး ကာကွယ်ဆေးထိုးထာလို့ ရောဂါပြီးနေသူ ဖြစ်တယ်။
• HBsAg = positive, anti-HBc = positive, IgM anti-HBc = positive, anti-HBs = negative ဆိုသူဟာ acutely infected လောလောလတ်လတ် ပိုးဝင်တာခံနေရသူဖြစ်တယ်။
• HBsAg = positive, anti-HBc = positive, IgM anti-HBc = negative, anti-HBs = negative ဆိုသူဟာ chronically infected နာတာရှည်ပိုးဝင်နေသူဖြစ်တယ်။
• HBsAg ရှိနေတယ်ဆိုတာ ပိုးလတ်တလောအဝင်ခံရသူဖြစ်တယ်။ ၃-၅ ပါတ်မတိုင်ခင်က ဝင်ခဲ့သူဖြစ်မယ်။ ပိုးဝင်ပြီး နလံထရင် (၃-၄ လ ကြာရင်) ဒါကို မတွေ့တော့ဘူး။ အဲဒီအချိန်မှာ anti-HBs တွေ့လာမယ်။
• HBsAg positive ဖြစ်ပြီး၊ IgM anti-HBc မတွေ့သူဆိုတာ နာတာရှည်ပိုးဝင်နေသူဖြစ်တယ်။
• HBsAg = negative, anti-HBc = positive, anti-HBs = negative ဆိုဟာ four interpretations possible (၄) မျိုးဖြစ်နိုင်တယ်။
1. ရက်တိုရာကနေ နလံထလာသူ၊
2. ရောဂါကိုပြီးပေမဲ့ စမ်းသပ်တဲ့အခါမှာ သွေးထဲမှာ နည်းနေသူ၊
3. အပေါင်းပြတာ မမှန်လို့ ရောဂါပိုးဝင်တာခံရနိုင်သူ၊
4. သွေးစစ်တာမှာ နည်းလွန်းလို့ မပြပေမဲ့ သူများကို ကူးစေနိုင်သူ။
ကာကွယ်ဆေး
• အမေရိကားမှာ Recombivax HB နဲ့ Engerix-B ၂ မျိုး သုံးတယ်။ ကိုယ်ဝန်ဆောင်နေလဲထိုးနိုင်တယ်။ ကလေးတွေကို 0.5 ml ထိုးတယ်။ အသက် ၂ဝ အထက်ကို 1.0 mL IM ထိုးတယ်။
• ရက်တိုပိုးရှိသူနဲ့ ထိတွေ့လိုက်ရလို့ (လိင်ဆက်ဆံလို့) ဆိုရင် ၁၄ ရက်အတွင်းမှာ HBV vaccine ထိုးပါ။ စုစုပေါင်း ၃ ခါထိုးရမယ်။ ချက်ချင်း၊ နောက် ၁ လ၊ ဒိနောက် ၅ လ။ နောက်ပြီး Hepatitis B immune globulin (HBIG) 0.06 mL/kg IM ကိုလည်း နောက် တင်ပါး၊ လက်မောင်းမှာ ထိုးပါ။
• တကယ်လို့ အရေပြား၊ အရေပြားနုရဲ့အပေါက်အပြဲ၊ ဒဏ်ရာကနေ ဝင်တာဆိုရင် HBIG ကို နောက် တလနေရင် တခါထပ်ထိုးပါ။
• နာတာရှည်ပိုးရှိနေသူကနေ (လိင်ဆက်ဆံတာဖြစ်ဖြစ်၊ အပ်-သွေးကြောင့်ဖြစ်ဖြစ်) ကာကွယ်ဘို့ hepatitis B vaccine တမျိုးထဲသာ လိုတယ်။
• ရက်တိုပိုးဝင်ခံရသူကို ရောဂါဆေးရယ်လို ပေးစရာမလိုပါ။ အထောက်အကူပြုကုသမှုသာ လိုတယ်။ သိပ်ဆိုးသူကိုတော့ ဆေးရုံတင်ရမယ်။ နာတာရှည်ပိုးဝင်သူကို alpha-interferon ဒါမှမဟုတ် Lamivudine ဆေးပေးမယ်။ ကိုယ်ဝန်ဆောင်ကို ဒီဆေး ပေးနိုင်တယ်၊ မပေးသင့်ဘူး၊ အတိအကျ ပြောမရပါ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment