Throat cancer (Larynx cancer) လည်ချောင်းကင်ဆာ

၁။ ဆရာရှင့် လည်ချောင်းကင်ဆာအကြောင်းသိချင်ပါတယ်ရှင့်။ ဘယ်လိုအချက်တွေက လည်ချောင်းကင်ဆာ ဖြစ်နိုင်ခြေကိုပြောလို့ရပါသလဲရှင်။ ကျေးဇူးတင်ပါတယ်ရှင့်။ ရိုသေလေးစားစွာဖြင့်။


၂။ ဆရာရှင့် လည်ချောင်းကင်ဆာရောဂါ လက္ခဏာတွေက ဘယ်လိုပါလဲရှင့်။ အခုတလော လည်ချောင်းထဲကနေ အသက်ရှူမဝသလိုဖြစ်ပြီး မေးစေ့အောက်နားက အသားတွေက နာနေပါတယ်ရှင့်။ စိတ်ဒေါသဖြစ်ပြီး အော်လိုက်ရင် နှလုံးခုန်မြန်လာပြီး လက်ကလည်း ချွေးစေးတွေထွက်လာပါတယ်။ လည်ချောင်းမှာလည်း တခုခု တစ်နေသလုဖြစ်ပြီး နေရတာမကောင်းပါဘူးရှင်။ ပြောပြပေးပါဦးနော်။


၃။ ဆရာ ကျွန်တော့အဖေ လည်ချောင်းကင်ဆာဖြစ်နေတယ်။ ဗိုက်လည်းပိုက်ထည့်ထားတယ်။ အသက်က ၈၇ နစ်ပါ။ ဓါတ်ကင်သင့် မကင်သင့် အကြံပေးပါ။ မျော်လင့်ချက် ဘယ်လောက်ရှိပါသလဲ သိပါရစေ ဆရာ။ ကျေးဇူးပါ။


၄။ သမီးရဲ့ အဖေ (၅၆ နှစ်) မှာ အသံဝင်နေသည်မှာ ၈ လ ၉လ ကြာနေပါသည်။ ယခုလ ၈-၃-၁၂ ရက်တွင် နား-နှာခေါင်း-လည်ချောင်း ဆရာဝန်နှင့်ပြသပြီး အသံပြွန်နေရာသို့ မှန်ပြောင်းဖြင့် ကြည့်ပါသည်။ အသံပြွန် ၂ ချောင်းတွင် ၁ ချောင်းမှာ အဖုလေးများ ဖြစ်နေပါသည်ဟုပြောပြီး ဖြတ်ပစ်လျှင် ပြန်ပြီးအသံထွက်နိုင်ပါသည်ဟုပြောပါသည်။ ၁ဝ-၃- ၁၂ ခွဲစိတ်ပြီး အသားစယူခဲ့ပါသည်။ တတ်နိုင်သလောက် အဖုလေးများကိုလည်း ခွဲစိတ်ပေးခဲ့သည်ဟု ပြောပါသည်။ အသားစအဖြေမှာ ကင်ဆာ ဖြစ်နေသည်ဟုပြောပြီး ခွဲစိတ်ခြင်း သို့ ဓါတ်ကင်လျှင် ၉၅ % ပျောက်ကင်းနိုင်သည်ဟု ပြောပါသည်။ ၄င်းနောက် ဓါတ်ရောင်ခြည် ပါရဂူထံသို့ ညွန်ပါသည်။ ဓါတ်ရောင်ခြည်ဌာနတွင် ၁၆-၃-၁၂ တွင်ပြသပြီး (့့့့့) တွင် ဓါတ်ကင်နိုင်ရန် စာရင်ေးပးထားရန်နှင့် ပေးသည့် ရက်ဝေးပါက ဆေးသွင်းထားမည်ဟုပြောပါသည်။ ဓါတ်ကင်ရန် ပေးသည့် နေ့စွဲမှာ မေလ ၁၇ ရက်နေ့ဖြစ်ပါသည်။ ဓါတ်ကင်ခြင်းနှင့် ဆေးသွင်းခြင်း သဘောတရားများကို သိရှိလိုပါသည်။ အိမ်နားပတ်ဝန်းကျင်မှ အန်တီတယောက်မှာ နှာခေါင်းတွင် စပျစ်သီးသွေးခိုင်ဖြစ်ပြီး ခွဲစိတ်ပြီးမှ ကင်ဆာ တွေ့ရှိသောကြောင့် ဓါတ်ကင်ထားပြီးသူ ဖြစ်ပါသည်။ သိရှိပြီး တပတ်ကြာလောက်တွင် ဓါတ်ကင်နိုင်ခဲ့သူ ဖြစ်ပါသည်။ သူမမှာသွေးသွင်းခြင်း လုံးဝ မပြုလုပ်ခဲ့ရပါ။ ဆေးသွင်းခြင်းမှာ တော်တော်လေး ခံစားရမှုများရှိသည်ဟုလည်း သိရှိရပါသည်။ အဖေ့အတွက် စိတ်ပူမိသောကြောင့် ဆေးသွင်းခြင်း ဓါတ်ကင်ခြင်းအကြောင်းနှင့် ခံစားရမှုများ ဆောင်ရင်ရှောင်ရန်များကို သိရှိလိုပါသည်ရှင့်။


လည်ချောင်းလို့ခေါ်တာ သိပ်မတိကျပါ။ Larynx (လေးရင့်စ်) ကို Voice box အသံအိုးလို့ခေါ်ပါတယ်။ Trachea လည်ပင်းအလည်က အထက်အောက်တန်းနေတဲ့ လေပြွန်ကြီးအထက်မှာ ရှိတယ်။ ဒီကင်ဆာက အများအားဖြင့် အသက် ၅၅ နှစ်ကျော်မှဖြစ်တာများတယ်။ ဆေးလိပ်ဖြတ်တာ အကျိုးများစေတယ်။ Painless hoarseness နာလဲမနာဘဲ အသံသြလာတာက ပဌမဆုံးလက္ခဏာ ဖြစ်တတ်တယ်။ Laryngoscope ကရိယာနဲ့ကြည့်ပြီး စစ်ဆေးတယ်။ ကင်ဆာ နေရာ၊ အရွယ်အစား၊ လူနာအသက်-ကျန်းမာရေးအခြေအနေတွေ ကြည့်ပြီး ကုသနည်း ရွေးရတယ်။ Radiation therapy ဓါတ်ကင်နည်းနဲ့ Surgery ခွဲစိတ်နည်းကို အများဆုံးလုပ်တယ်။ နောက်ပိုင်းရောက်နေရင် Chemotherapy ကင်ဆာဆေး ပေးနည်းလည်း သုံးပါတယ်။


အသံအိုးက ၂ လက္မလောက်ကျယ်တယ်။ Vocal cords ခေါ်တဲ့ အသံဖြစ်စေတဲ့ အရွတ်အချောင်း ၂ ခုရှိတယ်။ ယောက်ျားတွေမှာသာ သိသာတဲ့ Adam's apple (အဒမ်) ရဲ့ ပန်းသီးလို့ ခေါ်ကြတဲ့ အရိုးနုအင်္ဂါက သူ့ရှေ့မှာနေတယ်။ Larynx ကို Supraglottis အပေါ်ပိုင်း၊ Vocal cords ရှိနေတဲ့ Glottis အလည်ပိုင်း နဲ့ Subglottis အောက်ပိုင်း ခွဲခြား လေ့လာတယ်။ စကားပြောရင်၊ မျိုချရင်၊ အသက်ရှူရင် Larynx ကို အဖွင့်-အပိတ်လုပ်တေယ်။ စကားပြောချိန်မှာ Vocal cords တွေက တင်းလာပြီး တခုနဲ့တခု နီးကပ်လာတယ်။ အဆုပ်ထဲကလေကနေ တုန်ခါမှု ဖြစ်စေလို့ အသံထွက်လာမယ်။ လျှာ၊ နှုတ်ခမ်းနဲ့ သွားတွေကြောင့် စကားပြောတာဖြစ်စေတယ်။


• Larynx Tumors အကျိတ်ဖြစ်တိုင်း ကင်ဆာ မဟုတ်ပါ။ Malignant tumors ကသာ ကင်ဆာဖြစ်တယ်။ Benign tumors ကင်ဆာမဟုတ်တာတွေက Polyps အသီး နဲ့ Nodules အကျိတ်လေးတွေဖြစ်တယ်။ ခွဲထုတ်လိုက်ရင် ပြန်ဖြစ်မလာဘူး။ အသက်ကို ရန်မရှာပါ။ ဘေးမပြန့်ဘူး။

• Laryngeal cancer cells ကင်ဆာဆဲလ်တွေကတော့ ဖြစ်တဲ့နေရာသာမက ရောက်ကုန်ကြတယ်။ Lymph vessels သွေးပြန်ရည်ပြွန်လေးတွေကနေ ဘေးတားက တက်စေ့တွေဆီ ရောက်မယ်။ သွေးကြောကတဆင့် အဆုပ်၊ အရိုးနဲ့ အသည်းဆီရောက်မယ်။


ရောဂါလက္ခဏာတွေက ကင်ဆာဖြစ်ရာနေရာနဲ့ အရွယ်အစားအပေါ်မှာ မူတည်တယ်။

• ရက် ၃ ပါတ်မက အသံပြောင်းတာ၊ အသံသြတာ၊

• ရက် ၆ ပါတ်မက လည်ချောင်းနာတာ၊

• ရက် ၆ ပါတ်မက အမျိုရခက်တာ၊

• လည်ပင်းမှာ အကျိတ်စမ်းတွေ့တာ။

တခြားလက္ခဏာတွေ

• အသက်ရှူခက်၊

• ချောင်းဆိုး၊

• နားကိုက်။


Diagnosis ရောဂါသေခြာအောင် ဆရာဝန်ကမေးမြန်းတာ၊ စမ်းသပ်တာတွေအပြင် စစ်ဆေးတာတွေလုပ်မယ်။

• Indirect laryngoscopy သွယ်ဝှိုက်ကြည့်ကရိယာ၊

• Direct laryngoscopy တိုက်ရိုက်ကြည့်ကရိယာ၊ (အပြော့ + အမာ)၊

• Biopsy အသားစဖြတ်ယူ စစ်ဆေးတာတွေ လုပ်တယ်။


Staging အဆင့်သတ်မှတ်ချက်လုပ်ဘို့ရာ

• Chest x-ray ဓါတ်မှန်၊

• CT scan (စီ-တီ-စကင်) နဲ့

• MRI တွေရိုက်မယ်။


အဆင့်ခွဲခြားခြင်း

• Stage 0, I, or II သေးမယ်၊ တက်စေ့တွေမှာ ကင်ဆာဆဲလ် မရှိသလောက်သာတွေ့မယ်။

• Stage III or IV အနီးအနားပွါးနေမယ်။ တက်စေ့တွေဆီရောက်မယ်။ တခြားနေရာတွေ ရောက်မယ်။ ဘေး မရောက်သေးပေမဲ့ Vocal cords ကို အလုပ် မလုပ်နိုင်အောင် ဖြစ်နေတယ်။


Treatment ဘယ်နည်းတွေနဲ့ကုသမလဲ

စောသေးတာကို ခွဲစိတ်နည်း ဒါမှမဟုတ် ဓါတ်ကင်နည်းသုံးတယ်။ နောက်ကျတာကို နည်းတွေရောသုံးမယ်။


• Surgery ခွဲစိတ်နည်း အများဆုံးလုပ်ရတယ်။

Scalpel ဓါး ဖြစ်ဖြစ် Laser လေဆာနည်းဖြစ်ဖြစ် သုံးတယ်။ တစိတပိုင်းဖြစ်ဖြစ် တခုလုံးဖြစ်ဖြစ် ထုတ်ရတယ်။ တက်စေ့တွေပါ ထုတ်ရတတ်တယ်။ အနာကျက်အောင် စောင့်ရတယ်။ အစမှာ နာမယ်။ အနေရခက်မယ်။ ဆေးပေးရင် သက်သာမယ်။ ခွဲစိတ်ရလို့ မျိုတာ၊ စားတာ၊ စကားပြောတာတွေပြောင်းသွားနိုင်တယ်။


Reconstructive or plastic surgery နည်းတွေနဲ့ ပြုပြင်တာ လိုချင်လိုနိုင်တယ်။ တခါတည်းလုပ်တာလဲ ရှိတယ်။ Stoma ခေါ်တဲ့ လေလမ်းသစ်လုပ်ပေးတာလဲ ရှိတယ်။ Trach tube ပိုက်လေးထည့်ပေးထားမယ်။ တချို့က ဒါကို နောက်ပိုင်း ပြန်ဖြုတ်နိုင်တယ်။ အကုန်ထုတ်ရသူတွေက ရာသက်ပန် တပ်ထားရမယ်။


• Radiation Therapy ဓါတ်ကင်နည်း High-energy rays အပြင်းစားသုံးတယ်။ ကင်ဆာ-ဆဲလ်တွေကိုသေစေမယ်။ ကင်ဆာ ဘယ်အဆင့်ဖြစ်ဖြစ် သုံးနိုင်တယ်။ သေးသေးလေးဖြစ်တာကို မခွဲဘဲ လုပ်တာလဲရှိတယ်။ တချို့ကို ခွဲပြီးမှလုပ်တယ်။ တပါတ် ၅ ခါလုပ်တာများတယ်။ လနဲ့ကြာမယ်။ ဓါတ်ကင်နည်း ရဲ့ ဘေးထွက်-ဆိုးကျိုးတွေရှိတယ်။

• အမျိုရခက်မယ်။

• အသံပြောင်းမယ်။

• အရေပြားပြောင်းလဲမယ်။

• လည်ပင်းကြီးနဲ့ဆိုငတာတွေ ပြောင်းလဲမယ်။ Thyroid hormone နည်းစေမယ်။ Thyroid hormone pills ဆေးပေးမယ်။

• အားယုတ်မယ်။

• လူကပိန်မယ်။


• Chemotherapy ကင်ဆာဆေးပေးနည်းမှာ အကြောထဲထိုးပေးတာများတယ်။ ဓါတ်ကင်နည်းနဲ့ တွဲတာလဲ ရှိမယ်။ ဘေးထွက်-ဆိုးကျိုးတွေက ပေးတဲ့ဆေးအပေါ် မူတည်တယ်။ သွေးဖြူဥတွေ ပျက်စီးလို့ ရောဂါဝင်လွယ်နိုင်တယ်။ သွေးယိုလွယ်မယ်။ အားယုတ်မယ်။ ဆံပင်ကျွတ်မယ်။ နောင်မှာပြန်ပေါက်မယ်။ အရောင်နဲ့ပုံစံပြောင်းသွားနိုင်တယ်။ အစားပျက်မယ်၊ ပျို့-အန်ချင်မယ်၊ ဝမ်းပျက်မယ်၊ ပါးစပ်အနာ ပေါက်မယ်။ အရသာပျက်မယ်။ တချို့ဆေးတွေက ခြေလက်ထုံမယ်။


• Targeted Therapy ပစ်မှတ်ထားကုသနည်း ဓါတ်ကင်တာနဲ့ တွဲတတ်တယ်။ Cetuximab (Erbitux) ဆေးပေးတာ ပဌမဆုံးဖြစ်တယ်။


• Second Opinion ကင်ဆာဆေးကုဘို့ရာ ဒုတိယ ပညာရှင်အကြံဉာဏ်ယူနိုင်တယ်။

• Nutrition အစားအစာ (ကယ်လိုရီ)၊ (ပရိုတင်း)၊ ဗီတာမင်၊ ဓါတ်ဆားတွေ မျှတ၊ လုံလောက်ပါစေ။

• အမြိုရခက်တာအတွက် Feeding tube ပိုက်သုံးနိုင်တယ်။

• Rehabilitation နလံထတဲ့နောက်မှာ Speech therapy စကားပြော လေ့ကျင်ခန်းလုပ်ရမယ်။

• Follow-Up Care နောက်ဆက်လက်ဆေးစစ်ခြင်း ဥပမာ ပဌမနှစ်အတွင်း ၂ လတခါ။


ဒီမှာနေခဲ့တဲ့ မိတ်ဆွေတယောက် ဒီမှာတင် ဒီရောဂါအတွက် ဆေးကုရတယ်။ ဆေးလိပ်နဲ့ အရက် အတော်သောက်ခဲ့သူဘဲ။ အခု တခြားနိုင်ငံရောက်သွားပြီး၊ သူ့ အသံကို ရေဒီယိုကနေ အမေး-အဖြေတွေထဲက ကြားနေရတယ်။ သူ့အသံက ပိုပိုကောင်းလာတယ်။


Dr. တင့်ဆွေ


Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ