Stomatitis လျှာနာ ပါးစပ်နာအမျိုးမျိုး

၁။ မင်္ဂလာပါရှင့်ဆရာ သမီးအသက်က ၃၀ ပါ အိမ်ထောင်ရှိပါတယ်ရှင့် သားလေးတစ်ယောက်(တယောက်)မွေးထားပါတယ် သမီး လျှာမှာ အဖုပေါက်ပီး(ပြီး) အဲနေရာက မာမာလေးဖြစ်နေပီး(ပြီး)တော့ တော်တ်ောနာလာပါတယ် ၂ ရက်လောက်ရှိပါပီ(ပြီ)ရှင့် စမ်းကြည့်လိုက်ရင် မာမာလုံးလုံးလေးနဲ့နာနေတာပါ ကင်ဆာဖြစ်မှာ ကြောက်လို့ပါဆရာ ဆေးခန်းတော့မပြရသေးပါဘူးရှင့် ဆရာအားတဲ့အချိန်လေး ဖြေပေးစေလိုပါတယ်ရှင့်
၂။ ကျား အသက် ၃၄ပါဆရာ လျာတွေနာတာ ၂နှစ်ဝန်းကျင်ရှိပါပြီဆရာ သက်သာလိုက်ပြန်ဖြစ်လိုက်နဲ့ လည်ပင်းမှာတစ်နေသလိုခံစား၊ ဂုတ်ဆက်တွေမှာလည်းကိုက်ခဲတယ်၊ ရင်ခေါင်းလဲတင်းပြီး တခါတခါမှာနာပါတယ်၊ အတွင်းနှုတ်ခမ်း၊လျာတွေမှာလဲအနာဖြစ်တက်ပါတယ်ဆရာ ကင်ဆာဖြစ်မှာကြောက်လို့ပါဆရာ
ဖြစ်တတ်တဲ့လို့ ရေးရတယ်။
ပါးစပ်နာနဲ့ လျှာကွဲတာတွဲရေးပါရစေ။ Fissured or cracked tongue လျှာကွဲတာကို Geographic tongue ပထဝီ-မြေပုံနဲ့ တူတယ်လို့ နှိုင်းကြတယ်။ လျှာကွဲတာမွေးရာပါ ဖြစ်တတ်တယ်။ ငယ်ကတည်းကနေ စတယ်။ ကြီးလာလေ သိသာလေ။ Down syndrome ဆိုတဲ့ မွေးရာပါ ဦးနှောက် အားနည်းရောဂါရှိသူ ၁ဝ ယောက်မှာ ၈ ယောက်က ဒီလို လာဖြစ်တယ်။ မသေချာရင် အပူအစပ်စားတာ၊ ဆေးလိပ်၊ အရက်စတာတွေကိုလွှဲချရတယ်။ ပါးစပ်အနံ့ပျယ်ဆေး အပြင်းသုံးတာ၊ သွားတိုက်ဆေးအပြင်းသုံးတာ၊ ဗီတာမင်ဘီကို စုပ်မယူနိုင်တာ၊ အူမကြီးမကောင်းတာတွေကိုလဲ ထည့်စဉ်းစားရတယ်။
စိတ်ဖိအားများနေချိန်တွေမှာ အိပ်နေရင်း လျှာကိုက်မိတတ်တယ်။ စားတဲ့ အစာနဲ့ မတည့်တာ၊ အစာအိမ်-အက်စစ်ဓါတ်က အထက်တက်လာတာ၊ တချို့မှာ ဆီးချိုနဲ့ တွဲနေတတ်တယ်။ မှိုရောဂါကြောင့်လဲ ဖြစ်တတ်တယ်။ သွေးအားနည်းရောဂါ၊ ဗီတာမင်နဲ့ ဓါတ်ဆားနည်းတာတွေပါတယ်။ ဘာ့ကြောင့်ဆိုတာ သိဘို့ခက်တယ်။ ဘာ့ကြောင့်ဖြစ်ဖြစ် ကင်ဆာမဟုတ်ပါ။ နောက်ဆက်တွဲ အခက်အခဲတွေ ဝင်လာနိုင်တယ်။ အစားအစာတွေ ညပ်နေတတ်တယ်။
Cold sores အအေးနာခေါ် မြန်မာပြည်မှာ အပူကန်တာဆိုတာ ရေယုံဗိုင်းရပ်စ် အမျိုးအစာ (၁) ကနေဖြစ်တယ်။ ပါးစပ် အစွန်မှာဖြစ်တယ်။ ကူးစက်နိုင်တယ်။ အဖြစ်များတယ်။ ပျောက်လွယ်ပါတယ်။ အဲလို အလိုလိုပျောက်တာဆိုရင် အရပ်ဆေးနည်းတွေ တယောက်တမျိုးလာပေးတတ်ကြတယ်။
Aphthous ulcer (Canker sore) အနာဘေးနှုတ်ခမ်းနီရဲပြီး အတော်နာတယ်။ ပိုးကြောင့်ဖြစ်တာမဟုတ်ပါ။ နှုတ်ခမ်းနေရာမှာ အရည်အောင်းနေတဲ့အနာမျိုးကိုသာခေါ်ရတယ်။ အနာပုံစံက တခါတွေ့ဘူး၊ မှတ်ထားဘူးရင် မလွဲနိုင်ဘူး။ ခပ်ဝိုင်းဝိုင်းနေမယ်။ တလက္မရဲ့ ၁၀ ပုံ ၁ ပုံကနေ ၅ ပုံလောက်အထိ ကြီးတယ်။ အလည်ပိုင်းက ခပ်ဝါဖြူဖြူနဲ့ ခွက်နေပြီး၊ ဘေးနှုတ်ခမ်းက နီရဲနေမယ်။ ဖြစ်ရင် အတော်နာတယ်။ ပူစပ်နေမယ်။ ရေသောက်တာတောင်မှ မခံချင်ဘူး။ ထမင်းစားရင် သိပ်ဒုက္ခရောက်တယ်။
ထုံဆေးလိမ်းဆေးကို သုတ်လိမ်းလိုက်ရင် ခဏလောက်မနာတော့ဘဲ ထမင်းစားနိုင်လိမ့်မယ်။ ထုံဆေးပျယ်ရင် ပြန်နာမယ်။ Lidocaine, Xylocaine, Xylocaine Viscous (Lidocaine viscous) ဆေးနာမည်တွေအမျိုးမျိုးရှိတယ်။ အပျော့အပြင်းမတူဘူး။ မပျောက်နိုင်သူတွေကို Corticosteroids ပါတဲ့လိမ်းဆေး ပေးနိုင်တယ်။ ဆေးနာမည်တွေ အမျိုးမျိုးရှိတယ်။ အပျော့အပြင်းမတူဘူး။ Paracetamol တို့ Ibuprofen တို့လို အနာသက်သာဆေး အစာနဲ့ တနေ့ ၂-၃-၄ ကြိမ်သောက်နိုင်တယ်။ ခရမ်းရောင်ဆေးလိမ်းရင် ပိုးဝင်တာ ကာကွယ်နိုင်တယ်။ အခု မသုံးခိုင်းတော့ဘူး။ ရေများများသောက်ပါ။ ဆားရည်နဲ့ တနေ့ ၂ ကြိမ်၊ ပါးစပ်ဆေးပါ။ ဗီတာမင် ဘီအုပ်စုနဲ့ ဗီတာမင်စီ ၅၀၀ အား သောက်ပါ။
White tongue လျှာမှာဖြူနေပြီး ထူနေတာကို Coated tongue လည်းခေါ်တယ်။ အဲတာတွေက ဗက်တီးရီးယားပိုးတွေနဲ့ ဖန်းဂတ်စ်ခေါ် မှိုပိုတွေစုဝေးနေတာဖြစ်တယ်။ ဆဲလ်အသေတွေနဲ့ရောနေတယ်။ ရောဂါကြီးတခုခုကြောင့်ဖြစ်တာ မဟုတ်ပါ။ လျှာကို သွားတိုက်တံနဲ့ အသာအယာတိုက်ပေးတာနဲ့ပျောက်မယ်။ တော်တော်နဲ့မပျောက်ရင်တော့ ဆေးလိုမယ်။
Leukoplakia လို့ခေါ်တာက ကြာနေတယ်။ မနာဘူး။ သွားတိုက်တံနဲ့ ရှင်းလို့မရဘူး။ ဆဲလ်တွေသာမက လျှာကနေ Keratin ပါထုတ်ပေးလို့ဖြစ်တာ။ ဆေးလိပ်နဲ့ အရက်သောက်သူတွေမှာ အဖြစ်များတယ်။ လူကြီးတွေမှာဖြစ်ရင် ကင်ဆာ ပြောင်းမှာကို သတိထားနေရမယ်။
Oral lichen planus ဆိုတာက ခံတွင်း လျှာအပါအဝင်မှာဖြစ်တယ်။ ခုခံအားမကောင်းလို့ဖြစ်တယ်။ သာမန်ဆိုမနာပါ။ ဆိုရင်နာမယ်။ အနေရခက်မယ်။ ပူလောင်မယ်။ သွားဖုံးအနာဖြစ်မယ်။ ဘာလို့ဖြစ်လည်း တိတိကျကျမပြောနိုင်ပါ။ မိသားစုလိုက်တာလည်းတွေ့ရတယ်။ Antiseptic mouthwash ပိုးသေဆေးပါ ပါးစပ်ဆေးရည်သုံးရမယ်။ Steroid sprays or steroid tablets ဆေးပြားကိုရေစိမ်ပြီး ခံတွင်းသန့်ရှင်းပေးရမယ်။
ခံတွင်းဖန်းဂတ်စ်ခေါ် မှိုပိုးက အလိုလိုမပျောက်ရင် မှိုဆေးလိုမယ်။ ပဌမတန်းစားဆေးတွေကတော့ Clotrimazole troches 10 mg တနေ့ ၅ ကြိမ်။ (သို့) Nystatin suspension တနေ့ ၄ ကြိမ်။ (သို့) Fluconazole 100 to 200 mg တနေ့ ၁ ကြိမ်။ ဒုတိယတန်းစားဆေးတွေကတော့ itraconazole solution 200 mg တနေ့ ၁ ကြိမ်။ (သို့) posaconazole 400 mg တနေ့ ၄ ကြိမ်။ (သို့) Voriconazole 200 mg တနေ့ ၂ ကြိမ်။ (သို့) Amphotericin B (AmB) suspension 100 mg တနေ့ ၄ ကြိမ်။ Clotrimazole or nystatin လိမ်းဆေးတခုခုကို သာမန်ဖြစ်တာအတွက်လိမ်းနိုင်တယ်။ (အက်ဖ်သပ်စ် အာလ်ဆာ)၊ Herpatic Stomatitis လျှာနာခြင်း၊ Fluocinonide ointment 0.05% (သို့) Triamcinolone acetate 0.1% ointment (သို့) Diclofenic 3% လိမ်းပါ၊ Acyclovir 200-800 mg တနေ့ ၅ ကြိမ်၊ ၇-၁၄ ရက်သောက်ပါ။ Ulcerative Gingivitis သွားဖုံးရောင်ခြင်းအတွက် Penicillin 250 mg တနေ့ ၃-၄ ကြိမ်၊ ၁၀ ရက်သောက်ပါ။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ