Common Oral Mucosal Lesions ခံတွင်းပါးစပ်မှာ ဖြစ်တတ်တဲ့ ရောဂါတွေ

၁။ ဒေါက်တာရှင့် ကွမ်းစားတာ နှစ်ပေါင်း ၄၀ ရှိသွားပြီ၊ ကွမ်းဆေးတွေ ထည့်စားပါတယ်၊ အခု လျှာနဲ့ ပါးစပ်မှာ အနာဖြစ်လို့ ရေသောက်တာကအစ အခက်အခဲ ဖြစ်ပါတယ်၊ ဒီနိုင်ငံ(ဘဂ်လာဒေရှ့်) က ဆရာဝန်ကို မပြတာက စကားမပြောတတ်တာ နဲ့ ဆရာဝန်တွေက စီးပွားရေးဆန်ပြီး လူနာကို လိုတာထက် ဆေးများများပေးလို့ ၆နှစ်အရင်က အလွန့်အလွန် ခံစားခဲ့ရလို့ ဆရာဝန်ဆီသွားရန် ကြောက်ပါတယ်၊ ဘာဆေးများ လိမ်းရင်ကောင်းပါ့မလဲ အကြံတောင်းပါရစေ၊ဗမာစကားပြောမဲ့သူ ဘယ်သူမှမရှိလို့ ရေးသားချက်မှာ အမှားပါရင် ခွင့်လွှတ်ပါ၊
၂။ ဆရာ မင်္ဂလာပါရှင့် သမီးသားလေးက တနှစ် ကိုးလကျော်ပါ။ အခုသားလေးက ပါးစပ်မှာ အပူကန်နာနဲ့ လျှာလေးကွဲနေပါတယ် နို့လဲမစို့နိုင် အစားလဲကောင်းကောင်းမစားနိုင်ဘူးဖြစ်နေပါတယ် ဆရာ။ သမီး သားလေးကို ဘယ်လိုပြုစုသင့်ပါသလဲဆရာ။ သမီးကိုနည်းလမ်းလေးညွန်ပြပေးပါဦးဆရာ။ ကျေးဇူးတင်ပါတယ်။ ဆရာကျန်းမာချမ်းသာပါစေ။
၃။ ဆရာရှင့် သမီးလေးက နှစ်နှစ် သုံးလပါရှင့်။ လျှာမှာ အကွက်ကွက်တွေက အမြဲလိုလိုဖြစ်နေပါတယ်။ ဆေးလိမ်းဆေးသောက်လည်း ခဏဘဲ ပြန်ပြန်ဖြစ်တယ်။ အကွက်ကနေပြီး လျှာတပြင်လုံးဖြစ်တယ်။ အခုသမီးလေးက အစားကောင်းကောင်းမစားဘူး။ အားဆေးလည်းစုံနေပါပြီ။ ကလေးအထူးကုပြတော့လည်း သံချခိုင်းတယ်။ ချထားလည်း အစားမစားဘူး။ သမီးက နှစ်နှစ်သုံးလကို ပေါင် ၂၂ ပေါင်ဘဲရှိပါတယ်။ ဝိတ်လည်းမတတ်ဘူး။ ဘာလုပ်ပေးရမှန်းလည်း မသိတော့လို့ ဆရာ့ကို အကူညီတောင်းတာပါရှင့်။ သမီးလေးရောဂါရှိနေမှာစိတ်ပူလို့ပါရှင့်။ ဘာကြောင့်လဲဆိုတာ ပြောပြပေးပါအုံးဆရာ။ ကျေးဇူးတင်ပါတယ်ရှင့်။ ပုံလိုအပ်ရင်ပို့ပါမယ်ရှင့်။
ကလေး-လူကြီး ဖြစ်တတ်တဲ့ ပါးစပ်-ခံတွင်းထဲမှာအများဆုံးဖြစ်တတ်တဲ့ ရောဂါအခြေအနေ (၁၂) ခုကို ရွေးရေးပါမယ်။ တခြားဟာတွေလည်း ရှိသေးတယ်။
၁။ မှက္ခရုနာ Thrush (Oral candidiasis)
ကလေးတွေမှာ ဖန်းဂတ်စ် ခေါ် မှို ဖြစ်တတ်ကြတယ်။ ပါးစပ်ထဲတည့်မိတာတွေကနေ ကူးစက်လာတယ်။ မိခင်နို့နဲ့ ကစားစရာကနေ ကူးတယ်။ မှက်ခရုလည်းပါတယ်။ သူငယ်နာလို့ခေါ်ကြတဲ့ သွားရည်ကျတာနဲ့ လျှာထုတ်တာလည်း ပါတယ်။ နို့ကို အရင်ကထက်ပိုသန့်ပါ။ မှိုပိုးက စိုထိုင်းပူနွေးတာကို ကြိုက်တယ်။ နို့ကို ရေရိုးရိုးနဲ့ဆေးပြီး ခြောက်မှသာ အတွင်းခံဖုံးပါ။ ကလေးလျှာကို အဝတ်စသန့်သန့်နဲ့ ရှင်းထုတ်ပါ။ အလိုလိုပျောက်တာ များတယ်။ ပြန်ဖြစ်တယ်။
မှက္ခရုကို Moniliasis လို့လဲခေါ်တယ်။ ကလေးမှာသာဖြစ်တယ်။ နို့တိုက်အရွယ် ကလေးငယ်တွေ။ လျှာ၊ အာခေါင်၊ ပါးစောင်တွေမယ် အဖြူဖတ်တွေ ဖြစ်ပြီး၊ ဘေးက နီနေတယ်။ နာတယ်၊ နို့စို့ရ၊ အစာစားရခက်တယ်။ ကလေးရဲ့ လျှာကို အဝတ်သန့်သန့်လေးကို လက်ညှိုးမှာပါတ်ပြီး အဖြူဖတ်တွေ ရှင်းပေးပါ။ မိခင်နို့ကိုအမြဲသန့်နေပါစေ။ လိုအပ်ရင် Nystatin Oral Suspension 4-6 mL တနေ့ ၄ ကြိမ် တိုက်ပါ။ ကလေးလက်၊ မိခင်လက် မကြာခဏဆေးပါ။
၂။ Angular stomatitis ကျီးကန်းပါးစပ်နာ
ကျီးကန်းပါးစပ်နာကို Angular stomatitis (Cheilosis or Angular cheilitis) လို့ ခေါ်တယ်။ ပါးစပ်-ဒေါင့်စွန်း နှစ်ဖက်လုံးမှာ ဖြစ်တာများတယ်။ ကွဲကြောင်းလေးတွေ ဖျာထွက်လာမယ်။ သွေးထွက်တတ်တယ်။ အနာအထိ ဖြစ်နိုင်တယ်။ အနာကနေမှိုပိုးဝင်လာရင် Candida albicans (Thrush) ဖြစ်မယ်။ ဗက်တီးရီးယားလဲဝင်နိုင်တယ်။ ဗီတာမင် ဘီ (၂)၊ ဆေးသောက်ပါ။ ကြွယ်ဝစာစားပါ။ နို့နဲ့ နို့ထွက်အစာများ၊ ဥ၊ အသည်း၊ အသီးအရွက်၊ ဆန်၊ ဂျုံ၊ ရိစ်။ ဗီတာမင်စီ ရအောင် စိမ်းတဲ့ အသီးအရွက်-အသီးအနှံတွေလဲစားပါ။ Antifungal creams မှိုအတွက်လိမ်းဆေးNystatin, Imidazoles, Bifonazole, Clotrimazole, Econazole, Ketoconazole, Nizoral®, Miconazole, Tioconazole တခုခုသုံးနိုင်တယ်။ မှိုအတွက်စားဆေး Imidazoles, Allylamines တွေရှိတယ်။ Clotrimazole and Betamethasone, Nystatin and Triamcinolone Acetonide စတီရွိုက်နဲ့ ရောထားတဲ့ဆေး သုံးနိုင်တယ်။ 1% Hydrocortisone လဲလိမ်းနိုင်တယ်။ ရေယုံဆိုရင် မသုံးပါနဲ့။
၃။ Leukoplakia အဖြူကွက်
ဖြူနေတဲ့အကွက်ကို ပိတ်ကျဲစနဲ့ပွတ်ပေးလဲပျောက်မသွားဘူး။ ကင်ဆာနဲ့ ကင်ဆာမဟုတ်တဲ့ အနာမျိုးနဲ့လဲမဆိုင်ဘူး။ ဆေးလိပ်သောက်သူ၊ အရက်သောက်သူ၊ ခံတွင်းပိုးဝင်ခံရသူ၊ နေရာတခုမှာကွက်ပြီးကိုယ်နဲ့ မသင့်တာနဲ့ တွေ့ထားသူ၊ ဆစ်ဖလစ်၊ ဗီတာမင်အေနည်းခြင်း၊ ဟော်မုန်းအပြောင်းအလဲ၊ ဓါတ်ရောင်ခြည်သင့်ခြင်း၊ လျှပ်စစ်စီးကြောင်းတွေကနေ ဖြစ်စေတယ်။ အသက် ၄ဝ ကျော်အဖြစ်များတယ်။ ယောက်ျားတွေက မိန်းမတွေထက် ပိုဖြစ်တယ်။ လျှာ၊ ပါးစောင်၊ အထက်-အောက် ပါးစောင်အချိုင့်နေရာတွေမှာ လူတဝက်လောက် ဖြစ်တယ်။ ကျန်တဲ့နေရာတွေကအာခေါင်၊ အောက်နုပ်ခမ်း၊ လျှာအောက်နေရာတွေမှာ ဖြစ်တယ်။ ဖြူပြီး၊ နဲနဲကြည်နေမယ်၊ ထူမယ်၊ စဉ်းကြောင်းတွေရှိနိုင်တယ်၊ အသီးလိုလဲဖြစ်နိုင်တယ်၊ မာတင်းနေတာလဲ ဖြစ်နိုင်တယ်။ မျက်နှာပြင် ချောတာ၊ ကြမ်းတာဖြစ်နိုင်တယ်။ အဖြူ၊ ဝါစိမ်းစိမ်း၊ ဆေးလိပ်သောက်သူဆိုရင် ညိုတိုတိုဖြစ်နိုင်တယ်။
အက်စ်ပရင်ဆေးသောက်လို့လည်းဖြစ်နိုင်တယ်။ မသေခြာရင် အသားစ ဖြတ်ယူစစ်ဆေးရမယ်။ ၄-၆% မှာ ကင်ဆာ ဖြစ်တတယ်။ Erythroplakiaနီနေတာမျိုးကဆိုးတယ်။ ကိုက်မိ-ထိခိုက်မိတာ၊ သွားအတွက် အပိုပစ္စည်းထည့်တာက အဆင်မပြေတာ၊ သွားအဆင်မပြေပေါက်နေတာတွေကိုစစ်ရ-ပြင်ရမယ်။ ဗီတာမင် အေ နဲ့စီသောက်ရင်အကျိုးရှိစေမယ်။
၄။ Palatal or Mandibular Torus အရိုးဘုများ
ကင်ဆာမဟုတ်တဲ့ အရိုးကနေဖြစ်တဲ့ မာနေတဲ့ဘုတွေကိုခေါ်တယ်။ ဖြေးဖြေးကြီးလာမယ်။ အနေရလဲမခက်လှပါ။ အပေါ်ယံအဖုံးလွှာအနာဖြစ်တတ်တယ်။ Palatal torus အာခေါင်ကဖြစ်တာဆိုရင် အမာပိုင်းအလည်မျဉ်းမှာ ဖြစ်တတ်တယ်။ အမျိုးသမီးတွေမှာပိုဖြစ်တယ်။ Mandibular torus မေးရိုကနေဖြစ်တာဆိုရင် ရှေ့ပိုင်းအံသွားဘေးမှာ အဖြစ်များတယ်။ ၈ဝ% ဘယ်-ညာဖြစ်တာများတယ်။ အသက် ၃ဝ အောက်များတယ်။ ကုသစရာမလိုပါ။ ခွဲလိုက်ရင်လဲ ရတယ်။
၅။ Inflammation or irritation ရောင်ရမ်းဖြစ်စဉ် နဲ့ မသင့်တာနဲ့ထိတွေ့ခြင်း
ရောင်ရမ်းဖြစ်စဉ်နဲ့ မသင့်တာနဲ့ ထိတွေတာမျိုးတွေကကိုယ်ကိုယ်ကိုကာကွယ်တဲ့သဘောကနေ ဖြစ်လာတယ်။ ပါးစောင်မှာ အထက်သွားတန်းနဲ့ အောက်သွားတန်းကြားမျဉ်းကြောင်းအဖြူရောင်လိုလဲ ဖြစ်တတ်တယ်။ လိုအပ်ရင်ခွဲထုတ်ပြစ်နိုင်တယ်။ မသေခြာရင် အသားစဖြတ်ယူစစ်ဆေးရမယ်။ ဖြစ်စေတဲ့အကြောင်းရင်ကိုဖယ်ရှား-ကုသလိုက်ရင် အလိုလိုပျောက်မယ်။ Denture stomatitis သွားအတုကအဆင်မပြေလို့ဖြစ်တယ်။ အသက်ကြီးပြီး Complete maxillary dentures သွားအတုတပ်ထားသူတွေထဲက ၆၅% ဖြစ်တယ်။ Nystatin suspension or cream ဆေးလိမ်းပေးနိုင်တယ်။
၆။ Irritation fibroma ခဏခဏထိမိရာကနေအတွင်းထဲမှာအသားမာလိုဖြစ်ခြင်း
ခဏခဏထိမိရာကနေအတွင်းထဲမှာအသားမာလိုဖြစ်တာ။ ပါးစောင်၊ လျှာဘေးအနား၊ အောက်နုပ်ခမ်းတွေမှာ အဖြစ်များတယ်။ မနာဘူး။ ခပ်တင်းတင်းရောပွစိစိပါ ဖြစ်နိုင်တယ်။ ဖြစ်တဲ့အဖုကဘေးနေရာထက် အရောင်ပြော့တယ်။ ကြာရင် အနာဖြစ်လာနိုင်သေးတယ်။ ၁ စင်တီမီတာထက် မကြီးဘူး။ အသက်အရွယ်မရွေးဖြစ်တယ်။ သူ့အလိုလို မပျောက်ရင် ခွဲထုတ်ရမယ်။ ပြန်ဖြစ်တာလဲရှိမယ်။ လျှာပေါ်မှာဖြစ်တာဆိုရင်တော့ Neurofibroma, Neurilemmoma or Granular cell tumor တွေ မဟုတ်တာသေခြာအောင် လုပ်ရမယ်။ ပါးစပ် အောက်နုပ်ခမ်းနဲ့ ပါးစောင်မှာဆိုရင် Lipoma, Mucocele or Salivary gland tumor တွေ မဟုတ်တာသေခြောစေရမယ်။ ရှားပါးတဲ့ Benign neoplasms of Mesenchymal origin ကိုလဲဖယ်ထုတ်ရမယ်။ ခွဲထုတ်ပြီးစစ်ဆေးဘို့ လိုတာတွေဖြစ်တယ်။
၇။ Fordyce's granules ချွေးထွက် (ဂလင်း) တွေကပါးစပ်ထဲရောက်နေခြင်း
ချွေးထွက်ဂလင်းတွေကပါးစပ်ထဲနေရာလွဲရောက်နေတာဖြစ်တယ်။ အစုလိုက်များတယ်။ တခုနဲ့တခုရောထွေးနေတာလဲ ဖြစ်တယ်။ အံဆုံးတွေဘေးမှာဖြစ်တယ်။ ဘယ်-ညာ ဖြစ်နိုင်တယ်။ အောက်နုပ်ခမ်း၊ လျှာ၊ သွားဖုံး၊ အာခေါင်တွေမှာလဲ ဖြစ်နိုင်တယ်။ အသက် ၂ဝ-၃ဝ မှာအဖြစ်များတယ်။ Candida albicansမှိုကြောင့်ဖြစ်တာကဂွမ်းစနဲ့ ရှင်းပေးတာပျောက်မယ်။ ဒါတွေကတော့ မပျောက်ဘူး။ ဆေးကုသဘို့လဲမလိုပါ။
၈။ Hemangiomaသွေးကြောအပိုပွါးခြင်း
သွေးကြောတွေ အပိုပွါးခြင်းကမွေးရာပါဖြစ်တယ်။ ပြားချပ်ချပ်နေတယ်၊ မဟုတ်ရင် နဲနဲဖေါင်းနေမယ်။ အနီရောင် ဒါမှမဟုတ် နီပြာပြာဖြစ်တယ်။ အနားသတ်မတိကျဘူး။ နှုပ်ခမ်း၊ လျှာ၊ ပါးစောင်၊ အာခေါင်တွေမှာဖြစ်တယ်။ သူ့ကိုခိုက်မိတတ်တယ်။ အနာဖြစ်လာနိုင်တယ်။ ပိုးဝင်လာနိုင်တယ်။ အမျိုးသမီးတွေမှာပိုဖြစ်တယ်။ သူ့အလိုလိုပျောက်တာ များတယ်။ Surgery, Sclerosing agents, Cryotherapyနည်းတွေနဲ့ ကုနိုင်တယ်။ ကင်ဆာမဟုတ်ပါ။ ကုသလိုက်ရင် ပြန်မပေါ်ပါ။
၉။ Inflammatory ulcer ရောင်ရမ်းအနာများ
(က) Aphthous (အက်ဖ်သပ်စ်-အာလ်ဆာ)
အတော်နာတယ်။ ပြန်ပြန်ဖြစ်တယ်။ တခုမကလဲဖြစ်နိုင်တယ်။ ၂ဝ-၆ဝ% သောလူတွေမှာ ဖြစ်ကြတယ်။ ဘာလို့ ဖြစ်တယ်ဆိုတာ အတိအကျမသိရဘူး။ Immunologic, Microbiologic and Nutritional factors တွေကို စဉ်းစားကြတယ်။ (၃) မျိုးခွဲနိုင်တယ်။
(၁) သာမန်အနာ = ခံတွင်းမှာနေရာတကာဖြစ်တယ်။ ၁ဝ ရက်အတွင်းပျောက်သွားမယ်။ ပြန်ဖြစ်နိုင်တယ်။
(၂) Major aphthous ulcers ကပိုကြီးတယ်။ ၂ စင်တီမီတာလောက်အထိရှိမယ်။ ပျောက်အောင် အချိန် ၆ ပါတ် ယူတယ်။
(၃) Herpetiform ulcers အမျိုးအစားကတော့ ၁-၂ ပါတ်ကြာရင် ပျောက်တယ်။ အရည်ကြည်အဖုလေးကနေစဖြစ်ပြီးမှ အနာဖြစ်လာတယ်။ Crohn's disease, Neutropenia and Sprueရောဂါတွေကိုလဲစစ်ဆေးသင့်တယ်။ ပျောက်ဆေးဆိုတာ မရှိပါ။ ဒါပေမဲ့ သက်သာအောင် Topical steroids (0. 5% Hydrocortisone) (စတီရွိုက်) ဆေး လိမ်းပေးနိုင်တယ်။ သိပ်ဆိုးသူတွေကို (စတီရွိုက်) ဆေးပါးစပ်ကနေသောက်ခိုင်းတယ်။ Tetracycline mouth wash (Achromycin V Oral Suspension) ဆေးနဲ့ ပါးစပ်ကိုဆေးတာလဲအကျိုးရှိတယ်။ Chlorhexidinegluconate oral rinse (Peridex) ဆေးသုံးတာလဲသက်သာတယ်။
ဒီအနာ မြန်မာလူမျိုးအတော်များများကြီးကိုတွေ့ဘူးတယ်။ ရေသောက်တာတောင် နာတယ်။ အားနည်းနေချိန်၊ စိတ်ဖိစီးမှု များနေချိန်၊ ခရီးထွက်ရလို့ အစား၊ ဝမ်းသွားမမှန်သူတွေ၊ ဝမ်းချုပ်သူတွေမှာ ဖြစ်တယ်လို့ ယူဆတယ်။ ထုံဆေးလိမ်းဆေး လိမ်းရင် ခဏနဲ့ထုံသွားပြီးစားလို့ရတယ်။ တနပ်တခါထပ်လိမ်းရတယ်။
(ခ) Traumatic ulcers ထိခိုက်ရာကအနာဖြစ်ခြင်း
ကိုက်မိတာ၊ သွားအတုအဆင်မပြေတာ၊ သွားတိုက်တံနဲ့ခိုက်မိတာ၊ သွားအချွန်နဲ့ထိခိုက်မိတာ၊ မသင့်တာကို စားမိ-သောက်မိတာတွေကနေ ဖြစ်စေတယ်။ သူ့အလိုလိုပျောက်တယ်။ မြန်တယ်။ မပျောက်နိုင်ရင် ကင်ဆာကိုစစ်ဆေးပါ။
၁ဝ။ Papillomas (ပက်ပလိုမား) အသားပို
တချို့ ခံတွင်းအသားပိုက ကြွက်နို့ဖြစ်စေတဲ့ Papillomavirus (ဗိုင်းရပ်စ်) မျိုးကွဲကနေဖြစ်စေတယ်။ ဖြစ်နေပေမဲ့ ဘာမှ မခံစားရဘူး။ ၁ စင်တီမီတာလောက်သာကြီးတယ်။ တခုတည်းဖြစ်တာများတယ်။ ပါးစပ်ထဲဘယ်နေရာမှာဖြစ်ဖြစ် ဖြစ်နိုင်ပေမဲ့ အာခေါင် အပျော့နေရာမှာအဖြစ်များတယ်။
၁၁။ Epulisfissurata (အိပြူလစ်)
သွားအတုကနေဖြစ်စေတယ်။ (ဖိုက်ဘရပ်-တစ်ရှူး) တွေ အပိုဖြစ်တာ။ သွားအတုအသစ်လဲဘို့လိုမယ်။ ခွဲစိတ်တာလဲ လိုနိုင်တယ်။
၁၂။ Varicosities သွေးပြန်ကြောဖေါင်းနေခြင်း
သွေးပြန်ကြောတွေဖေါင်းနေတာ။ လျှာအောက်မှာဖြစ်တာများတယ်။ ပါးစောင်နဲ့ ပါးစပ် နှုတ်ခမ်းမှာလဲ ဖြစ်နိုင်တယ်။ ပြာနေတယ်။ ဖိလိုက်ရင် သွေးစီးလျှောက်တာမြင်ရမယ်။ ဆေးကုစရာမလိုပါ။
Dr. တင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ