Pregnancy – Child birth ယောက်ျား ဖေါင်စီး၊ မိန်းမ မီးနေ

ကလေးမီးဖွါးရတာ ဘယ့်လောက် အန္တရာယ်များလဲဆိုတာကို တင်စားပြောလိုက်တဲ့ စကားပါ။ အတော်ကို မှန်ပါတယ်။ တကမ္ဘာလုံး ၁ နှစ် ၁ နှစ်၊ သန်းတဝက်မက ကလေးမီးဖွါးရင်း ကိုယ်ဝန်ဆောင်တွေ သေနေရဆဲပါ။ ဟိုအရင် ခေတ်ဟောင်း သမိုင်းမှာ ၁ဝဝ မှာ ၁ ယောက် သေနိုင်ခဲ့နိုင်တယ်လို့ ထင်ကြတယ်။ ၁၈ဝဝ ခုနှစ်များ ကတော့ အဆိုးဆုံးမို့ ၄ဝ%တောင် သေဆုံးရသတဲ့။ ၁၉ဝဝ ပြည့်နှစ်တွေမှာတော့ ၁% ရှိခဲ့တယ်။


ကလေးဖွါးရင်း မိခင်တွေ ဘာ့လို့ သေဆုံးရသလဲဆိုတဲ့ အကြောင်းတွေထဲမယ် Bleeding (Hemorrhage) သွေးသွန် (သွေးလွန်) တာက ထိပ်ဆုံးကပါ။ Sepsis ရောဂါပိုးဝင်တာက ဒုတိယ၊ Abortion ကိုယ်ဝန်ပျက်တာဖြစ်ဖြစ် ဖျက်တာဖြစ်ဖြစ် မှားလို့ သေရတာကလဲ ဒုတိယ အဆင့်နဲ့ အတူတူဘဲ။ ကိုယ်ဝန်ဆောင်တုံး ကိုယ်တွေရောင်၊ သွေးဖိအားတွေ တက်တဲ့ PET and Eclampsia ကိုယ်ဝန် သွေးဆိပ်တက်ရောဂါ ဆိုတာက တတိယလိုက်တယ်။ Obstructed labor မွေးလမ်းကနေ မမွေးနိုင်လို့က စတုတ္ထနေရာမှာ ရှိတယ်။


“ယောက်ျား ဖေါင်စီး၊ မိန်းမ မီးနေ” ဒီစကားက ပေါ်တာ ကြာပြီနဲ့ တူပါတယ်။ ကနေ့ခေတ်မှာ ကလေး မီးဖွါးရတာက အဲလောက် အဖိတ်အစင် မများတော့ပါ။ Antiseptics ပိုးသတ်ဆေးတွေ ပေါ်လာတာရယ်၊ Blood transfusion သွေးသွင်း ပေးနိုင်လာတာရယ်၊ ANC ကိုယ်ဝန်ဆောင်တွေကို ပိုပြီး ကောင်းကောင်း စောင့်ရှောက် ပေးနိုင်လာတာတွေကြောင့် မအေတွေ အသေနဲလာရတာပါ။ အရင်လောက် သိပ်မဆိုးတော့ဘူး။


ဆိုးတယ်၊ မဆိုးဘူးဆိုတာကို တိတိကျကျပြောရင် ဆေးပညာမှာ Maternal mortality ratio (MMR) မီးတွင်းသေဆုံးနှုန်းလို့ ခေါ်တာနဲ့ စာရင်းကောက် တွက်ချက်ရတယ်။ ကလေး ၁ သိန်းမွေးတိုင်း မွေးရင်းသေဆုံးရတဲ့ မိခင် ဘယ်လောက် ရှိလဲဆိုတာကို ပြောတာပါ။


ကလေးမီးဖွါးပြီး သေတယ်ဆိုတာ အဆန်းတော့ မဟုတ်ပါ။ သိဒ္ဓတ္ထမင်းသားမွေးပြီး၊ မယ်တော် မဟာမာယာဒေဝီ လဲ လုမ္ဗိနီသာမော အင်ကြင်းတောထဲမှာ သေဆုံးခဲ့ရတာ နှစ်ပေါင်း ၂၅ဝဝ ကျော်က တကဲ့အဖြစ်အပျက်ပါ။ ပုံပြင်တွေ၊ ဝတ္ထုတွေထဲမှာလဲ တကူးတက ထည့်ရေးကြတာ တွေ့ရပါမယ်။ မင်းသမီးလေး (စနိုးဝှိုက်) အမေက ဆုံးသွားလို့ ဘုရင်က နောက်မိန်းမ ယူရတာက ချောတော့ ချောပေမဲ့ စိတ်က အကျဉ်းတန်၊ ကဝေပညာလဲ တတ်သတဲ့။ စစ်နဲ့ငြိမ်းချမ်းရေး ထဲမယ် မင်းသား (အင်ဒရူး) ဇနီးဟာ သားလေး (နီကိုလိုင်) ကို မွေးပြီး သေဆုံးသွားရတယ်။ (အိုလီဗာ တွစ်) ကလဲ မိတဆိုးဘဲ မဟုတ်လား။


ရုပ်ရှင်တွေမှာလဲ ပါတာဘဲ။ (ဇောရိုး မျက်နှာဖုံး) ထဲမယ် လူဆိုးကြီး (ရဖယ်လ် မွန်တဲရိုး)ကနေ (အလီနာ) အမေကို ပြစ်သတ်၊ ကလေးမွေရင်း သေရတာလို့ လိမ်ပြောပြီး၊ မွေးစားခဲ့တယ်။ (ဟယ်ရီပေါ်တာ) ထဲမှာလဲ (လော့ဒ် ဗိုလ်ဒမ်မော့တ်) ရဲ့အမေ (မာရုပ် ဂေါက်-ရစ်ဒယ်လ်) ကလဲ ကလေးမွေးပြီး သေသွားရတယ်။


ထင်ကြမဲ့အတိုင်း အဆိုးမှန်သမျှ အာရှ၊ အာဖရိကမှာဘဲပေါ့။ အကောင်းဆုံးက အအေးဆုံးဖြစ်တဲ့ အိုက်စလန် မှာ ၁ သိန်း မွေးလို့ ၁ ယောက်တောင်မှ မသေဘူးတဲ့။ အမေရိကားမှာတော့ ၁၁ ယောက်သေတယ်။ သေရတဲ့ မိခင် ၉ဝ-၉၉% က ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာပါ။ ဗမာပြည်ဟာ ၁၉၈၇ ခုနှစ်ကတည်းက စာရင်းဝင်ခဲ့ရပြီး၊ ကနေ့အထိ ပြန်မထွက်နိုင်သေးတဲ့ အဆင်းရဲဆုံးတိုင်းပြည် LDC ဖြစ်တယ်။ ချမ်းသာတဲ့ တိုင်းပြည်တွေထက် LDC တွေက အဆ ၃ဝဝ ပိုဆိုးပါသတဲ့။ ဒါ့ကြောင့်လဲ “မိန်းမမီးနေ” ဆိုတာကို ဗမာစကားနဲ့ တိတိကျကျ ရှိနေသေးတာ ဖြစ်မှာပေါ့။


ကုလသမဂ္ဂ အဖွဲ့အစည်းတွေဖြစ်တဲ့ WHO, UNICEF, UNFPA နဲ့ ကမ္ဘာ့ဘဏ်တို့က ပြုစုထားတဲ့ ၂ဝဝ၅ ခုနှစ် စာရင်း အရဆိုရင် ကလေး ၁ သိန်းအရှင်မွေးရင် မီးတွင်း သေဆုံးရတဲ့ မိခင်ပေါင်း ၅ဝဝ ကျော်တာ ၆၅ နိုင်ငံ ရှိတဲ့ထဲမယ် မြန်မာနိုင်ငံက ၅၁ဝ နဲ့ပါတယ်။ ပိုဆိုးတာက ၁ဝဝဝ ကျော်ရှိတာ ၃၃ နိုင်ငံ၊ ၂ ထောင်ကျော် ၆ နိုင်ငံနဲ့ ဘိတ်ဆုံးဟာ ၃၇ဝဝ နဲ့က (ဆာရာလီအွန်) ဖြစ်တယ်။


ကျွန်တော်တို့ တိုင်းပြည်မှာက သုတေသနဆိုတာ အတော်ကြီး နည်း၊ အတော်ကြီး ခက်ခဲနေသေးတယ်။ တာဝန်ရှိသူတွေ ကနေသာ ကိုင်တွယ် ထုတ်ပြန်လေ့ရှိတဲ့အပြင် မကောင်းတဲ့ စာရင်းဆို မပြတတ်တဲ့ အကျင့် ပါနေတယ်။ တာဝန်ရှိသူတွေလို့ ပြောတာကိုက မှားနေတယ်။ ကျန်းမာရေး ပြဿနာကို ကောင်းမွန် တိုးတက်အောင် ဖြေရှင်းရာမှာ အုပ်ချုပ်သူတွေနဲ့ ကျန်းမာရေးနယ်မှာ လုပ်နေကြသူတွေချည်းနဲ့ မလုံလောက်ပါ။


မအေတွေ အသေနဲလာရတဲ့ တခြား အရေးကြီးတဲ့ အကြောင်းတခုကတော့ နိုင်ငံရေးပါ။ အမျိုးသမီးတွေကို ပိုဂရုစိုက်ပေးဘို့ လိုတယ်ဆိုတဲ့ နိုင်ငံရေးအမြင်၊ လူမှုရေးအသိ ကောင်းလာလို့ ဖြစ်တယ်။ နိုင်ငံရေး အဖွဲ့ အစည်းတွေ၊ လူမှုရေး အသင်းအပင်းတွေ၊ အမျိုးသမီး အစုအစည်းတွေဟာ နေရာတိုင်းမှာ အရေးပါလှပါတယ်။ သူ့အသိစိတ်နဲ့သူ ဖွဲ့ကြရတာဖြစ်ဘို့လဲ လိုပါမယ်။


CEDAW လို့ခေါ်တဲ့ အမျိုးသမီးများ ခွဲခြားဆက်ဆံခံရမှုမျိုးစုံ ပပျောက်ရေး ကော်မတီဆိုတာ ရှိတယ်။ ကမ္ဒ္ဘာ့ ကုလသမဂ္ဂ အောက်ကပါ။ ၂ဝဝဝ ခုနှစ်က မြန်မာကိုယ်စားလှယ်ကနေ ၁ဝဝဝ မှာ ၁ ယောက် သေနေတာက ၂ဝဝဝ မှာ ၁ ယောက်သာ သေအောင်လုပ်မယ်လို့ နယူးယော့မှာ ကတိပေးခဲ့တယ်။ ဘယ်လောက် ကောင်းသလဲ။ နားထောင်လို့။


လက်လှမ်းမီသလောက် စာရင်းလိုက်ရှာတော့ မြန်မာပြည်မယ် ၁၉၉၅ မှာ MMR ၁၇ဝ ယောက်လို့ UNDP စာရင်းတခုမှာ တွေ့တယ်။ ၁၉၉၉ တုံးက (ဆာဗေး) လုပ်တော့ ၂၅၅ ယောက်လို့ ထုတ်ပြန်ခဲ့တယ်။ နောက်ထပ် တွေ့ရတာက ၁၉၉ဝ မှာ ၅၈ဝ၊ ၂ဝဝဝ မှာ ၃၆ဝ၊ ၂ဝဝ၇ မှာ ၃၂ဝ ဆိုပြီး တွေ့ရတယ်။ ဒီထဲမှာ ၁၉၉၅ နဲ့ ၁၉၉၉ က စာရင်းတွေကို ထည့်မရေးတာ သတိထားမိမှာပါ။ နောက်နှစ်တွေမှာ ပိုဆိုးသွာတဲ့ သဘောဖြစ်နေလို့ စာရင်း မသွင်းတော့တာနဲ့ တူတယ်။ “မီးတွင်းမှာ သေသွားရတဲ့ အမျိုးသမီးများ စာရင်းတောင် အသွင်းမခံရပါလား။”


သတင်းတို့၊ စာရင်းတို့ ထုတ်ပြန်တော့ အရင်စာရင်းနဲ့ နောက်စာရင်း နှိုင်းယှဉ်ရင် “တိုးတက်၊ ကောင်းမွန်၊ အောင်မြင်တယ်” ဆိုတာကို သိပ်ပြောချင်ကြတယ်။ အကောင်းတွေ တိုးလာစေ၊ အဆိုးတွေ နည်းလာစေဆိုမှ မျက်နှာပန်းက လှမှာကိုး၊ သတိကြီးကြီး ထားတတ်ကြတယ်။ သတိကြီးတယ်ဆိုတာ ကောင်းတာပေါ့။ သတင်းရေးသူတွေ အမျိုးမျိုးရှိသလို ကိုးကားတာကလဲ တမျိုးတမျိုးကြီး ဖြစ်နေမှာပါဘဲ။ ဗမာပြည်မှာ စာရင်းဇယား၊ ကိန်းဂဏန်းဆိုတာ ကိုးကားချင်ရင် “လေဖမ်း ဒန်းစီးရသလိုမျိုး” ကိုး။


ကျွန်တော်တို့ တိုင်းပြည်မှာ ၁ နှစ်မှာ မွေးလူနာပေါင်း ၁့၃ သန်းရှိပါတယ်။ ၂ဝဝ၅ မေလ ၂ ရက်က (ဆင်ဟွာ) သတင်း ဌာနကနေ ကျန်းမာရေးဌာနကို ကိုးကားပြီး မြို့နယ်ပေါင်း ၁၂ဝ က၊ အိမ်ထောင်စုပေါင်း ၂ သိန်းခွဲကို UNICEF နဲ့ပေါင်းပြီး၊ ဆန်းစစ်မယ်လို့ ပါတယ်။ ၂ဝဝဝ ခုနှစ် တုံးက မွေးလူနာ ၁ သိန်းမှာ သေရတဲ့ မိခင်ပေါင်းက ၄၃ဝဝ ရှိတယ်လို့ပါတယ်။ ၂ဝဝ၉ ဇန္နဝါရီလ သတင်းတခုမှာ UN Population Fund (UNFPA) အဆိုအရ နှစ်တိုင်း မိခင်ပေါင်း ၃၈ဝဝ သေဆုံး နေရတယ်လို့ ဆိုတယ်။


၂ဝဝ၉ ဇွန်လ တတိယပတ်ထုတ် (မြန်မာ တိုင်းမ်) မှာ မိခင်နှင့်ကလေး ကျန်းမာရေး တိုးတက်လာတယ်လို့ ဖတ်ရတယ်။ သာဓု ခေါ်ရမှာပေါ့။ တပါတည်း မှတ်ချက်ပြုထားတာက တိုးတက်လာတယ် ဆိုတာကို ကိန်း ဂဏန်းတွေနဲ့ ပြမရဘူးတဲ့။ ဘာ့လိုလဲ ဆိုတော့ ခိုင်လုံတဲ့ သတင်းအချက်အလက် ရဘို့ ခက်ခဲလို့ပါတဲ့။ အားရှိစရာလို့ ပြောရမလားတော့ မသိဘူး၊ ဗမာပြည်ဟာ အရှေ့တောင်-အာရှမှာ အဆိုးဆုံး ဖြစ်ပေမဲ့ ၂ဝဝ၅ မှာ ၁၉၉ဝ ကထက် ၄၅့၅% တောင်မှ လျော့ကျခဲ့တယ်။ ၂ဝ၁၅ ရောက်ရင် မီးတွင်းသေနှုန်းကို ၄ ပုံ ၃ ပုံ လျော့ကျစေရမယ်တဲ့။ ဒုတိယအကြိမ် သာဓုခေါ်ပါတယ်။


၂ဝဝ၈ ခုနှစ်အတွင်း ကလေးဖွါးရာမှာ ၅၇%ကဘဲ ကြွမ်းကျင်တဲ့ သူတွေနဲ့ မွေးကြတယ်။ သေဆုံးရသူတွေထဲက ၈၇% က တောပိုင်းမှာ ဖြစ်တယ်။ သေသူတွေဟာ ဆေးရုံ ဆေးခန်းမှာ ၁ဝ%၊ လမ်းမှာ ၂% နဲ့ အိမ်မှာက ၈၈% ရှိတယ်လို့ တိတိ ကျကျ တွေ့တယ်။ သားဖွါး ဆရာမ တယောက်ဟာ ရွာ ၁၆ ရွာကို ကြည့်ပေးနေရတယ်လို့ပါ ထောက်ပြတာ တွေ့ရတယ်။ ပြည်နယ် တခုမှာ အရံသားဖွါး-ဆရာမ ဖြစ်အောင် သင်တန်းပေးတာ ၃ လစာကို ၁ ပတ်ထဲ ပေးလိုက်သတဲ့။ ကိုယ်တိုင် တက်လာသူကနေ ပြောတာပါ။ ဒီသတင်း အမှန်မျိုးက စာရင်းဇယား၊ သတင်းများမှာ ပါတာ မဟုတ်ဘူး။


Dr. တင့်ဆွေ


Comments

Popular posts from this blog

Hair Loss (1) ဆံပင်ကျွတ်ခြင်း (၁)

Omicron Positive အိုမီခရွန် ကူးစက်ခံရလျှင်

Ringworm ပွေး