Stroke ဦးနှောက်သွေးကြော မတော်တဆဖြစ်ခြင်း

Stroke ဦးနှောက်သွေးကြောရောဂါ 
ချစ်ခင်ရပါသောဆရာရှင့် ပထမဦးဆုံး ဆရာကျန်းမာပြီး သက်တော်ရာကျော်ရှည်ပါစေလို့ ဆုတောင်းပေးပါတယ်နော်။ ဆရာကို တခုလောက်မေးချင်လို့ပါရှင့်။ လေဖြန်းတဲ့ဝေဒနာသည်တွေက ကြက်ဥမစားရပါဘူးလို့ ပြောနေကြတယ် အဲဒါ ဟုတ်မဟုတ် သိချင်ပါတယ်ရှင့်။ နောက်တခုက လေဖြန်းတဲ့လူတယောက်က ဘာအစားအစာတွေ ရှောင်ရမလဲ ဆိုတာကိုလည်း သိချင်ပါတယ်ရှင်။ ကျမအဖေက ၅၅ နှစ်ပါ။ နေတာက ရှမ်းပြည်မြောက်ပိုင်းမှာပါရှင့်။ ဘယ်ဘက်ခြမ်း လေဖြန်းနေတာ ၄ လလောက်ရှိတော့မယ်။ အခု ထိုင်းနိုင်ငံမှာဆေးကုနေတယ်။ ဗမာပြည်မှာနေတုန်းက ကြက်ဥ မစားရဘူးလို့ ပြောနေလို့ပါ။ ဆရာ့ကိုကျေးဇူးတင်ရှိပါတယ်ရှင့်။
လေဖြန်းတာ မဟုတ်ပါ။ ဖြန်းတယ်ဆိုတာ ဖောရောင်တာ။
လေဖြတ်တာလို့ခေါ်တဲ့ Stroke (စထုပ်ခ်) ကို ဦးနှောက်သွေးကြောရောဂါ Cerebrovascular accident (CVA) လို့ ခေါ်တယ်။ ရောဂါအမျိုးအစားအရ Cerebral infarction သွေးကြောပိတ်ခြင်း၊ Cerebral hemorrhage သွေးယိုခြင်းနဲ့ Ischemic stroke သွေးမဝလို့လေဖြတ်ခြင်းစသဖြင့် ခေါ်တယ်။ Brain attack လို့လဲခေါ်တယ်။ 
လွန်ခဲ့တဲ့ အနှစ် ၃၀ အတွင်း ပိုအဖြစ်များလာတယ်။ ၉၅% ဟာ အသက် ၄၅ နှစ်ကျော်သူတွေ ဖြစ်တယ်။ ၃ ပုံ ၂ ပုံက ၆၅ နှစ်ကျော်သူတွေ ဖြစ်တယ်။ မိသားစုထဲမှာ တယောက်မကဖြစ်တာ တွေ့ရတယ်။ ယောက်ျားတွေက မိန်းမတွေထက် ဖြစ်နှုန်းမှာ ၂၅% ပိုပါတယ်။ အမျိုးသမီးတွေက သေဆုံးတာမှာ ၆ဝ% ရှိတယ်။ ဒါဟာ အမျိုးသမီးတွေက သက်တမ်း ပိုရှည်ကြတာနဲ့ သွေးဆုံးတောတွေနဲ့ ဆက်စပ်နိုင်တယ်။ ကင်ဆာ၊ နာတာရှည် ကျောက်ကပ်ရောဂါ-အဆစ်နာရောဂါ ရှိနေသူတွေ၊ ကိုယ်ဝန်ဆောင်နဲ့ ကလေးဖွါးပြီးသူတွေမှာ ပိုဖြစ်တယ်။
ရောဂါလက္ခဏာတွေ မပေါ်ပေမဲ့ ဦးနှောက်ကိုတော့ ထိခိုက် ပျက်စီးနေတာကိုခေါ်တယ်။ ၁၉၉၈ လေ့လာမှုတခုအရ အမေရိကားမှာ လူပေါင်း ၁၁ သန်း Stroke ဖြစ်တယ်။ ၇၇၀၀၀၀ ယောက်ဟာ Silent strokes ဖြစ်ကြတယ်။ MRI လုပ်မှ အထဲမှာ Infarcts သွေးခဲ ဒါမှမဟုတ် Hemorrhages သွေးယိုနေတာကိ ုသိရတယ်။ ခံစားပြီးဖြစ်တာထက် ၅ ဆပိုတယ်။ အသက်ကြီးရင် ပိုဖြစ်တယ်။ Cryptogenic ဆိုတာ ဘာလို့လဲ မသိဘဲ ဖြစ်တာကို ခေါ်တယ်။ ၃ဝ-၄ဝ% ရှိတယ်။
ဘာလို့ဖြစ်ကြသလဲ
• စိတ်ဖိအားများခြင်းနဲ့ အရက်သောက်ခြင်းတွေဟာ ယောက်ျားတွေအတွက် (စထုပ်) ခေါ်တဲ့ ဦးနှောက်သွေးကြော ရုတ်တရက် မတော်တဆရောဂါကို ဖြစ်စေတဲ့အဓိကအကြောင်းရင်းတွေ ဖြစ်ကြတယ်။ 
• အိန္ဒိယနိုင်ငံမှာ (စထုပ်) ရတဲ့လူနာပေါင်း ၂၉၀ (ယောက်ျား ၂၁၀ + မိန်းမ ၈၀) ကို လေ့လာခဲ့ရာကနေ တွေ့ရှိရတာ ဖြစ်တယ်။ 
• ယောက်ျားတွေမှာ စိတ်ဖိအားများခြင်း (၁၈့၆%)၊ အရက်သောက်ခြင်း (၁၄့၈%)၊ ရောဂါပိုးဝင်ခြင်း (၉%)၊ ဒေါစိတ်ဖြစ်ခြင်း (၃၃%)၊ ကေဖင်းသောက်များခြင်း (၈့၆%)၊ လိင်နဲ့ပါသက်ခြင်း (၂့၄%) ကြောင့်ဖြစ်ကြတယ်။ 
• မိန်းမတွေမှာ စိတ်ဖိအားများခြင်း (၁၅%)၊ ဒေါစိတ်ဖြစ်ခြင်း (၆့၃%)၊ ရောဂါပိုးဝင်ခြင်း (၆့၃%)၊ ကေဖင်း သောက်များခြင်း (၅%) နဲ့ ခွဲစိတ်ကုသရခြင်း (၃့၈%) ဖြစ်ကြတယ်။
• ကေဖင်းဆိုတာ ကော်ဖီ၊ လက်ဖက်ရည်၊ ကိုလာစတဲ့အရည်တွေဖြစ်တယ်။
• အရင်က အသက်ကြီးမှဖြစ်တာများပေမဲ့ အခု အသက်ငယ်သူတွေမှာလဲ ဖြစ်လာနေတယ်။ 
• စိုးရိမ်စိတ်များတာ၊ စိတ်ဖိအားများတာနဲ့ ကြောက်စိတ်တွေဖြစ်လာပြီးနောက် ဒီရောဂါဖြစ်လာကြတတ်တယ်။
ဦးနှောက်ကို ပေးပို့နေတဲ့ သွေးကြောလမ်းကြောင်းမှာ တခုခုမှားသွားရင် ဖြစ်လာစေတယ်။ ဦးနှောက်က သွေးမရတာကို စက္ကန့်ပိုင်းထက်ပိုပြီး မခံနိုင်ဘူး။ ဦးနှောက် (ဆဲလ်) တွေ သေကုန်တယ်။ ထိခိုက်မှုဟာ ရာသက်ပန် ဖြစ်တယ်။ အဓိက ၂ မျိုးရှိတယ်။
(၁) သွေးခဲလေးကနေ ကျဉ်းနေတဲ့တဲ့ သွေးလွှတ်ကြောထဲမှာ ပိတ်နေတာကြောင့် ဖြစ်တာကို Thrombotic stroke ခေါ်တယ်။
(၂) ကိုယ်ခန္ဓာရဲ့တခြားနေရာတွေမှာရှိနေတဲ့ သွေးခဲက ကွဲထွက်ပြီး ဦးနှောက်ဆီကို ရောက်လာတာကြောင့် ဖြစ်တာကို Embolic stroke လို့ခေါ်တယ်။
ရောဂါဖြစ်နိုင်ခြေရှိသူတွေကတော့ -
• သွေးတိုးရောဂါ၊
• နှလုံးခုန်မမှန်တာ၊
• ဆီးချို၊
• မိသားစုထဲမှာ အဲလိုဖြစ်သူရှိတာ၊
• (ကိုလက်စထော) များနေတာ၊
• အသက်ကြီးလာတာ၊ ၅၅ နှစ်ကျော်တာ၊
• အသားမဲဖြစ်တာ၊
• နှလုံးရောဂါလဲရှိနေမယ်၊ ခြေထောက်ပိုင်းကို သွေးကြောတွေက ကျဉ်းလို့ သွေးလျှောက်တာလဲ နှေးမယ်ဆိုရင်၊
• လူအဝလွန်သူတွေ၊
• အရက်သေစာ အသောက်များသူတွေ၊
• အငန် နဲ့ အဆီစား များသူတွေ၊
• ဆေးလိပ် သောက်သူတွေ၊
• (ကိုကိန်း) နဲ့ တားမြစ်တားတဲ့ဆေးတွေကို သုံးသူတွေ၊
• အသက် ၃၅ နှစ်ကျော်ပြီး ကိုယ်ဝန်တားဆေး သုံးသူအမျိုးသမီးတွေလဲ ဖြစ်နိုင်တယ်။
သွေးခဲကြောင့်ဖြစ်တာမှာ ၂ မျိုးရှိတယ်။ သွေးလွှတ်ကြောကြီးရောဂါနဲ့ Sickle cell anemia သွေးအားနည်းရောဂါကနေ ဖြစ်စေတယ်။ သွေးလွှတ်ကြောတွေကို လာပိတ်စေနိုင်တာက အဆီခဲ၊ (ကိုလက်စထော) နဲ့ ကင်ဆာ (ဆဲလ်) တွေ ဖြစ်နိုင်တယ်။ Infectious endocarditis နှလုံးရောဂါကနေ လာတာမျိုးကနေလဲ ဖြစ်တယ်။ Atrial fibrillation နှလုံးရောဂါကနေ ဖြစ်တာများတယ်။ Atrial or ventricular septal defect နှလုံးရောဂါတွေကနေလဲ လာမယ်။ Deep vein thrombosis အတွင်းထဲမှာရှိတဲ့ သွေးပြန်ကြောထဲကနေလဲ လာနိုင်တယ်။ အဆို့ရှင် အတုတပ်ထားတဲ့ နှလုံးကသွေးခဲဟာ ဦးနှောက်ကို လာပိတ်တာလဲ ဖြစ်နိုင်တယ်။ အဲလို တခြားနေရာက လာတာမျိုး အတွက် လာရင်းရောဂါကိုပါ ကုသရမယ်။
သွေးကြောကျဉ်းရာကနေဖြစ်ရင် Atherosclerotic plaque (ပလိပ်) ခေါ်တဲ့ Sticky substance ခပ်စေးစေးအရာ ဖြစ်လာတယ်။ ဦးနှောက်ထဲက သွေးလွှတ်ကြောလေးတွေ အားနည်းလာရင် ပေါက်ထွက်နိုင်တယ်။ သွေးယိုထွက်ပြီး Hemorrhagic stroke ဖြစ်မယ်။
ဘယ်လိုခံစားရမလဲ
ဦးနှောက်ရဲ့ ဘယ်နေရာမှာ ဖြစ်သလဲအပေါ် မူတည်တယ်။ တချို့မှာ ဖြစ်တာမသိဘဲ နေတတ်တယ်။ ဖြစ်တာက ရုတ်တရက်ဘဲ။ ဖြစ်စ ၁ ရက် ၂ ရက်မှာ ဖြစ်လိုက် ပေါ်လိုက်လဲ ဖြစ်နိုင်တယ်။ ပဌမဆုံး အကြိမ်က ခံစားရတာ အပြင်းထံဆုံးဘဲ။ ဒါပေမဲ့နောက်ဖြစ်ရင် ဆိုးဆိုးလာတော့မယ်။
• ခေါင်းကိုက်မယ်။ ရုတ်တရက်ဖြစ်မယ်။ ပက်လက်လှဲချိန် ဖြစ်တယ်။ အိပ်ရာကနေ နိုးလာမယ်။ အနေအထား ပြောင်းတာနဲ့ ပိုဆိုးမယ်။
• ခေါင်းမူးနေမယ်၊ အိပ်ချင်နေမယ်၊ သတိမကောင်းဖြစ်မယ်၊ သတိလစ်မယ်၊ နားကောင်းကောင်း မကြားဖြစ်မယ်၊ အရသာ မကောင်း ဖြစ်မယ်၊ စိတ်ရှုတ်ထွေးနေမယ်၊
• နာတာ-ထိတာ-ဖိတာကို ခံစားမှု၊ အပူ-အအေးသိတာ အရင်လိုမဟုတ်ဖြစ်မယ်၊
• အမျိုရခက်မယ်၊ စာအရေးရ အဖတ်ရခက်မယ်၊ ဆီး-ဝမ်းအသွားရ အထိန်းရခက်မယ်၊ ကိုယ်ကို ထိန်းမတ်လို့ မရဖြစ်မယ်၊ အပြန်အလှန်ထိန်းညှိ မကောင်းဖြစ်မယ်၊
• မျက်နှာ-ခြေ-လက် ကြွက်သားတွေ အားနည်းမယ် (တဘက်ထဲဖြစ်တာ များတယ်)၊ ထုံ-ကျင်နေမယ် (တဘက်ထဲဖြစ်တာ များတယ်)၊ ကိုယ်ကို မထိန်းနိုင်တာ၊ လမ်းမလျှောက်နိုင်ဖြစ်မယ်။ ကိုယ်တခြမ်း လေဖြတ်တယ်လို့ ခေါ်တယ်။
• စိတ်လှုတ်ရှားမှု-စိတ်ပုံစံ ပြောင်းမယ်၊ စကားပြောရခက်မယ်၊ သူများပြောတာကို နားမလည်ဖြစ်မယ်၊
• မျက်ခွံအောက်ကျနေမယ်၊ မျက်စိကို လှုတ်မရဘူး၊ သူငယ်အိမ်ဟာ အလင်းရောင်ကို တုန့်ပြန်တာ နှေးမယ်၊ မျက်စိ အကြည့်ရခက်မယ်၊
• နှလုံးခုန်-အသက်ရှူ မမှန်တာ၊
• ခေါင်းကို တဖက်ဖက်ကို ကောင်းကောင်းလှည့်မရတာ၊
• လျှာကိုကောင်းကောင်း အသုံးမချနိုင်ဘူး၊
• မှတ်ဉာဏ်လျှော့မယ်။
စစ်ဆေးမှုတွေ
1. Angiogram လုပ်ရင် ဦးနှောက်ထဲမှာ သွေးကြောပိတ်နေတာ၊ သွေးယိုနေတာ မြင်ရမယ်။
2. Carotid duplex (Ultrasound) ရိုက်ရင် လည်ပင်းက Carotid arteries သွေးလွှတ်ကြော ကျဉ်းနေတာ မြင်ရမယ်။
3. CT Scan of the brain နဲ့ MRI Scan of the brain တွေလုပ်နိုင်တယ်။
4. MRA နဲ့ CT angiography လုပ်ရင် ဦးနှောက်ထဲက သွေလွှတ်ကြောတွေ ပုံမှန်မဟုတ်တာ မြင်ရမယ်။
5. Bleeding time, Blood cholesterol and sugar, Blood clotting tests, CBC နဲ့ ECG တွေလဲ လုပ်နိုင်တယ်။
ဘယ်လိုကုသမလဲ
တကယ့်အရေးပေါ်ဖြစ်တယ်။ ဆေးရုံတက် ကုသရမယ်။ အများဆုံး လူနာတွေဟာ ၃ နာရီအတွင်း ရောက်ကြတယ်။ သွေးခဲကြောင့် ဖြစ်တာဆိုရင် Thrombolytic therapy သွေးခဲကျေဆေး ချက်ချင်း ပေးရတယ်။ လူတိုင်းကိုတော့ မပေးရပါ။ ရောဂါလက္ခဏာစပြီး ၃ နာရီအတွင်းဆို ပေးနိုင်တယ်။ သွေးခဲလို့ မဟုတ်ဘဲ သွေးယိုလို့ ဖြစ်နေချိန်ဆိုရင် ဒီဆေးကြောင့် ပိုဆိုးစေမယ်။
သွေးခဲကြောင့် ဖြစ်တာအတွက် Blood thinners သွေးကျဲဆေးဖြစ်တဲ့ Heparin or Warfarin (Coumadin) ဆေးကိုလဲ သုံးတယ်။ Aspirin နဲ့ Clopidogrel (Plavix) တွေကိုလဲ ပေးနိုင်တယ်။ သွေးခဲပိတ်လို့ဖြစ်ရင် အချိန်လဲ မီမယ်ဆိုရင် Thrombolysis သွေးခဲကို ချေဖျက်နည်းနဲ့ Thrombectomy ခွဲစိတ်နည်းတွေလုပ်နိုင်တယ်။ ဆေးပေးနည်းမှာ Aspirin, Clopidogrel, Dipyridamole ဆေးတွေကို သွေးမှုံတွေစုပြီး သွေးမခဲအောင် လုပ်ပေးနိုင်တယ်။ Thrombolysis ဆေးနဲ့ သွေးခဲကိုချေဖျက်နည်းလုပ်တယ်။ (tPA) ဆေးမျိုးသုံးတယ်။ ချက်ချင်းဖြစ်တာအတွက် သုံးသင့်-မသင့် အယူအဆ မတူကြဘူး။
သွေးယိုတာအတွက် ခွဲစိတ်နည်း သုံးလို့ရတာလဲရှိတယ်။ လည်ပင်း-သွေးလွှတ်ကြောကို ခွဲစိတ်ရတာလဲ ရှိတယ်။ Mechanical thrombectomy စက်သုံးနည်းကို ချက်ချင်းဖြစ်တာအတွက်သုံးတယ်။ ပေါင်ခြံကသွေးလွှတ်ကြောထဲကို Catheter ပိုက်ငယ်လေးတခု ဦးနှောက် သွေးပေးစနစ်ထဲအထိ ထိုးသွင်းရတယ်။ Corkscrew-like device ကရိယာလေးကနေ သွေးခဲကို ဆုပ်ယူစေမယ်။ Angioplasty and stenting နည်းဆိုတာကလဲ ချက်ချင်း ဖြစ်တာကို သုံးတယ်။
ခေါင်းထဲမှာ သွေးယိုတာဖြစ်ရင် Neurosurgical evaluation လေ့လာမှုတွေ လုပ်ရမယ်။ သွေးယိုတဲ့ အကြောင်းကို ရှာပြီး ကုသရမယ်။ ခွဲစိတ်တာ သိပ်မလိုတတ်ဘူး။ သွေးတိုး ရှိနေချိန်မှာ သွေးကျဆေး ပေးရတယ်။ တချို့က အစာအာဟာရနဲ့ အရည်ဖြည့်ပေးဘို့ လိုမယ်။
ဆေးကုတာအပြင် (ဖီဇီကယ်သာရာပီ)၊ စကားပြောနည်း၊ လုပ်ငန်းဆိုင်ရာ ကုသနည်း၊ အစာမျိုနည်းတွေလဲ လိုနိုင်တယ်။ ရေရှည်အတွက် ဆက်လုပ်ပေးရတယ်။ ပြန်ပြီး နလံထရေးနဲ့ နောင်မဖြစ်အောင်အတွက် လုပ်ရတယ်။
နောက်ဆက်တွဲ ဖြစ်နိုင်တာတွေကတော့ အစားအသောက်တွေ အသက်ရှူလမ်းထဲရောက်တာ၊ ဉာဏ်သုံးရတဲ့အလုပ် ချို့ယွင်းတာ၊ လိမ့်ကျတာ၊ မလှုတ်ရှားနိုင်တာ၊ ကိုယ်တခြမ်း၊ တချို့နေရာတွေ လေဖြတ်တာ၊ ကြွက်သားတွေ တောင့်တင်းနေတာ၊ အစာအာဟာရ မပြည့်ဝတာ၊ ဖိအားဒဏ်ကြောင့် အနာဖြစ်တာ၊ စကား ကောင်းကောင်းမပြောနိုင်တာ၊ နားမလည်တာ၊ တွေးတောတာ၊ အာရုံစိုက်တာ အားနည်းတာ။
ရောဂါလက္ခဏာတွေ ဆင်တူတိုင်းတော့ Stroke မဟုတ်ပါ။ Brain tumor ဦးနှောက်ကင်ဆာ၊ Subdural hematoma ဦးနှောက်အဖုံးလွှာအောက်မှာရှိတဲ့သွေးခဲ၊ ဗက်တီးရီးယား၊ မှိုကနေဖြစ်စေတဲ့ ဦးနှောက်ထဲမှာ ပြည်တည်နာ၊ ဗိုင်းရပ်စ် ဦးနှောက်ရောင်ရောဂါ၊ တချို့ဆေးတွေ များသုံး-ပေးတာ၊ Sodium, Calcium, Glucose ဓါတ်ဆားတွေ နည်းသွားတာတွေကနေ ခပ်ဆင်ဆင် ဖြစ်တတ်တယ်။
ဒုတိယအကြိမ် ထပ်မဖြစ်အောင် -
1. Anticoagulation သွေးမခဲဆေးနည်း သုံးတယ်။ Non-valvular atrial fibrillation ဖြစ်နေသူတွေဆိုရင် ဒီနည်းကြောင့် ၆ဝ% သက်သာစေနိုင်တယ်။ Antiplatelet agents ကနေ ၂ဝ% လျှော့နည်းစေမယ်။ Embolic stroke ဖြစ်တာကို Anti-coagulation စောစောပေးလို့ ဘေးဖြစ်စေနိုင်တာကိုလဲ ထောက်ပြထားတယ်။
2. Carotid stenosis ဖြစ်နေရင် Carotid endarterectomy ခွဲစိတ်ပေးတာကလဲ အကျိုးများစေမယ်။
3. ဆေးလိပ်မသောက်ပါနဲ့၊ (ကိုလက်စထော) ထိန်းပါ၊ သွေးတိုးထိန်းပါ၊ ဆီးချိုထိန်းပါ၊ ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန် တနေ့ နာရီဝက်လုပ်ပါ၊ ကိုယ်အလေးချိန် ထိန်းပါ၊ အရက်ဖြတ်ပါ-လျှော့ပါ၊ မူးယစ်ဆေးဝါး ဖြတ်ပါ၊
4. အစာအဟာရ မျှတပြည့်စုံပါစေ။ အသီး-အရွက်၊ အသီးအနှံစားပါ၊ အဆီး-အချို-အငန် လျှော့စားပါ၊ အဆီလွတ်အသား စားပါ၊ နို့ထွက်အစာတွေ လျှော့ပါ၊ ဆိုင်ဝယ်စား အစာတွေ သတိထားပါ၊ Saturated fat, Partially-hydrogenated နဲ့ Hydrogenated fats တွေ သတိထားပါ။
5. ကိုယ်ဝန်တားဆေးသုံးရင် ဆရာဝန်ကို တိုင်ပင်ပါ၊
အလားအလာ
အမျိုးအစား၊ ဘယ်လောက်ပျက်စီးသွားခဲ့သလဲ၊ ဘယ်နေရာတွေကို ထိခိုက်သွားသလဲ၊ ဆေးကုသမှုကို ဘယ်လောက်မြန်မြန် ရခဲ့သလဲ ဆိုတာတွေအပေါ် မူတည်ပြီး -
• လုံးဝကောင်းတာနဲ့ တချို့အလုပ်တွေ ပြန်မကောင်းနိုင်တော့တာ ဖြစ်တယ်။ တဝက်မက လူနာတွေဟာ အိမ်မှာတင်နေနိုင်ပြီး အတော်ပြန်လုပ်နိုင်ကြတယ်။
• Ischemic stroke ဖြစ်သူတွေက Hemorrhagic stroke ဖြစ်သူတွေထက် ကံကောင်းကြတယ်။
• ဒုတိယအကြိမ်ထပ်ဖြစ်တာဟာ ပဌမအကြိမ်နောက် လနဲနဲအကြာမှာ ဖြစ်တတ်တယ်။
• Disability မသန်မစွမ်းဖြစ်တာ ၇၅% ရှိတယ်။ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ ထိခိုက်စေမယ်။
• Post stroke depression စိတ်ဓါတ်ကျတာ ၃၀-၅၀% မှာ ခံစားရမယ်။
• Emotional lability ခံစားမှုအားနည်းသွားတာ ၂၀% မှာ ဖြစ်စေတယ်။
• Seizures တက်တတ်တာကို ၁၀% မှာ ဖြစ်နိုင်တယ်။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ

Insomnia အိပ်မရခြင်း