ဆူးပုပ်ကြီး
ဆူးပုပ် နှစ်မျိုးရှိတယ်။ ဆူးပုပ်ကြီးနဲ့ ဆူးပုပ်လေး။ အညာဒေသကလူတွေ အသဲစွဲကြိုက်ကြတဲ့ ဆူးပုပ်ကြီးရွက် လို့ ဆိုကြပေမဲ့ အညာဒေသ တောပိုင်းမှာ ဆူးပုပ်လေးကိုသာ ဟင်းချိုချက် စားသုံးတယ်။ အောက်အရပ်မှာ မသိသူက များတယ်။ မြို့သားတွေက ဆူးပုပ်ကြီးကို ပိုသိကြတယ်။
ဆူးပုတ်ကြီးပင် သို့မဟုတ် ဆူးရစ်ပင်ကို ရုက္ခဗေဒအလို Acacia pennata အကေးရှား ပင်နာတာ ဟု ခေါ်သည်။ မျိုးရင်းမှာ Leguminosae Jussieu လီဂူမီနိုး စီအီး ဖြစ်သည်။ ဆူးရစ်ပင်သည် ဆူးများရှိသော ချုံပင်ကြီးမျိုး ဖြစ်သည်။ နွယ်၍ တက်တတ်သည်။ အရွက်အနံ့မှာပြင်း၍ ထိုအနံ့ဖြင့် ဆူးရစ်မှန်း သိသာသည်။ ဩဂုတ်လမှ အောက်တိုဘာလအတွင်း ပွင့်သည်။ သီးတောင့်များသည် ၄ လက်မမှ ၈ လက်မအထိ ရှိသည်။ အရွက်သည် ဆေးဖက်ဝင်သည်။ ဆူးရစ်ပင်ကို မြန်မာနိုင်ငံ အရပ်ရပ်၌ တွေ့ရသည်။ ဆူးရစ်ကို ဆူးပုပ်ကြီးဟူ၍လည်း ခေါ်သည်။ မြန်မာနိုင်ငံ အနှံ့အပြား၌ ပေါက်ရောက်သည်။ သဘာ၀အလျောက် အလေ့ကျ ပေါက်သော်လည်း ခြံဝင်းများ အတွင်း၌ စားပင်အလို့ငှာ အသင့်အတင့် စိုက်ပျိုးကြသည်။
ပုံသဏ္ဌာန်
အပင်
နွယ်ပင်မျိုးဖြစ်၍ ပင်စည်အသားမာသည်။ အခေါက်ပါးသည်။ တပင်လုံး ဆူးများရှိ၏။ အရွက် - နှစ်ခါ ငှက်မွေးရွက်ပေါင်း ဖြစ်၍ ရွက်လွှဲထွက်သည်။ ရွက်မြွှာ ၃၀-၆၀ စုံ ထိပါရှိသည်။ ရွက်မြွှာများ အလွန်သေးငယ်ပြီး ရှည်မျောမျောပုံ ရှိ၏။ ခပ်စိပ်စိပ် မျက်နှာချင်းဆိုင် ထွက်သည်။ ရှားရွက်နှင့် သဏ္ဌာန်တူသည်။ ရွက်ညှာရင်း ဖောင်းပြီး ရွက်ညှာကျောဘက်တွင် ဆူးရှိ၏။
အပွင့်
ပန်းပွင့်သည် အဖြူရောင် သို့မဟုတ် ဖြူဝါရောင် ရှိသည်။ နယုန်လမှ ဝါခေါင်လအထိ ပွင့်သည်။
အသီး
အသီးတောင့် ခပ်ပြားပြား ဖြစ်ပြီး ဖြောင့်မတ်သည်။အသီးအက်ကြောင်း ထင်ရှားသည်။ အစေ့ အဝါရောင် သို့မဟုတ် အညိုရောင်ရှိသည်။အစေ့ ၈-၁၂ စေ့ထိ ပါသည်။ တန်ဆောင်မုန်း လမှ ပြာသိုလအတွင်း အသီး ရင့်မှည့်သည်။
အသုံးဝင်ပုံ အာနိသင်
မြန်မာဆေးကျမ်းများအလိုအရ ဆူးပုပ်ကြီးသည် ခါး၏၊ ဖန်၏၊ သွေးဖောက်ပြန်ခြင်း၊ လေသည်းခြေနှင့် ချောင်းဆိုးရောဂါတို့ကို ပျောက်ကင်းစေ၏။ ဝမ်းမီးကို တောက်စေ၏။ မီးယပ်ရောဂါ၌ မြွေဆိပ်နှင့်တူသော သွေးကို ကြေစေ၏။
မြန်မာဆေးနည်း
ဆူးပုပ်ကြီးရွက်ကို စားတာကြောင့် အသားမာပေါက်တာကို ပျောက်ကင်းစေပါတယ်။ လေလည်း ကြေပါတယ်။ အစာမကြေတာတွေ၊ သွားဖုံးသွေးယိုတာတွေအတွက်လည်း သုံးနိုင်ပါတယ်။ ဆူးပုပ်ကြီးမြစ်ကို စပါးကြီး သည်းခြေနဲ့သွေးပြီး လျှာကို ပွတ်ပေးရင် လျှာဆူးလျှာနာ ပျောက်ပါတယ်။
စားသုံးနည်း
ဆူးပုပ်ကြီးရွက်ကို ပြုတ်၍ အတို့အဖြစ်စားသုံးနိုင်သည်။
ကြက်ဥ ဘဲဥနှင့် ရောနှော ကြော်၍ သုံးဆောင်နိုင်သည်။
ပဲဟင်းချိုတွင် ထည့်၍ သုံးဆောင်နိုင်သည်။
ဆူးပုပ်ကြီး မကြိုက်သူများ
အနံ့ပြင်းလို့ မစားဘူးသူတွေက မကြိုက်ကြပါ။ တညင်းသီးအနံ့နဲ့ ဆင်တယ်။ မီဇိုးစကားနဲ့ ဇောင်းသ ခေါ် မျောက်ငိုသီးအနံ့နဲ့လည်း နည်းနည်းဆင်တယ်။
အတော်များများက တက်စာလို့ပြောကြတယ်။ ဘာတက်သလဲမေးတော့ သွေးတိုးတယ်လို့ ပြောသူတွေကပြောတယ်။ အိပ်ချင်တယ် ပြောသူတွေကပြောတယ်။
ကျွန်တော် ဆူးပုပ်ကြီးကို စားပါတယ်။ အသက်လည်းကြီးပြီ။ အဲလိုဆိုးတဲ့အကျိုး တခါမှ မရဘူးသေးပါ။ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့က ဟော်တယ်တခုမှာ ဆူးပုပ်ကြီးရွက်နဲ့ ကြက်ဥရောကြော်ပြီး ကပ်ကြေးနဲ့ ကိုက်ဖြတ်ပြီး အခုလေးတွေလိုလုပ်ထားတာ စားခဲ့ရပါတယ်။ ကောင်းတယ်။ အစည်းအဝေးမှာ အိပ်ငိုက်ခြင်းမရှိခဲ့ပါ။
ကျွန်တော် တိုင်းပြည်အတော်များများ ရောက်ပါတယ်။ နိုင်ငံခြားမှာ ဆူးပုပ်လေး မတွေ့ဘူးသေးပါ။ ယူအက်စ်အေ အခုနေတဲ့အိမ်မှာ ဆူးပုပ်ကြီးပင် စိုက်ပါတယ်။ ဆူးပုပ်လေးတော့ မစားရတာ နှစ်တွေကြာပြီ။
ကြိုက်သော် ကောင်း၏။ မကြိုက်သော် နံ၏။
ကွန်မင်တခု - အညာဒေသ ဟင်းရွက်စုံဟင်းရည်တွင် ဆူးပုပ်လေးရွက် မပါမဖြစ်ပါ၏။ ဆူးပုပ်လေးကို ငရုပ်မှည့်ခြောက်ထောင်း စပ်စပ် ကြက်သွန်ဖြူမကြေ့တကြေနဲ့ အရည်သောက် ချက်စားရသော် သူတမျိုးတည်းနဲ့ ထ္မင်းမြိန်၏။ အနံ့ပြင်းသော ဆူးပုပ်ကြီးထက် အနံ့ယဥ်ပြီး အနည်းငယ်ပိုကြမ်းသော ဆူးပုပ်လေးကို ပိုကြိုက်မိ၏။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment