ဖိုးမောင် သွားချေပြီ

ဖိုးမောင်လာနေပြီကွလို့ ပြောစရာမလို။ ရောက်နေနှင့်ကြတဲ့ အဖေါ်တွေက ကုန်းအမြင့်ပေါ်တက်လာတဲ့ ဖိုးမောင်ကို အထင်အရှားမြင်နိုင်ကြတယ်။ မှိုင်းပြာမှောင်နေတဲ့ ကောင်းကင်နောက်ခံကြောင့် ဖိုးမောင်ရဲ့ တပတ်နွမ်းရှပ်အဖြူဟာ ပိုပြီးသစ်လွင်နေတယ်။

ဖိုးဆောင်

ဒီကောင်ကွာ မိန်းမ မရှိတော့ ပေါ့ပါးနေလိုက်တာ။ ငါ့မှာတော့ ဗိုက်တလုံးနဲ့မိန်းမကို ထားခဲ့ရတာ ဗိုက်သုံးလုံးစာ အတွက်မို့သာ။ အဲတာနဲ့ အရင်လူတွေနဲ့လိုက်ဘို့ရာ အထမမြောက်ခဲ့ဘူး။ အခုတောင် အိမ်ပြန်ရကောင်းမလား စဉ်းစားနေသူက ဖိုးဆောင်။

ဖိုးအောင်

ဖိုးမောင် မင့်မှာ ယူစရာတွေ စုံရဲ့လား။ ဓါတ်ပုံရိုက်ခဲ့တယ်နော်။ ပတ်စပို့ဆိုက်။ သူကြီးဆီက စာကောပါလား။ ငွေကတော့ လုံလောက်အောင် မပါလို့ကမဖြစ်။ တို့အားလုံး အတူတူနဲ့ အနူနူချည်းပဲကွ။ စေ့စပ်ပြီး စာရင်းဇယားတွက်ချက်တာမှာ အထုံပါတဲ့ ဖိုးအောင်က လှမ်းပြောလိုက်တယ်။

ဖိုးထောင်

သူတို့ထဲ စာဖတ်အများဆုံး ဖိုးထောင်ကတော့ သူဖတ်ဖူးတဲ့ ရွက်ဝါတောမှာ လမ်းနှစ်သွယ်ဆိုတဲ့ ဘာသာပြန်ကဗျာကို အမှတ်ရနေတယ်။ ကဗျာထဲက ခရီးသည်ဟာ လမ်းနှစ်သွယ်မှာ လူသွားလူလာနည်းတဲ့လမ်းကို ရွေးခဲ့တယ်။ သူရွေးတဲ့ လမ်းတလျှောက် အရိပ်အောက်မှာ ခိုနားတယ်။ ပူလောင်တာကို ရင်ဆိုင်ရတယ်။ လေပြင်းနဲ့တွေ့ရတယ်။ သားကောင်တွေ ရန်ကနေလည်း အသက်လုပြေးရတယ်။ ဒါပေမယ့် နောက်ပြန်လှည့်ပြီး သူမရွေးခဲတဲ့လမ်းက ပိုကောင်းမလား စဉ်းစားမိတာကို ချိုးနှိမ်ထားနိုင်ခဲ့တယ်။

ဖိုးမောင်ကတော့ တခြားကောင်တွေလိုမဟုတ်။ အမေ့သံယောဇဉ်သာရှိတဲ့သူ။ ပညာကလည်း မတောက်မခေါက်။ ရပ်ရေး ရွာရေးမှာတော့ လက်မနှေးသူ။ ဘုန်းကြီးကို ကန်တော့နှုတ်ဆက်ပြီးပြီ။ ဗလာစာရွက်ပေါ်မှာ ဆရာတော်ရေးပေးလိုက်တဲ့ မင်္ဂလသုတ်တပိုဒ်ကို ပါဠိလိုနဲ့ ဘာသာပြန်အနက်ပါ အသေအချာထည့်လာခဲ့တယ်။ အဲတာကို သူရွတ်ကြည့်နေတယ်။ သူတို့သွားကြတော့မယ့်နိုင်ငံမှာ ဘာသာခြားတွေလို့ သိထားပြီးသားမို့ အားကိုးစရာ တခါတည်းယူလာခဲ့တယ်။

လူစုံချိန်မှာတော့ ကောင်းကင်က ပိုပြီးမည်းနက်လာတယ်။ မိုးရွာချတော့မယ်။ လေကလည်း ပိုတိုက်လာတယ်။ သည်မိုးနဲ့ သည်လေကို သူတို့တတွေ နောင်ဘယ်တော့မှာ ပြန်တွေ့ကြမလဲ။ ဖိုးဆောင်ကတော့ တနှစ်အလွန်ဆုံး။ ဖိုးထောင်ကတော့ မပြောတတ်သေး။ ဖိုးအောင်ကတော့ သူရောက်တဲ့ဆီကနေ ယူအက်စ်အေဆက်ဘို့ အကွက်ချပြီးသား။ ဖိုးမောင်ကတော့ အမေ့စကားပဲ နားထောင်မယ်။

တူမလေးက

ဖိုးမောင်အမေ့ဆီ အလည်ရောက်လာတယ်။ ဖိုးမောင်တို့သွားကြပြီ ခွေးမရေ ့့့

ဂျွန်းစစ်သည်တွေကိုတိုက်ဘို့ လွှတ်လိုက်တဲ့ စစ်သည်လေးသိန်းနဲ့ညီတဲ့ ပုဂံလူစွမ်းကောင်းတွေလိုပဲ။ တောသား လေးယောက်တို့ဟာ ပြည်ပထွက် အလုပ်လုပ်ကြရတဲ့ မြန်မာ့ပြည်က လူလေးသန်းနဲ့တူတယ်။ ကျွန်တော် သူတို့နဲ့အတူ နေရတာ နှစ် ၃၀ ရှိပြီ။ 

လွန်ခဲ့တဲ့ ၂ နှစ်တိတိက အခုနေထိုင်ရတဲ့မြို့ကနေ တခြားမြို့ကိုအသွား လမ်းမှာ အုံ့အုံ့ဆိုုင်းဆိုင်း သစ်တောလေးတွေ၊ နိမ့်ချီမြင့်ချီ တောင်ကုန်းလေးတွေကို မြင်တွေခဲ့ရစဉ်က ဒီစာကို ရေးပါတယ်။

ဒေါက်တာတင့်ဆွေ

၁-၆-၂၀၁၇

၁-၆-၂၀၂၁


Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Colorectal cancer အူမကြီး ကင်ဆာ

Daflon 500 mg လိပ်ခေါင်းဆေး