Sterilization ပိုးသန့်ခြင်း


ဖေ့စ်ဘွတ်မှာ အသက်ကြီးအမျိုးသမီးတယောက် မတော်တဆဖြစ်ရာကနေ ပေါက်ပြဲသွားလို့ ဆေးခန်းတခုကိုသွား၊ ဆေးခန်းက အိမ်မှာပြန်နေတဲ့ဆရာဝန့်အိမ်ကိုလိုက်သွား၊ အဲဒီမှာအနာကိုချုပ်ပေး၊ ကုန်ကျစရိတ်တောင်းတာလည်းပေး၊ ၂-၃ ရက်နေလို့ဆေးထည့်ဖို့ ပတ်တီးဖြေတော့ အနာရင်းနေတာ စသဖြင့် တိတိကျကျရေးထားတာကို ဖတ်ရပါတယ်။
စတာရာလိုက်ဇေးရှင်း ဆိုတဲ့စကားလုံးကို နှစ်နေရာမှာသုံးတာမှာ အဓိပ္ပါယ်တွေမတူပါ။ သားသမီးမလိုချင်တော့လို့ သားကြောဖြတ်တာကိုလည်း ဒီလိုခေါ်သလို ပိုးမွှားသန့်အောင် လုပ်ပေးရတာကိုလည်း စတာရာလိုက်ဇေးရှင်းခေါ်တယ်။ လူတယောက်ကို ချီးမွမ်းတဲ့အခါ သန့်ပြန့်လို့ပါလားလို့ ပြောကြတယ်။ ကိုယ်ခန္ဓာသာမက ပတ်ဝန်းကျင်လည်း သန့်ရှင်းဘို့ လိုတယ်။ ဆေးကုသရာမှာတော့ အထူးသန့်ရှင်းရေးလုပ်ဘို့ လိုပါတယ်။ လူသန့်ရှင်းရေး နဲ့ အိမ်သန့်ရှင်းရေးကိစ္စတွေမှာ သာမန်အားဖြင့် အမျိုးသမီးတွေက ပိုကျွမ်းကျင်ကြတယ်။ မိန်းကလေးတိုင်းလည်း မဟုတ်သလို၊ ယောက်ျားလေးထဲမှာ ဖိုးသန့်ရှင်းတွေရှိတယ်။ တာဝန်အရသာမက စိတ်ပါမှ အရာရာ သေခြာတယ်၊ ခိုင်မာတယ်။ အမိန့်ထုတ်နိုင်သူတွေကနေ ကြေညာပြီး လိမ်တာမျိုးက တခြားနယ်ပယ်မှာ ရချင်ရပါမယ်။ ဆေးလောကမှာတော့ အသက်နဲ့ ကစားတာဘဲ။
HIV တို့ B ပိုး၊ C ပိုးတို့၊ နောက်ပြီး ဝက်တုပ်ကွေးတို့ရန်ကြောင့် လက်အိပ်နဲ့ နှာခေါင်းစီးတွေ ဖက်ရှင်လို ဖြစ်လာစေခဲ့တယ်။ ဒီဖက်ရှင်ကို တွင်ကျယ်စေချင်ပါတယ်။ လက်အိတ်စွပ်တာက သွေးကတဆင့် ကူးစက်လာမဲ့ ရောဂါပိုးရန်က ကိုယ့်ကိုယ်ကို ကာကွယ်ဘို့နဲ့ သူများတွေကိုပါ မကူးစေဘို့အတွက် ဖြစ်တယ်။ နှာခေါင်းစည်း တပ်တာဟာ အသက်ရှူလမ်းကနေ ဝင်မဲ့၊ ထွက်မဲ့ ပိုးတွေ မကူးအောင်ပါ။
ရောဂါပိုးတွေအတွက် သုံးတဲ့ဆေးက အမျိုးမျိုးရှိပါတယ်။ ကိုယ်ထဲဝင်ပြီးသားနဲ့ ဝင်လာမဲ့ပိုးတွေအတွက် ပါးစပ်ကနေ သောက်ရ၊ အသားထဲ-သွေးကြောထဲ ထိုးရတဲ့ ဆေးတွေကို Antibiotics ပဋိဇီဝဆေး လို့ ခေါ်တယ်။ အခုရေးမှာက အပြင်ကနေသာ သုံးရမဲ့ ဆေးတွေဖြစ်တယ်။ Antiseptic ဆိုတာတွေက သက်ရှိ (တစ်ရှူး) နဲ့ အရေပြားတွေကို Infection ရောဂါပိုးဝင်မှာ၊ Sepsis အနာရင်းမှာ၊ Putrefaction ပုတ်သွားမှာတို့ မဖြစ်စေအောင် လုပ်ပေးတဲ့ ဆေးတွေပါ။ တချို့ Antiseptic ပိုးသန့်ဆေးတွေက ပိုးတွေကို သတ်ပစ်နိုင်ပြီး၊ အချို့က မျိုးပွါးမှာကို တားဆီးနိုင်တယ်။ Disinfectants ဆေးတေံကတော့ သက်မဲ့ မျက်နှာပြင်ပေါ်ရှိတဲ့ ပိုးမွှားတွေကို နိုင်တယ်။ ပိုးမွှားနိုင်တဲ့ ဆေးတွေကို ခြုံပြီး Antimicrobial ခေါ်တယ်။ Antibacterials တွေက (ဗက်တီးရီးယား) တွေကို နိုင်တဲ့ဆေးတွေ ဖြစ်ကြပြီး၊ Microbicides တွေကတော့ (ဗက်တီးရီးယား) တွေရော (ဗိုင်းရပ်စ်) ကိုပါ နိုင်တယ်။
ပိုးသန့်ဆေးတွေကို လွယ်လွယ်မှတ်မိအောင် Antiseptic 1-2-3 လို့ သင်ပေးတယ်။ (၁) ဆပ်ပြာနဲ့ ရေ၊ (၂) အရက်ပျံ နဲ့ (၃) အိုင်အိုဒင်းတို့ ဖြစ်တယ်။ ခွဲခန်း၊ မွေးခန်း၊ ဆေးထည့်ခန်းတွေအတွက် ဥပဒေသတခုပေါ့။
ဆပ်ပြာပေါ်လာတာ အင်မတန်ကျေးဇူးကြီးပါတယ်။ ခွဲစိတ်ခန်းမဝင်ခင်၊ အနာဒဏ်ရာမကိုင်ခင် လက်အရင်ဆေးရတယ်။ ဆပ်ပြာနဲ့အတူ Brush ဝက်မင်ဘီးနဲ့ တံတောင်ဆစ်အထိ အပြန်အလှန် တိုက်ပါ။ Brush အမွှေးက မကြမ်းရဘူး။ မနုစေရဘူး။ ဆေးရုံသုံး လက်ဆေး (ဘရပ်ချ်) ရှာမရရင် အမျိုးသမီးတွေအတွက် အလှအပပစ္စည်းတွေ ရောင်းတဲ့ဆိုင်က အနေတော် Brush ကို သုံးနိုင်တယ်။ အထက်က အောက်ကို ကျနေတဲ့ Tap ရေပိုက်ကလာတဲ့ရေနဲ့ ဆေးမှ ကောင်းတယ်။ ရေပိုက်ခေါင်းကို တံတောင်ဆစ်နဲ့သာ ပြန်ပိတ်လုပ်နိုင်ဘို့ စီမံထားရတယ်။ လက်အိပ်စွပ်ပြီးသား၊ ဆေးပြီးသားလက်ရဲ့ အဖျားပိုင်းက ဘယ်တော့မှ တံတောင်ဆစ်အောက်မှာ မရှိစေရဘူး။ ဆရာကောင်းတပည့် ဟုတ်-မဟုတ် ကြည့်တာနဲ့ သိတယ်။
Dettol (ဒက်တောလ်) က ဆေးခန်းရော အိမ်တွေမှာပါ အသုံးအများဆုံး Antiseptic ဖြစ်တယ်။ ဒီထဲမှာ Chloroxylenol ဆိုတာပါတယ်။ အဆင့် (၁) အစား သုံးနိုင်တယ်။
အဆင့် (၂) Alcohol အရက်၊ Ethanol အရက်ပျံ၊ Isopropanol (70% Ethanol) ကို ဆေးရုံ-ဆေးခန်းသုံး Surgical alcohol လို့ ခေါ်တယ်။ ဆေးမထိုးခင်၊ မခွဲစိတ်ခင် အရေပြားကို ပိုးသန့် ပေးတယ်။ အနာထဲ သွားမထည့်ရပါ။ သက်မဲ့ မျက်နှာပြင်တွေအတွက် မသုံးရပါ။ HIV, Hepatitis B, Hepatitis C ပိုးတွေအတွက် ပိုပြင်းတဲ့ (80% Ethanol + 5% Isopropanol) ကို သုံးရတယ်။ Fungal မှို၊ Bacterial spores အခွံပါ (ဗက်တီးရီးယား) နဲ့ Hepatitis A အသည်းရောင် (အေ) ပိုးတွေအတွက် အရက်ပျံက အသုံးမကျပါ။
အဆင့် (၃) အိုင်အိုဒင်းကို Betadine, Povidone-Iodine နာမည်တွေနဲ့ လာတယ်။ ဆေးရုံ-ဆေးခန်းတွေမှာတော့ Iodine ကို Alcohol နဲ့ရောပြီး၊ 2% ကို သုံးရတယ်။ ဒိထက် ပြင်းရင် လောင်စေတတ်တယ်။ အရက်ပျံလိုဘဲ အနာထဲ မထည့်ရဘူး။ အနာဘေးက အရေပြားကိုသာ သန့်ပေးဘို့ သုံးရတယ်။ Tincture of Iodine (2-7% Sodium iodide or Potassium iodide) ခေါ်တာက (အိုင်အိုဒင်း) ကို Ethanol နဲ့ ရောထားတာ ဖြစ်တယ်။ Tincture of benzoin ဆိုတာက (အိုင်အိုဒင်း) မပါဘူး။ အနာသေးသေးတွေကို ထည့်တဲ့ဆေး။ နောက်ပြီး (တိပ်)၊ (ပလာစတာ) တွေ ပိုကပ်စေအောင်လည်း သုံးနိုင်တယ်။ Povidine ဟာ ရေနဲ့ စပ်ထားတဲ့ Iodine 10% ဖြစ်ပြီး ပိုကောင်းတယ်။ ပြည်တည်နာတခုကို ဘယ်လောက် သေးသေး (အိုင်အိုဒင်း) မရှိရင်၊ မခွဲပါနဲ့။ ဒီဆေးဗူးလေးကနေ မွေးကာစကလေးတွေ ချက်ကို ဆေးထည့်နိုင်လို့ ကလေးအသက်ပေါင်းများစွာကို ကယ်နိုင်တယ်။
တခြားအမျိုးအစာတွေပါ စုံအောင်ရေးပါရစေ။ Lugol's solution (Lugol's iodine) က Antiseptic and Disinfectant ပိုးသန့်ဆေးဖြစ်တယ်။ Iodine 5% နဲ့ Potassium iodide 10% ကို ရေ 85 % မှာ ဖျော်ထားပြီး၊ သောက်ရေ သန့်အောင် သုံးနိုင်တယ်။ (အိုင်အိုဒင်း) နည်းလို့ လည်ပင်းကြီး နေသူတွေကိုလည်း ပေးတယ်။ ပြင်သစ်ဆရာဝန်တဦး နာမည်ကို ဂုဏ်ပြုထားတာပါ။
Boric acid Antiseptic ပိုးသန့်ဆေးကို မွေးလမ်းကြောင်းမှာ Yeast ပိုးဝင်တာကို သန့်ပေးနိုင်တယ်။ Chlorhexidine 0.2-4.0% ဆေးမထိုးခင်၊ မခွဲစိတ်ခင် အရေပြားကို သန့်ပေး၊ ဆီးအိမ်သန့်ပေး၊ အနာကို ဆေးပေးရာတွေမှာ သုံးရတယ်။ Gentian violet (Methylrosanilinium chloride) ခရမ်းရောင်ဆေးကို ပါးစပ်နာ၊ မှက်ခရုနာ၊ မီးလောင်နာ၊ နို့နာ၊ အားကစားသမား ခြေထောက်၊ ပွေး၊ မှိုရောဂါတွေမှာ သုံးနိုင်တယ်။ Hydrogen peroxide 3-6% အနာသန့်ရှင်းဘို့၊ ပါးစပ်ဆေးဘို့၊ ဆီးအိမ်သန့်ပေးဘို့အတွက် သုံးရတယ်။ နားပြည်ယိုတာ၊ အနာတွေ ညစ်ပတ်ပေရေနေတာမှာ ဒီဆေး ထည့်ရင် အမြှုတ်ထပြီး သန့်ရှင်းလာမယ်။ Hydroxyquinoline sulphate အနာဆေးဘို့၊ ပါးစပ်ငုံဘို့၊ အရေပြား သန့်ဘို့ သုံးရတယ်။
Carbolic (ကာဘောလစ်) ဆပ်ပြာက အသင့်အတင့်သာပြင်းတဲ့ Disinfectant ဖြစ်တယ်။ Phenol (carbolic acid) ဟာ Germicidal ဖြစ်တယ်။ ကြမ်းပြင်၊ ဆေးခန်းသုံး ပစ္စည်းတွေသန့်ဘို့ သုံးတယ်။ (ဂျိုးဇက်-လစ်စတာ) ကနေ စသုံးခဲ့တဲ့ သမိုင်းဝင် ပိုးသန့်ဆေးပါ။ Phenolics ဆိုတာတွေက ပါးစပ်ဆေး-လက်ဆေးတဲ့ ဆေးရည်တွေထဲမှာ ထည့်သုံးတယ်။ Potassium permanganate (KMnO4) ကို ရေကူးကန် သန့်ပေးဘို့ သုံးတယ်။ ရေကူးကန်ထဲ မဆင်းခင် ခြေထောက် ကိုလည်း ဒါနဲ့ဆေးရတယ်။ ပါးစပ်ဆေးဘို့လဲ သွားဆေးခန်းတွေမှာ သုံးတယ်။ အမှိုက်ပုံတွေ သန့်အောင် သုံးနိုင်တယ်။ ဘာဆေးမှမရှိလဲ ဟင်းခပ်တဲ့ဆားကို ရေနဲ့ဖျော်ပြီး Sodium chloride ဆားရည်ကို ပါးစပ်ဆေးဘို့ သုံးနိုင်တယ်။
ဟင်းသီးဟင်းရွက်၊ အသီးတွေကို ဆားရည်ထဲမှာ ခဏစိမ်ထားရင် ပိုးသန့်စင်တယ်။ အစိမ်းတို့မြှုပ်စားနိုင်တယ်။ ချွတ်ဆေးလို့ခေါ်တဲ့ အဝတ်၊ ခြည်ခင်တွေကို အရောင်ချွတ်ပေးတဲ့ဆေးကို အရပ်ထဲက လူတွေပါ သိကြတယ်။ Bleaching powder ခေါ်တယ်။ Chlorinated Lime လို့လဲ ခေါ်တယ်။ သောက်ရေ သန့်အောင် ရေတွင်း၊ ရေကန်တွေထဲ ဒီဆေး ခပ်တယ်။ (ကလိုရင်း) နံ့လေးရနေတာဟာ ရေမွှေးထက် သာတယ်။ ပြည်သူ့ဆေးရုံခေတ်က ဆေးရုံတွေမှာ ဈေးချိုတာ ရှာသုံးကြရတယ်။ ဒီဆေးမှုံ့နဲ့ Boric acid ကို ရောပြီး Eusol (Calcium hypochlorite + 0.25% w/v of Chlorine + Boric acid) အနာတွေကို ဆေးထည့်ဘို့ သုံးရတယ်။ (ကွန်ပေါင်ဒါ) ကနေဖျော်ပြီး၊ စဉ့်အိုးထဲမှာ ထားရတယ်။ ကြာကြာ အထားမခံဘူး။ အသစ်ပြန်ဖျော်ရမယ်။ ကြမ်းပြင်လိုနေရာတွေကို သန့်စေချင်ရင် မျက်နှာပြင်ကို သန့်ပေးပြီးမှ Bleach နဲ့ ပိုးသန့်စေရတယ်။ တိရစ္ဆာန်တွေရဲ့ ဆီးအပါအဝင် အညစ်အကြေးတွေကို အရင်ဖယ်ပြီးမှ Bleach နဲ့ ဆေးပါ။
အိမ်မှာ TB, Hepatitis B, Hepatitis C လူနာရှိရင် Chlorine Bleach 5.25% Sodium hypochlorite ကို ရေ ၁ဝ ဆ၊ ဆေး ၁ ဆ ရောတာကို ဆောင်ထားရတယ်။ သွေး၊ အန်ဖတ်၊ ကိုယ်ကထွက်တဲ့ အရည်မှန်သမျှကို သန့်ရှင်းရေးလုပ်ဘို့ သုံးနိုင်တယ်။ ရောပြီးသားကို အကြာကြီး ထားလို့မရဘူး။ ချက်ချင်း ထိရောက်တာ များပေမဲ့ မိနစ် ၂ဝ အထိ ဆိုမှ စိတ်ချရတယ်။ Fungus မှို၊ တော်တော့ ဆေးမတိုးတဲ့ Staphylococcus, Enterococcus ပိုးတွေအတွက်ပါ သုံးနိုင်တယ်။ Spores ဖြစ်နေရင်တော့မရဘူး။ TB ပိုးကိုသေစေဘို့ ၅ ဆ ၁ ဆ ဒါမှမဟုတ် ၂ ဆခွဲ ၁ ဆ ရောရတယ်။
ကိုယ်တွင်းကိုယ်ပ ပိုးကင်းစင်ကြပါစေ။
Dr. တင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ