ရွာကျက်သရေ
ရွာကျက်သရေထဲက ဆရာစောကျောင်း
ဆရာတင်မိုး အတုခိုးပြောရရင် ကျွန်တော်ငယ်စဉ်က လင်ကွန်း၊ ကြီးလာတော့ ပခန်းကျောင်းနဲ့ ရွှေကျောင်း။ အခုရေးနေရတာ မြန်မာစာ၊ ဆရာစောကျောင်းက သင်ပေးလိုက်တာ။ သတ်ပုံလည်း မပြောင်းပါ။
ကွန်မင့်တခု = ဆရာစောကျောင်းမှာ အရိုက်ခံခဲ့ရသူများထဲ ကျွန်တော်လည်းပါ။
ရွာကျက်သရေ
ကကြီး ရရစ် ကသတ် ကြက်၊ ကကြီးရရစ် ငသတ် ကြင်။ နှစ်တလီ နှစ်၊ နှစ်နှစ်လီ လေး၊ နှစ်သုံးလီ ခြောက်။
ထိုအသံများ၏ပိုင်ရှင် ကျောင်းသားကျောင်းသူကလေးတို့ စုဝေးရာ ရွာကျောင်းကား ဒိစတြိတ်ကောင်စီ၏ အထောက်အပံ့ခံ ကျောင်း မဟုတ်။ အစိုးရမင်းက အသိအမှတ်ပြုသော ကျောင်းလည်းမဟုတ်၊ အမျိုးသားပညာရေးအဖွဲ့က အားပေးသော ကျောင်းလည်းမဟုတ်ပေ။ ထိုကျောင်းသားကျောင်းသူကလေးများက တယောက်လျှင် တနှစ်အတွက် စပါးသုံးတင်းမျှသော အထောက်အပ့ံကိုသာခံယူကာ တည်ထောင်ထားသောကျောင်းဖြစ်လေသည်။ ဤသို့ ကျောင်းသားကလေးများ၊ ကျောင်းသူကလေးများမှတပါး အခြားမည်သူ၏ အထောက်အပံ့ကိုမျှခံယူသောကျောင်း မဟုတ်သောကြောင့် ပညာအုပ်၊ ပညာဝန်ထောက်၊ ပညာဝန်၊ ဒိစတြိတ်ကောင်စီလူကြီးမင်းတို့၏ စစ်ဆေးခြင်းမှ လုံးလုံးကင်း၏။
ထိုကျောင်းကို အုပ်ချုပ်ကာ မင်းလုပ်နေသော ဆရာစောပင် ပညာဝန်၊ သူပင် ပညာမင်းကြီး၊ သူပင် ပညာရေး အမတ်ချုပ်ကြီးဖြစ်လေသည်။ နွေအခါ မေမြို့၌ ရုံးစိုက်၍ မိုးအခါ ရန်ကုန်မြို့တွင် ရုံးစိုက်တော်မူသော ပညာရေး အမတ်ချုပ်ကြီးထက်ပင် ဆရာစောမှာ လွတ်လပ်ခွင့်ရသေး၏ ပညာရေးအမတ်ချုပ်ကြီးမှာ မင်းတိုင်ပင်အမတ်တို့၏ အမေးများကို ဖြေကြားရလေသည်။ ကုက္ကိုဝရွာ ဆရာစောကား မည်သူ၏အမေးကိုမျှ ဖြေကြားရန်မလို။ မိမိစိတ်ထင်တိုင် သင်ကြားနိုင်သော ဂုဏ်ထူးရှိ၏။ မိမိ သင်ကြားလိုသော စာပေတို့ကို သင်ကြားနိုင်၏။ မိမိကျောင်းလွှတ်ချင်သော အချိန်တွင် လွှတ်နိုင်၏။ မိမိကျောင်းပိတ်ချင်သော အချိန်တွင် ပိတ်ထားနိုင်၏။ သူ့အား မည်သူကမျှလာ၍ ဒုက္ခမပေးနိုင်။ ပညာအုပ်မင်းများ လာလျှင် ဆင်းကြိုရသော ဒုက္ခ၊ သူတို့အတွက် လှည်းတို့၊ လှေတို့ကို စီမံပေးရသော ဒုက္ခမျိုးမှလည်း လုံးလုံးကင်းပေ၏။
ကျောင်း၏ ပုံပန်းကို အနည်းငယ် ရေးပါရစေဦး။ ဆရာစော၏ ကျောင်းမှာ ဓနိကာ၊ ဓနိမိုး၊ ဝါးလုံးတိုင်၊ ဝါးလုံးကြမ်းခင်း၊ ပြတင်းပေါက် နှစ်ပေါက်၊ တံခါးပေါက် နှစ်ပေါက်မျှသာရှိလေသည်။ ဤမျှနှင့် ကျောင်း၏ပုံပန်း ပေါ်လောက်ပြီ။
ဆရာစောကား အထက်သား ဇာတိ၊ ဘုန်းကြီးလူထွက် ဖြစ်လေသည်။ မည်သည့်မြို့၊ မည်သည့်အရပ်မှ ရောက်လာသည် ဟူ၍ကား မည်သူမျှ မပြောပြနိုင်။ ရဟန်းဘဝက မည်သည့်စာအထိ ပေါက်ခဲ့သည်ဟူ၍လည်း မည်သူမျှ မသိ။ ဆရာစော၏ အပြောအဆိုအတိုင်းကား သင်ရိုးပေါက်ခဲ့သူ တယောက် ဖြစ်လေသည်။ ရဟန်းဘဝတွင် မပျော်ပိုက်၍ လူထွက်ရသည် မဟုတ်။ ဝိနည်းအတိုင်း မကျင့်နိုင်သောကြောင့်သာ လူထွက်၍လာရခြင်း ဖြစ်လေသည်။
ဆရာစော၏ပုံပန်းကား အသားနက်နက်၊ မျက်လုံးကျယ်ကျယ်၊ နှုတ်ခမ်းတွဲတွဲ၊ နှာတံကောက်ကောက်။ သို့သော် ကြောက်စရာကား မကောင်းပေ။ တထွာခန့်ရှည်သော ဆံတိုများကို သိမ်းရုံးကာ မျက်နှာသုတ်ပဝါဖြင့် ပေါင်း၍ထား၏။ အကျင်္ီကား မရှိ။ လုံကွင်းမှာ လက်နှီးရောင်၊ ဖာထေးရာတွေမှာ အနန္တ၊ အောက်ဘက်အစတွင် အကွဲကနှစ်ကွဲ၊ လက်ထဲတွင်ကား ကြိမ်လုံးတလုံးကို ကိုင်လျက်။ ပါးစပ်ကမူ ဆေးတံကြီးကို ခဲထားလေသည်။ ထိုဆေးတံမှာ အရိုးကျိုးနေပေပြီ။ သစ်မရှိခင်စပ်ကြား ဝါးပေါင်:ကွပ်ဆိုသော စကားနှင့်အညီ ကျိုး၍သွားသော သစ်သားရိုး၏ နေရာတွင် ဝါးပိုးကိုတပ်၍ထား၏။
ဆရာစော၏ ကျောင်းသားကျောင်းသူတို့ကား ဆရာကတော်ကြီးရောင်းသော ပဲလှော်အပြင် မည်သည့် မုန့်ကိုမှ ဝယ်စားခြင်းမပြုရ။ ကျောင်းသားများနှင့် သင့်လျော်လေအောင် အထူးစီမံထားသော ပဲလှော်ဖြစ်လေသည်။ (ဤကား ဆရာကတော်ကြီး၏ အဆိုတည်း) ဆရာကတော်ကြီး ပဲလှော်နေခိုက် မြစိန်က ထမင်းအိုးတည်၏။ သန်းမြက ငါးလုပ်၏။ မယ်သင်က ကင်ပွန်းရွက်ခြွေ၏။ သူတို့သုံးယောက်ကား သင်ပုန်းကြီးကိုပင် ကုန်အောင်မသင်ကြရသေး။ သို့သော် ဆရာက တော်ကြီး၏ အချစ်တော်များ ဖြစ်ကြလေသည်။ ဆရာကတော်ကြီး၏ အချစ်တော်ဆိုလျှင် ဆရာစော၏အချစ် တော်လည်း ဖြစ်ရပေမည်။ ဆရာစောနှင့် ဆရာကတော်မှာ နှစ်ကိုယ့်တစိတ်ဖြစ်သောကြောင့်ပေတည်း။ ဆရာကတော်ကြီး၏ အလိုအားဖြင့် မိန်းကလေးတို့မည်သည်မှာ စာတတ်ရန်မလို။ စာတတ်လျှင် ရည်းစားထားလေ့ရှိကြကုန်၏။ ကကြီးခခွေးနှင့် ဘုရားရှိခိုးတတ်လျှင်တော်ပြီ။ မိမိမှာ ဆရာကတော်ပင်ဖြစ်စေကာမူ စာဖတ်၍မတတ်။
မိန်းကလေးဟူက အချက်အပြုတ်တတ်ရမည်၊ အချက်အပြုတ်မတတ်ပါက ရှက်စရာကောင်းလေသည်။ ထို့ကြောင့် မိမိ၏အချစ်တော် မယ်သင်၊ သန်းမြ၊ မြစိန်တို့အား ချက်ပြုတ်နည်း အမျိုးစုံအောင် သင်ကြားပြသ လျက် နေလေသည်။ ဆရာကတော်ကြီး၏ လုံ့လကြောင့် မြစိန်တို့သုံးယောက်မှာ ထမင်းချက်လည်း တတ်ကြလေပြီ။ ချဉ်ပေါင်ဟင်း၊ ကင်ပွန်းရွက်ဟင်း၊ ကန်စွန်းရွက်ဟင်းချက်နည်းတို့ကိုလည်း တတ်ကြလေပြီ။ ကြက်သား၊ ဘဲသား၊ ဝက်သား ဟင်းချက်နည်းတို့ကိုကား မသင်ကြားရသေးချေ။ ဆရာတော်ကလည်း မချက်တတ်သောကြောင့်မဟုတ်ပါ။ ကြက်သား၊ ဘဲသား၊ ဝက်သားတို့ကို မဝယ်နိုင်သောကြောင့်သာ မသင်ကြားရခြင်း ဖြစ်လေသည်။
ကျောင်းသားများကိုကြည့်ကာ ဒီကျောင်းဆရာ သင်ပုံမျိုးနဲ့ ကျောင်းသားတွေ စာမှတတ်ပါ့ မလား သူကြီးမင်းဟု မောင်လူအေးက သူကြီးမင်းဦးဖိုးထုံအားမေး၏။ တတ်သင့်သလောက်တော့ တတ်တာပါပဲဟု ဦးဖို:ထုံက ဖြေလေသည်။ တတ်မယ် မထင်ပါဘူးဗျာ မောင်လူအေးဆိုပြန်လေသည်။
ဤသို့မှတ်ချက်ချသော မောင်လူအေးမှာ မိမိငယ်စဉ်က ဤကျောင်းမျိုးမှာပင် ပညာသင်ကြားပြီးနောက် တစတစ တိုးတက်ကာ ယခုအခြေအနေသို့ ရောက်နေသည်ကို အမှတ်ရဟန်မတူ။ နောင်နှစ်ပေါင်း လေးဆယ် ငါးဆယ်ခန့် ကြာလျှင် ဤရွာကျောင်းမှာပင် မြန်မာပြည်သမ္မတ ထွက်ချင် ထွက်နေမည်ကိုလည်း စဉ်းစားမိပုံမပေါ်။ ။
၁၉၃၃ ခုနှစ် ဇူလိုင်လထုတ် ဒဂုန်မဂ္ဂဇင်းမှာ ပါတယ်။ ကျွန်တော့ထက် ၁၅ နှစ်အသက်ကြီးတဲ့ ခေတ်စမ်းစာ။ ၁၅ နှစ်သား ဆယ်တန်းမှာ အိုဘီကျောင်းသားတွေဆီကနေ ငှားဖတ်တယ်။ နောက် ၁၅ နှစ်ကျော်တော့ မြန်မာစာ လက်တည့်စမ်းတဲ့ သတ်ပုံခေတ်ကို ရောက်လာတယ်။ အခုထိ။
အခုချိန်မှာ သူကြီးဦးဖိုးထုံကိုမေးလျှင် တတ်သင့်သလောက် တတ်တာပါပဲဟု ဖြေပါမည်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment