အလုပ်သ္မား
အရင်က ဖြတ်လမ်းရေးနည်းတွေ လုပ်ခဲ့ကြတယ်။ အဆင့်တွေပါလေ့ရှိတဲ့ ပါဠိစာနဲ့ မြန်မာစာ ရောနေတာများခဲ့တယ်။ သ္ခင်၊ ယ္ခင်၊ ယ္ခု၊ ကျမ္မာ၊ မင်းသ္မီး၊ မြမ္မာ၊ မိမ္မ၊ ဆုမ္မ၊ စသည်။ အဲတာတွေကို မဆင့်တော့ပဲ ခွဲရေးတာဟာ ပိုရှင်းလင်းပြီး အဓိပ္ပါယ်လည်း မပျက်စေလို့ သင့်မှန်တယ်။
အရင်ကတည်းကဘာသာခြားစာလုံးတွေကို မြန်မာပြန်ရာမှာပါ အဆင့်တွေနဲ့ရေးကြတယ်။ အင်္ဂလိပ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ ကမ္ဘောဒီးယား၊ အစ္စရေး၊ ဣသရေလ၊ စသည်။ အဲတာတွေကို အဆင့်မပါဘဲရေးလည်း သတ်ပုံပျက်စရာမရှိပါ။
မိုဃ်း၊ ၍့၊ ၏့၊ ကျမ္မာရေး၊ စွဲး၊ စဲး၊ ထဲး၊ ဆြာ၊ မင်းသ္မီး၊ မိုဃ်း၊ မဲးဇာ၊ မှု့၊ ယ္ခင်၊ မြမ္မာ၊ သ္ခင်၊ သဲး၊ ဥူး၊ ဧး တွေကိုလည်း အခု မရေးကြတော့ပါ။ အဲလိုပြောင်းလဲခြင်းကသာ ခေတ်အရပြောင်းတာမည်ပါတယ်။ ဝါစင်္ဂ = ဝါစ + အင်္ဂ = စကား + အစိတ်အပိုင်းကတော့ ပါဠိကနေလာတယ်။ ခက်တာတွေကို လွယ်ကူ ရှင်းလင်းအောင် ပြင်ရေးလာကြတယ်။
လွယ်တာကို ခက်အောင်ရေးတာတွေ ဥပမာ တခါတလေကို တစ်ခါတစ်လေ၊ တခါတရံကို တစ်ခါတစ်ရံ၊ တပင်တိုင်ကို တစ်ပင်တိုင်နဲ့ တဆယ်၊ တရာ၊ တထောင်၊ တသောင်း၊ တသိန်းမှာ တစ်တွေနဲ့ရေးနေတာတွေက မလိုအပ်ပဲ အမိန့်နဲ့ ခိုင်းထားတာ။ မှားလို့ပြင်တာ မဟုတ်။ အလုပ်ရှုတ်အောင် ညွှန်ကြားထားတာ။ မှန်တာကို မှားအောင်လုပ်တာသာဖြစ်တယ်။ သက်သေခံပေါင်း တရာ ၄-၅ လီတင်ပြထားပါတယ်။
အမည်တွေမှာ အစဉ်အလာရှိတာတွေကို မပြင်သင့်ပါ။ မန္တလေး၊ မုတ္တမ၊ မိတ္ထိလာ (မူရင်းသတ်ပုံမှာ မိတ္ထီလာမဟုတ်)၊ ပခုက္ကူ၊ ဟုမ္မလင်း၊ နတ္တလင်း၊ မုပ္ပလင်၊ အလ္လကပ္ပ၊ သခွတ္တနယ်၊ သေတ္တရာရွာ၊ သာဝတ္ထိ၊ စေတုတ္တရာ၊ နမ္မတူ၊ သရေခတ္တရာ၊ စတဲ့အမည်တွေမှာ အဆင့်တွေနဲ့သာ ဆက်ရေးသင့်တယ်လို့ ယူဆပါတယ်။
လေးနဲ့မြားလို့က မှန်ပေမဲ့ ဒဂုန်ရွှေမျှားအမည်ရှိတယ်။ လူအမည်တွေမှာ သတ်ပုံနဲ့မညီတာတွေရှိပေမဲ့ သည်အတိုင်းသာ ထားသင့်တယ်။ နတ်ရှင်နောင်နဲ့ နတ်သျှင်နောင်၊ ရှီ နဲ့ သျှီ၊ မူကွဲတွေရှိတယ်။ ယောက်ျားကို ယောင်္ကျားလို့ရေးတာ မှားတယ်။ စကြာကို စကြ်ာရေးတာ မှားတယ်။ ဦးဖိုးကျားရဲ့ တိုင်တရာရွာကို တိုင်တစ်ရာလို့ ရေးတာကတော့ လျှာရှည်တာ။
အလုပ်သ္မားလို့ရေးတာက အသတ်နည်းစံနစ်နဲ့ ကိုက်ညီပါတယ်။
စစ်အာဏာ ဒုတိယအကြိမ်သိမ်းကတည်းက အခုထိ စာသားတွေရော သတ်ပုံတွေပါ လွဲပြီးရေးထားတာတွေ အများကြီးတွေ့နေရတယ်။ မြန်မာစာသတ်ပုံကို မှန်အောင်ရေးတဲ့ခေတ် ပြန်ရောက်ပါစေသတည်း။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment