Uterine Fibroid (1) သားအိမ်အလုံး (၁)

၁။ ဆရာရှင့် ရိုသေစွာဖြင့်စာရေးလိုက်ပါသည်။ ကျွန်မသားအိမ်မှာ အသားအလုံးကြောင့် သားအိမ်တခုလုံးဖယ်ထုတ်သင့် မသင့်ဆရာနှင့် တိုင်ပင်ချင်လို့ပါ။  19-September-2017 Bangkok မှာ overall ဆေးစစ်လိုက်တဲ့အခါ သားအိမ်တွင် အသားအလုံးခြောက်လုံး တွေ့ပါတယ်။ OG က BKK မှ Ultrasound result က CD အခွေနှင့်ဖြစ်နေလို့ မြန်မာပြည်မှာ ပြန်ရိုက်ခိုင်းပါတယ်။ 6th December 2017 မှာထပ်ရိုက်ပါတယ်။ OG က သားအိမ်ကို အကုန်ထုတ်ပြစ်ဖို့ပြောပါတယ်။ အလုံးကများပြီး နေရာအတော်များများမှာရှိနေလို့ အသက်ကလည်း ၄၅ ဆိုတော့ ထုတ်ခိုင့်ပါတယ်ရှင့်။ ဆေးစစ်ချက် result from BKK, ရန်ကုန်တွင် စစ်ထားသော Ultrasound ဓါတ်ပုံ နှင့် မှတ်တမ်းကိုလည်း တွဲပေးထားပါသည်ရှင့်။ တကယ်လို့ ခွဲရမယ်ဆိုရင်လည်း OG နှင့် ခွဲသင့်တာလား ခွဲစိတ် specialist နှင့် ခွဲရင် ပိုကောင်းပါသလား ဆရာ။


ဆောရီး။ သားအိမ်အလုံးတွေရှိတယ်။ သားအိမ်ပါထုတ်သင့်တယ်။ အိုဂျီနဲ့ခွဲသင့်။ တနှစ်အတွင်းမှာ မေးတဲ့သူတွေ အတော်များခဲ့တယ်။


၂။ ဆရာရှင့် ကျွန်မအသက် ၂၇ နှစ်၊ ရန်ကုန်ကပါ။ အိမ်ထောင်သက် ၂ နှစ်နဲ့ ၃ လ၊ ကလေးမရှိသေးပါ။ ကိုယ်ဝန်ဆောင်မှ အလုံးရှိမှန်းသိလို့ ကိုယ်ဝန်လေးလကျော်မှာ ပျက်ကျခဲ့ပါတယ်။ ကိုယ်ဝန်ပျက်ကျပြီး ၂ လအကြာမှာ အာထွာဆောင်း ရိုက်ပြီး ပြန်ပြတော့ ခုနေခွဲထုတ်ရင် သားအိမ်ပါထုတ်ရမှာစိုးလို ့ ဆေးသုံးလသောက်ခိုင်းပါတယ်။ အလုံးနဲနဲသေးအောင် စောင့်ကြည့်မယ်ပြောပါတယ်။ ခွဲစိတ်ရင်သားအိမ်ထုတ်လိုက်ရနိုင်လားဆရာ။ ကလေးအရမ်းလိုချင်ပါတယ်။ ဆေးမှတ်တမ်းလေးပါ ပို့လိုက်ပါတယ်။ အမှားပါရင်ခွင့်လွှတ်ပါ။ဆရာကျန်းမာပါစေ။


၃။ မင်္ဂလာပါဆရာ သူငယ်ချင်းက အသက် ၃၅ နှစ်။ ပထမဆုံး ကိုယ်ဝန်ပါ။ ဖေဖေါ်ဝါရီမှာ မင်္ဂလာဆောင်ပြီး ဧပြီလမှာ ကိုယ်ဝန်ရတာပါ။ တားဆေး မသုံးပါ။ OG နဲ့ပြတော့ ကိုယ်ဝန်နဲ့အတူ သားအိမ်မှာ အလုံးနှစ်လုံး ရှိနေတယ်လို့ပြောပါတယ်။ ကိုယ်ဝန်နဲ့မို့လို့ ခွဲထုတ်ဖို့ အဆင်မပြေဘူး လို့သိရပါတယ်။ သန္ဓေသားအတွက် အန္တရာယ်ရှိသလား သိချင်လို့ပါဆရာ။ သူငယ်ချင်းကိုယ်စား မေးပေးတာပါ။ ကျေးဇူးတင်ပါတယ်။


၄။ ဆရာရှင့် ကျွန်မအသက် ၃၁ပါ။ အိမ်ထောင်သက် ၂နှစ်၊ ကလေးမရှိပါ။ ကျွန်မမြန်မာပြည်ကို ၉ ရက်တာ ခဏပြန်တုန်း သုံးလခံဆေးထိုးခဲ့ပါတယ်။ အစောပိုင်းမှာလည်း ရာသီမလာခဲ့ပါဘူး အဲ့ဒီနောက် ရာသီမလာတာ အခုထိပါပဲ။ ဗိုက်ကလည်း နဂိုထက် ပူနေပါတယ်။ ကိုယ်ဝန်ရတယ်ထင်ပြီးနေလာခဲ့ပါတယ်။ မြန်မာပြည် ပြန်ရောက်တော့ ultrasound ပဲ ရိုက်ကြည့် ဖြစ်ပါတယ်။ အသားလုံးလို့ ပြောပါတယ်ရှင့်။ အဲ့ဒါ စိတ်ပူရပါသလား။ OG ပြရန် အခက်အခဲများ ရှိနေလို့ မေးရခြင်း ဖြစ်ပါတယ် ဆရာကြီးရှင့်။ အခုဆိုရာသီမလာတာ ၇ လထဲ ဖြစ်နေပါပြီ။ ရာသီသွေးပေါ်လာအောင် ဘယ်လိုလုပ်ရမလဲ သိချင်ပါတယ်။ အသားလုံးဆိုတာ အန္တရာယ်ရှိလားလည်းသိချင်ပါတယ်ရှင့်။ ultrasound ပုံပါ ပို့ပေးလိုက်ပါတယ်ရှင့်။


၅။ မင်္ဂလာပါဆရာ။ သားအိမ်မှာဖြစ်တဲ့ အလုံး-အကျိတ်နဲ့ပါတ်သတ်ပြီးမေးခွင့်ပြုပါဆရာ။ နာမည်က ့့့့့။ အသက်က ၂၄ နှစ်၊ အပျို၊  ရန်ကုန်ကပါဆရာ။ သူတို့ကုမ္ပဏီက နှစ်စဉ်ဆေးစစ်ပေးပါတယ်ဆရာ။ ့့့့့ ဆေးရုံမှာပါ။ ၂၇-၁၂-၂၀၁၆ မှာ ထပ်စစ်ပါတယ်။ ယနေ့ ရုံးမှာ ့့့့့ က ဆရာဝန်အချို့ကိုခေါ်ပြီး ယခင်စစ်ထားတဲ့အဖြေကို ပြောပြရှင်းပြပါတယ်။ အဲ့ဒီမှာ ပထမဆရာတယောက်က သားအိမ်မှာ အလုံးတွေ့တာကို အိုဂျီနဲ့ပြဖို့ပြောပါတယ်။ ဆရာမတယောက်ကို ထပ်မေးတော့ ဘာမှမဖြစ်ဘူးလို့ ပြောပါတယ်ဆရာ။ ဆေးစာများကို တွဲပေးထားပါတယ်ဆရာ။


၆။ ဆရာရှင့် အသက်က ၂၇ နှစ်ပါ။ ့့့့့ မှာနေပါတယ်။ အိမ်ထောင်ကျတာ ၂ နှစ်ရှိပါပြီ။ သားသမီးမရသေးပါဘူး။ အိမ်ထောင်ကျပြီးပြီးချင်း Marvelon တားဆေးသောက်ပါတယ် ၈ လပြည့်တော့ကလေးလိုချင်လို့ရပ်လိုက်ပါတယ် ဒါပေမယ့်ကလေးမရပါဘူး။ ဒီရက်ပိုင်းမှဗိုက်အောင့်လို့ ultrasound ရိုက်တော့ သားအိမ်ထဲမှာအလုံးတွေ့ပါတယ် ဘယ်လိုကုသမှုမျိုးနဲ့ ကောင်းကျိုးဆိုးကျိုးများကို ကျေးဇူးပြုပြီးဖြေကြားပေးစေလိုပါတယ်။


သားအိမ်အလုံး၊ သားအိမ်အကျိတ်ဆိုတာကို ရောဂါဗေဒအရ Leiomyoma ခေါ်တယ်။ မြန်မာပြည်မှာ Myoma လို့ခေါ်တာ များတယ်။ အမေရိကမှာ Fibroid ခေါ်ကြတယ်။ အတူတူပါပဲ။ အရွယ်အစားငယ်သေးတာကို Uterine cyst သားအိမ်ရေအိတ်လို့လည်းခေါ်တယ်။ ကင်ဆာမဟုတ်တဲ့ အလုံးအကျိတ်ဖြစ်တယ်။ ကလေးမရတာ ဖြစ်စေနိုင်တယ်။ တလုံးတည်းရော အများကြီးပါ ဖြစ်နေနိုင်တယ်။ အရွယ်အစားလဲ သေးသေးလေးကနေ ကိုယ်ဝန်ဆောင်နေသလား အောက်မေ့ရလောက်အောင် ကြီးနိုင်တယ်။ မျိုးပွါးလို့အကောင်းဆုံးအရွယ်မှာ အိမ်ထောင်မကျသေးသူ၊ အိမ်တောင်ပြုလည်း သားသမီး မယူသေး-မရသေးသူတွေမှာ အဖြစ်များတယ်။ အသက် ၅ဝ ကျော်လာရင် ရဝ-၈ဝ% ရှိကြတယ်။ ပုံမှန်ကိုယ်လက်လေ့ကျင့်ခန်း လုပ်နေသူတွေမှာ သားအိမ်အလုံး အဖြစ်နည်းတယ်။ လူကဝနေရင်လဲ ပိုဖြစ်နိုင်တယ်။


ရောဂါလက္ခဏာတွေ

ဖိအားသက်ရောက်ခြင်း၊ တချို့မှာ အထဲမှာ ရှိနေပေမဲ့ ရှိလို့ရှိမှန်းမသိဘူး။ တချို့မှာ အလုံးကနေ ဖိနေလို့ ခံစားရတာတွေ ရှိနိုင်တယ်။ ဆီးအိမ်ကို ဖိနေရင် ဆီးခဏခဏ သွားချင်နေမယ်။ အစာဟောင်းအိမ်ကို ဖိနေရင် ဝမ်းချုပ်တာ၊ အဲဒီနေရာက နာတာတွေ ဖြစ်နိုင်တယ်။ ခါးနာနိုင်တယ်။ သိပ်ကြီးလာရင် အစာအိမ်ကိုဖိမယ်။


ရာသီမမှန်ဖြစ်ခြင်း၊ လူတိုင်းမဟုတ်ပါ။ အလုံးက သားအိမ်ရဲ့ အတွင်းဆုံး အလွာမှာ ကပ်နေလို့ အတွင်းဆုံး မျက်နှာပြင် ဧရိယာ ကျယ်နေရင် ရာသီဆင်းစရာ နေရာ ပိုကျယ်နေလို့ ရာသီဆင်းတာ များမယ်။ အလုံးက အပြင်နေရာမှာဆိုရင် ကြီးပေ-များပေမဲ့ ရာသီကပုံမှန်ဖြစ်မယ်။


Endometriosis သားအိမ်ရောဂါတခုနဲ့ ခွဲခြားရမယ်။ သားအိမ်ရဲ့ အတွင်းဆုံးအလွှာက တစ်ရှူးတွေ တခြားနေရာတွေမှာ ရောက်နေတာကို ခေါ်တယ်။ ရာသီလာချိန်မှာ သူများထက်ပိုနာသူတွေ ဒီရောဂါ ၂ ခုထဲက တခုရှိနေနိုင်တယ်။


ဘာလို့ဖြစ်သလဲ မသိကြပါ။ အီစထိုဂျင်နဲ့ ပရိုဂျက်စတီရုန်းဟော်မုန်းတွေကိုဘဲ ထင်ကြေးပေးတယ်။ အပျိုဖြစ်စောသူတွေ အဖြစ်များတယ်။ ကျွန်တော့် ကိုယ်တွေလေ့လာမှုမှာ အပျိုကြီးတွေ၊ အိမ်ထောင်ကျပေမဲ့ ကလေး မရသေးသူတွေမှာ ပိုဖြစ်တာကို အမေရိကန် ဆရာဝန်တွေကတော့ အဲလိုထောက်ပြတာ မတွေ့ရပါ။


အမျိုးအစားတွေ

- Intramural fibroids အများဆုံးတွေ့ရတယ်။ သားအိမ်နံရံထဲမှာဖြစ်တယ်။ ကြီးတာများတယ်။

- Subserosal fibroids သားအိမ်အဖုံးလွှာ အောက်နားမှာဖြစ်တယ်။ ရာသီပုံမှန်သာဖြစ်တယ်။ အထဲမှာ ကိုယ်ဝန်ယူလဲ စိုးရိမ်စရာနည်းတယ်။ ရှေ့ကဆီးအိမ်၊ နောက်က အစာဟောင်းအိမ်တွေအပေါ် ဖိအားသက်ရောက်တာ ခံရနိုင်တယ်။

- Submucosal fibroids သားအိမ်အတွင်းဆုံးလွှာ အောက်နားမှာဖြစ်တယ်။ ရာသီများမယ်။ ဒီအကြောင်း သပ်သပ်ရေးထားပါတယ်။

- Pedunculated fibroids သားအိမ်အပြင်ဘက်မှာ အညှာလိုရှိနေတာမျိုး။


ဘယ်လိုလူမျိုးတွေမှာဖြစ်သလဲ၊ အသက် ၃ဝ-၄ဝ ကြားအဖြစ်များတယ်။ အသားမည်းတွေက အဖြူမတွေထက် အဖြစ်များတယ်။ အသက်ငယ်တုံးဖြစ်ရင် အလုံးကြီးလာတာမြန်တယ်။ မိသားစု-ဆွေမျိုးတဲမှာ တယောက်မက ဖြစ်တတ်တယ်။


ကိုယ်ဝန်ဆောင်ရင် ဒီရောဂါရှိနေပေမဲ့ ကိုယ်ဝန်ဆောင်တာကို သက်ရောက်မှုမရှိပါ။ ဒါပေမဲ့ သတိထားစရာတွေရှိတယ်။ ကိုယ်ဝန်ယူမလား၊ မွေးလမ်းကနေမွေးလို့ ရသလား၊ ကိုယ်ဝန်မဆောင်ခင် ခွဲမလား၊ တယောက်နဲ့တယောက်မှာ အခြေအနေခြင်း မတူပါ။ ဗိုက်ကိုလက်နဲ့ စမ်းရင် တချို့အလုံးကို စမ်းလို့ရတယ်။ Ultrasound ရိုက်ရင် သေချာတယ်။


ဘာတွေဆက်ဖြစ်နိုင်သလဲ

သွေးအားနည်းနိုင်တယ်။ ရာသီဆင်းတာ သူများထက်များလို့ ကြာတော့ သွေးအာနည်းလာမယ်။ အဆိုးကြီး မဟုတ်ပါ။ သားအိမ်အလုံးရှိလို့ ရာသီဆင်းတာ များသူတွေမှာ သွေးအားနည်းလာမယ်။ လူက မောပန်းပြီး ဖြူဖတ်ဖြူရော် ဖြစ်နေမယ်။ အသက်ရှူမဝဖြစ်မယ်။ အသား-ငါး၊ စိုစိမ်းတဲ့ အသီးအရွက်တွေ စားပေးသင့်တယ်။ သံဓါတ်အားဆေး အမြဲသောက်နေရမယ်။


ဘယ်လိုကုသသလဲ

နာရင် အနာသက်သာဆေးပေးမယ်။ Ibuprofen ဒါမှမဟုတ် Naproxen ဆေးသောက်ပါ။ ကိုယ်ဝန်တားဆေး တချို့ကို ပေးနိုင်တယ်။ ရာသီဆင်းတာနည်းစေမယ်။ နာတာသက်သာစေမယ်။ Gonadotropin-releasing hormone (GnRH) agonists ဆေးပေးရင် ရာသီမလာဘဲနေမယ်။ ခံစားရတာတွေ သက်သာစေမယ်။ အလုံးလဲ သေးနိုင်တယ်။ Estrogen နည်းစေလို့ အရိုးအားနည်းတာ၊ မျက်နှာနီမြန်းတာ၊ (ဗဂျိုင်းနား) ခြောက်နေတာတွေ ဖြစ်စေနိုင်တယ်။ ဆေးဖြတ်ရင် ပြန်ကြီးလာမှာမို့ မခွဲခင်ဆေးပေးနည်း အနေနဲ့သာ သုံးတယ်။


Surgery ခွဲစိတ်ကုသနည်း

Myomectomy အများဆုံးသုံးနဲ့ အကောင်းဆုံးနည်းဖြစ်တယ်။ အလုံးကြီးရင် ဗိုက်ခွဲပြီး ထုတ်တယ်။ သေးရင် ကရိယာနဲ့ ထုတ်နိုင်တယ်။ တချို့ပြန်ဖြစ်တယ်။ ခွဲစိတ်လို့ ကလေးမရတာ မဖြစ်တတ်ပါ။ အသက်အရ သားအိမ်ပါ ထုတ်ပြစ်နိုင်တယ်။


Embolization (အင်ဘော်လိုက်ဇေးရှင်း) နည်း

အနည်းအကျဉ်းနဲ့ အတော်အသင့် ခံစားရသူတွေကို လုပ်ပေးနိုင်တယ်။ သားအိမ်သွေးလွှတ်ကြောထဲ ပိုက်ကလေး သွင်းပြီး Plastic or Gelatin သေးသေးလေးတွေ ထိုးပေးတယ်။


အာလ်ထွာဆောင်းဆိုတာ အသံလှိုင်းထုတ်ပေးတဲ့ စက်ပါဘဲ။ လူ့နား မကြားနိုင်လောက်အောင် အသံလှိုင်းက မြင့်တယ်။ လူတယောက်နဲ့ တယောက် အသံတခုကို ကြားနိုင်စွမ်း နဲနဲစီကွဲပေမဲ့ ပျမ်းမျှ 20,000 Hz ကို ကြားနိုင်စွမ်းရှိတယ်။ ဆေးကုနည်းအနေနဲ့ သုံးတာကို High-Intensity Focused Ultrasound (HIFU) ခေါ်တယ်။ ရောဂါရှာဖွေတာအတွက် 1 to 5 MHz သုံးပြီး၊ Therapeutic ultrasound ကုသတာအတွက် 0.7 to 3.3 MHz သုံးတယ်။ Lithotripsy ကျောက်ကပ်-ကျောက်၊ သည်းခြေ-ကျောက်၊ Targeted ultrasound drug delivery ဆေးထည့်ပေးခြင်း၊ Ultrasound hemostasis သွေးတိတ်စေခြင်း၊ Ultrasound assisted thrombolysis သွေးခဲဖျက်ပေးခြင်း တွေအတွက် သုံးလေ့ရှိတယ်။ Fibroids ကိုလဲသုံးနိုင်တယ်။ ရေရှည်အကျိုး စမ်းနေတုံးဘဲ။ မသေခြာလို့ ကိုယ်ဝန် လိုချင်သေးသူတွေကို မသုံးဘူး။


Dr. တင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ