Aba အဘရောဂါ
အကို၊ ဦးလေး၊ အဘ၊ ဘဘလို့အခေါ်ခံရတာနဲ့ ကိုယ်ကိုယ်ကို သားလို့၊ သမီးလို့ရေးတာတွေဟာ ကျွန်တော့်အတွက်တော့ အခက်အခဲတွေ ဖြစ်စေပါတယ်။ အဘဆိုတာ စစ်အစိုးရထဲကလူကြီးတွေကို ခေါ်ကြတယ်တဲ့။ နိုင်ငံရေးလုပ်သူတွေကို ဖမ်းဆီးနှိပ်စက်၊ ထောင်ချခဲ့သူကိုယ်တိုင်က ထောင်ကနေလွတ်လာတော့ သူ့ကိုယ်သူ အဘတဲ့။ အဘလို့ရေးတာ မသတီပါ။
ကိုယ့်ကိုယ်ကို သားလို့ရေးရင် ရေးတဲ့သူလား၊ သူ့သားလား စဉ်းစားရတယ်။ သမီးလို့ ရေးရင် ရေးတဲ့သူလား၊ သူ့သမီးလား၊ သမီးရဲ့သမီးဆိုရင် သူ့ မြေးမလေးလား စဉ်းစားရတယ်။ သားကောင်မလေးလို့ရေးတော့ ရေးတဲ့သူရဲ့ သားမက်လား။ ကိုယ့်နာမည် အဖျားဆွတ်ခေါ်တာလည်း အတော်ခေါင်းရှုပ်ရတယ်။ ငယ်ချင်လို့ပြောတာ မဟုတ်ပါ။ ကျွန်တော့်ပရိုဖိုင်းလ်မှာ အသက်မှန်အတိုင်း ရေးထားပါတယ်။
တခြားသူတွေနဲ့ ဆက်ဆံတာကို ပြောရန်မရှိပါ။ ကျွန်တော့်ဆီစာရေးရင်သာ နားလည်းရခက်တာနဲ့ လူတွေကို သတ်ဖြတ် ထောင်ချ နှိပ်စက်သူတွေကိုသာခေါ်တဲ့ အဘအသုံး မသုံးဘို့စည်းကမ်းလုပ်ထားတာဖြစ်ပါတယ်။ ခေါ်နေကျအတိုင်း မပြင်လိုသူတွေကလည်း တခြားဆရာဝန်တွေကို မေးနိုင်ကြပါတယ်။ ဆောရီး။
အဘခေတ် ကျဆုံးပါစေ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment