G6PD မွေးရာပါရောဂါ အမေး-အဖြေ

၁။ ဆရာရှင့် ကျမရဲ့ ညီမလေးမှ မွေးသောကလေး၏ကျန်းမာရေးနှင့်ပတ်သတ်ပြီး မေးမြန်းလိုပါသည်။ လူနာရှင် ကလေး မိခင်အသက်၂၅ နှစ်မှ ဗဟိုအမျိုးသမီးဆေးရုံတွင် သားယောက်ျားလေးကို ( - ) နေ့မှာ မွေးဖွားခဲ့ပါသည်။ မွေးဖွားမည့်ရက်ထက် ၃ ပတ်စောပြီး  မွေးဖွားခြင်းဖြစ်ပါသည်။ ရိုးရိုးမွေးဖွားခြင်းဖြစ်ပါသည်။ ကလေးမှာ မွေးဖွား ပြီးပြီးချင်း အသားဝါပြီး G6PD ရောဂါ ဖြစ်သောကြောင့် မီးပြရပါသည်။ အစားအသောက်ဆောင်ရန်ရှောင်ရန် နှင့်ပတ်သတ်သည့်
စာရွက်လာပေးပါသည်။ အီးမေးလ်တွင် တွဲပေးလိုက်ပါသည်။ ကလေးမှာ အသံထွက်ငိုနည်းပြီး အသံသေးသေးနှင့်သာ အော်ပြီး အလွန်မှိန်းပါသည်။ နို့အနည်းငယ်သာစို့ပြီး တနေ့သေး ၂ ကြိမ်သာ ပေါက်ပါသည်။ သာမန်ထက်ပိုပြီး မှိန်းအိပ်နေသောကြောင့် အာရုံကြောများကို စိုးရိမ်မိပါသည်။ ဆေးရုံမှာ ဆရာဝန်မများမှ ခေါ်ယူပြီး G6PD ရောဂါနှင့် ပတ်သတ်ပြီး ဆောင်ရန်ရှောင်ရန်များနှင့် ကလေးမှာ တသက်တာ ဦးနှောက်အာရုံကြော မကောင်းဖြစ်နိုင်သည်ဟု သတိပေးပြောကြားခံရသဖြင့် စိတ်မကောင်းဖြစ်ရပါသည်။ သို့ပါသဖြင့် လူနာရှင်ကလေးကို မည်ကဲ့သို့ ပြုစု စောင့်ရှောက်ရမည်နည်းနှင့် ကလေးကျန်းမာရေးနှင့်ပတ်သတ်ပြီး ထိုရောဂါ G6PD နှင့် ပတ်သတ်ပြီး ဗဟုသုတရရန် ရှင်းပြပေးစေလိုပါသည်။ ကျေးဇူးတင်ပါတယ်ဆရာ။ ကျန်းမာပါစေ ချမ်းသာပါစေ။
ရရစ်မပါတဲ့ ပြီ (၈) လုံးကို ပြင်လိုက်ပါတယ်။ ဆောရီး။ ဆို့ပီးမဟုတ် စို့ပြီးလို့ရေးရ။ တစ်သက်သာမဟုတ် တသက်တာလို့ ရေးရ။ မကောင်းဖစ်မဟုတ် မကောင်းဖြစ်လို့ရေးရ။
၂။ G6PD အကြောင်း သိချင်တာနဲ့ ဆရာတင်ထားတာတွေ့ရလို့ကျေးဇူးတင်ပါတယ်ဆရာ။ ကျမနားမလည်တာရှိလို့ မေးပါရစေ။ G6PD ကမွေးရာပါလို့ပြောတဲ့အတွက် ကုရင်ပျောက်နိုင်ပါသလား။ ဘယ်အစားအစာတွေရှောင်ပေးရမလဲ။ G6PD ရှိတဲ့လူနာကို Quinine ငှက်ဖျားဆေး ထိုးလိုက်တဲ့အခါမှာ ဆီးသွားရင်သွေးတွေနှင့် အသားစတွေပါလာတာ ကျောက်ကပ်ကိုထိခိုက်နိုင်ပါသလား။ အဘယ်ကြောင့် ဆီးတွင်သွေးနှင့်အသားစပါလာသလဲ့။ မည်သို့ နေထိုင် စားသောက်ရမည်နည်း။
၃။ ကျမသားက G6PD မွေးပြီးသွေးလဲထားရပါတယ်။ ဘယ်ချိန်ပျောက်ကင်းနိုင်ပါသလဲ။ အခု သူအသက် ၆ နှစ်ကျော်ပါ။ ဘယ်အချိန်သွေးပြန်စစ်ရပါမလဲ ကျေးဇူးပြုပြီးပြောပေးပါလားဆရာ။
၄။ G6PD ရှိတဲ့ကလေးတယောက်ဟာ ဘယ်လိုနေထိုင် စားသောက်ရမယ် ဆိုတာ ရှင်းပြပါဆရာ။ ဆေးတွေက ဆရာ ပို့ထားတဲ့စာနဲ့လုံလောက်ပါပြီ။ ဒီလိုကလေးဟာ ဘာရောဂါတွေ ထပ်ဖြစ်လာနိင်သေးလဲ ဆရာ။ ကျန်းမာပျော်ရွင်စွာနဲ့ရော သက်တန်းစေ့နေနိင်ပါ့မလား။ သားဦးဖြစ်ပြီး ဒီရောဂါရှိတော့ ကျွန်မရူးတော့မယ်။ မေးသမျှကို ပြန်ဖြေပေးတဲ့ဆရာကို ကျေးဇူးတင်ပါတယ်။
၅။ ဆရာခင်ဗျား ကျွန်တော့်သမီးလေးက 22-4-2015 မှာမွေးပါတယ်။ ကလေးက G6PD ဖြစ်နေတယ်ပြောပါတယ်။ ဆရာ့ ဆောင်းပါးဖတ်ကြည့်ထားလို့ paracetamol နဲ့မတည့်ဘူးလို့သိရပါတယ်။ ကျွန်တော်တို့ကနယ်မှာနေတော့ ကလေး နေမကောင်းဖြစ်ရင် ရန်ကုန်မလာခင် ဘာဆေးတိုက်ထားရမလဲလို့ ကလေးအထူးကုကိုမေးတော့ paracetamol အရည်တိုက်ဖို့ပြောပါတယ်။ G6PD ကလေးမို့တိုက်လို့ရပါ့မလားမေးတော့ အဲဒါမတိုက်ရင် ဘာတိုက်ရမလဲလို့ ပြန်ပြောပါတယ်။ ဘာဆေးများသင့်တော်မလဲဆိုတာ ညွှန်ကြားပေးပါခင်ဗျာ။ ကျေးဇူးအထူးတင်ပါတယ်ဆရာ။
သမီးလေးနဖူးနဲ့ မျက်ခွံမှာလည်း အနီကွက်တွေပါလာတာ ရောဂါနဲ့ဆက်စပ်မှုရှိပါသလားဆရာ။
မွေးကတည်းက G6PD အင်ဇိုင်းချို့ယွင်နေတဲ့ ရောဂါဖြစ်တယ်။ မိဘတဦးဦးကဖြစ်ဖြစ် ၂ ဦးလုံးကဖြစ်ဖြစ် မျိုးဗီဇ ရလာလို့ သူ့ X chromosome မှာ လာထိခိုက်တယ်။ တကမာ္ဘလုံးမှာ သန်း ၄၀၀ ဖြစ်နေတယ်။ ငှက်ဖျားရောဂါရှိတဲ့ နေရာတွေနဲ့ ဆက်စပ်နေတယ်။ များသောအားဖြင့် ကလေးတွေမှာ ဒီရောဂါရှိနေတာ မသိကြဘူး။ ကလေးငယ်ငယ်လေး ကတည်းက ဒီလိုရှိနေတာ သိသူတွေက ကံကောင်းကြပါတယ်။
G6PD enzyme testing နည်းနဲ့စမ်းရတယ်။ တခါတည်းမသေချာသေးရင် ထပ်စမ်းရမယ်။ G6PD ဆိုတာ (ကဇီဓါတ်) ကနေ အင်အားဖြစ်စေရာမှာကူညီတဲ့ အင်ဇိုင်းဖြစ်တယ်။ သွေးနီဥကို တခုခု ဖြစ်သွားစေမှာကိုလဲ သူကနေ အကာကွယ် ပေးတယ်။ G6PD နည်းနေရင် အကာကွယ် လုံလောက်အောင် မပေးနိုင်တော့ဘူး။ အဲလိုဖြစ်လာရင် ရိုးတွင်းခြင်ဆီကနေ သွေးနီဥတွေ ထုတ်ပေးနေတာက မလုံလောက်တော့တဲ့အခါ သွေးအားနည်းရောဂါ ဝင်လာမယ်။ အမျိုး ၅ ခုခွဲထားတယ်။ ဆိုးတာကနေ စတယ်။
၁။ သွေးအားနည်းနေပြီး ၁၀% အောက်မှာသာ အလုပ်လုပ်နိုင်သူ။
၂။ သွေးအားနည်းတာ ဖြစ်လိုက်-သက်သာလိုက်နဲ့ ၁၀% အောက်မှာသာ အလုပ်လုပ်နိုင်သူ။
၃။ သွေးအားနည်းတာ တခါတလေသာ ဖြစ်ပြီး ၁၀-၆၀% အလုပ်လုပ်နိုင်သူ။
၄။ လက္ခဏာ မပြသေးသူ။
၅။ နေကောင်းနေသူ။
အများအားဖြင့် ဘာရောဂါလက္ခဏာမှ မပြဘဲနေတတ်တယ်။ လက္ခဏာ ပြလာသူတွေက ယောက်ျားလေးတွေသာ ဖြစ်တယ်။ မွေးကင်းစမှာ အသားဝါက ကြာရှည် ဖြစ်သူတွေက ရောဂါနဲ့ ဆက်စပ်နေတတ်တယ်။ မွေးရာပါမို့ ပျောက်အောက်တော့ ကုမရပါ။ လူကောင်းလို နေတဲ့ကလေးဟာ ခလုပ် ဆွဲဖြုတ်လိုက်သလို အခြေအနေမျိုး ရှိလာရင် ရောဂါလက္ခဏာ ပြလာမယ်။ အဲဒါတွေကတော့ -
၁။ Infection ရောဂါပိုး (ဗက်တီးရီးယား၊ ဗိုင်းရပ်စ်) ဝင်တာ၊
၂။ တချို့ဆေးဝါးများ၊ ငှက်ဖျားဆေး၊ (ဆာလ်ဖါ)၊ အနာ-အကိုက်-အဖျားသက်သာတဲ့ဆေး၊ ပိုးသေစေတဲ့ဆေးတွေ ဖြစ်တယ်။ တချို့ကလေးတွေက အဲလိုဆေးဝါး နဲနဲပေးတာကို ခံနိုင်တတ်တယ်။ တချို့က နဲနဲလေးမှ မရဘူး။
၃။ Broad beans ပဲ စားသုံးတာ။ Horse Bean, Vicia faba, Fava Bean, Field Bean, Bell Bean, Tic Bean လို့လဲ ခေါ်တယ်။
၄။ Naphthalene ပရုပ်လုံး အနံ့တောင်မှ မတည့်ပါ။
ရောဂါလက္ခဏာ ပြစေမှာတွေကို ရှောင်ကျဉ်ဖယ်ရှားလိုက်တာနဲ့ ရက်သတ္တ ၁-၂ ပါတ်အတွင်း သက်သာလာမယ်။ သိပ် မဆိုးရင် ဆေးကုစရာတောင် မလိုပါ။ သူ့ခန္ဓာကိုယ်ကနေ သွေးနီဥသစ်တွေ ထုတ်လုပ်ပေးနေလိမ့်မယ်။ ကုသရတာက ဆေးဝါးနဲ့ အစားအသောက် ဆင်ခြင်-ရှောင်ကျဉ်ရတာပါ။ ကလေးကာကွယ်ဆေး အားလုံးအပြင် အသဲရောင် အေ၊ ဘီ ကာကွယ်ဆေး ထိုးပေးရမယ်။ လိုအပ်လို့ သွေးသွင်းပေးရင် လူကောင်းလို နေနိုင်တယ်။ ကျောက်ကပ် ထိသွားချိန်မှာ Dialysis လုပ်ပေးရမယ်။ တချို့ Spleen ဘေလုံး ထုတ်ပြစ်ရနိုင်တယ်။ Folic acid, Vitamin E တွေ ပေးနိုင်တယ်။
မွေးရာပါမို့ ပျောက်အောင်တော့ ကုမရပါ။ သွေးအားနည်းနေပြီး ၁၀% အောက်မှာသာ အလုပ်လုပ်နိုင်သူ။ သွေးအား နည်းတာ ဖြစ်လိုက်-သက်သာလိုက်နဲ့ ၁၀% အောက်မှာသာ အလုပ်လုပ်နိုင်သူ။ သွေးအားနည်းတာ တခါတလေသာ ဖြစ်ပြီး ၁၀-၆၀% အလုပ်လုပ်နိုင်သူ။ လက္ခဏာ မပြသေးသူ။ နေကောင်းနေသူဆိုပြီး အမျိုးမျိုးရှိပါတယ်။
ဘာမှမဖြစ်သလိုကနေ Hemolysis သွေးနီဥတွေကို ဖျက်ဆီးလို့ Hemolytic anemia သွေးအားနည်းရောဂါ ဖြစ်လာ နိုင်တယ်။ ဖြစ်လာရင် အသားအရေ ဖြူရော်ရော်ဖြစ်လာမယ်။ မောပမ်းမယ်။ နှလုံးခုန်မြန်မယ်။ အသက်ရှူ မဝဘူး။ အသား ဝါမယ်။ ဆီးအရောင် ရင့်မယ်။ ဘေလုံး ကြီးလာမယ်။ ရောဂါလက္ခဏာ ပြစေမှာတွေကို ရှောင်ကျဉ်-ဖယ်ရှားလိုက်တာနဲ့ ရက်သတ္တ ၁-၂ ပါတ်အတွင်း သက်သာလာမယ်။ သိပ်မဆိုးရင် ဆေးကုစရာတောင် မလိုပါ။ သူ့ခန္ဓာကိုယ်ကနေ သွေးနီဥသစ်တွေ ထုတ်လုပ်ပေးနေလိမ့်မယ်။ လိုအပ်ရင် သွေးသွင်းရတယ်။ ပရုတ်ပါရင် ဘာမှမတည့်ပါ။ အနံ့ကအစ မတည့်ပါ။ သောက်ရင် ပိုဆိုးတယ်။ လူးတာကလဲ သွေးထဲဝင်သွားတာဘဲ။ တိုင်းရင်း-မြန်မာဆေးတွေထဲမှာပါနေရင် ရှောင်ရင်ပါ။ ကလေးကို မတည့်မဲ့ ဆေးနာမယ်တွေကို မှတ်ပြီး ကိုယ်လဲ ရှောင်ပါ။
ရှောင်ရမယ့်ဆေးတွေ
Acetanilide (ရာဘာ ထုတ်လုပ်ရာတွင် သုံးသည်), Acetylphenylhydrazine (polycythemia ရောဂါအတွက်ဆေး), Acetylsalicylic acid (Aspirin), Aminophenazone (အကိုက်အခဲပျောက်ဆေး), Antazoline (အလာဂျီ သက်သာဆေး), Arsine (ဓါတုလက်နက်သုံး ဓါတ်ငွေ့), Beta-Naphthol (ဆိုးဆေး), Chloramphenicol (ပဋိဇီဝဆေး), Chloroquine (ငှက်ဖျားဆေး), Ciprofloxacin (ပဋိဇီဝဆေး), Colchicine (ဂေါက်ဆေး), Dapsone (အနာကြီးရောဂါ ဆေး), Dimercaprol (အာဆင်းနစ်၊ ရွှေ၊ ပြဒါး အဆိပ်သင့်ခြင်းတို့အတွက်ဆေး), Diphenhydramine (အလာဂျီ ဆေး), Dopamine (ပါကင်ဆွန်ရောဂါ၊ သွေးတိုးဆေး), Doxorubicin (ကင်ဆာဆေား), Furazolidone (ပဋိဇီဝဆေး), Glibenclamide (ဆီးချိုဆေး), Glucosulfone (အရေပြားနာဆေး), Isobutyl Nitrite (ရှူဆေး), Isoniazid (တီဘီဆေး), Menadione (ဗီတာမင်ကေ), Mepacrine (သံချဆေး), Mesalazine-5-Aminosalicylic Acid (အူရောဂါဆေး), Methyltioninium Chloride (methylene blue) (ငှက်ဖျား၊ ကင်ဆာ၊ အဆိပ်ဖြေဆေး), Nalidixic Acid (ပဋိဇီဝဆေး), Naphtalene (ပရုပ်), Niridazole (သန်ချဆေး), Nitrofural (ပဋိဇီဝဆေး), Nitrofurantoin Nitrofurantoin, Norfloxacin (ပဋိဇီဝဆေး), Urate (ဂေါက်ရောဂါတွင်ဖြစ်သည့်ဆား), Pamaquine (ငှက်ဖျားဆေး), Para-Aminobenzoic Acid (အစာလမ်းရောဂါ၊ အရေပြားနာဆေး), Paracetamol (ပါရာစီတမော အကိုက်-အဖျားဆေး), Pentaquine (ငှက်ဖျားဆေး), Phenacetin, Phenazone, Phenazopyridine, Phenylbutazone, Phenytoin, Phynylhydrazine, Primaquine (ငှက်ဖျားဆေး), Probenecid, Procainamide, Proguanil (ငှက်ဖျားဆေး), Pyrimethamine, Quinidine, Quinine (ငှက်ဖျားဆေး), Stibophen, Streptomycin (ပဋိဇီဝဆေး), Sulfacetamide (ပဋိဇီဝဆေး), Sulfacytine (ဆာလ်ဖါဆေး), Sulfadiazine (ဆာလ်ဖါဆေး), Sulfadimidine (ဆာလ်ဖါဆေး), Sulfafurazole (ဆာလ်ဖါဆေး), Sulfaguanidine (ဆာလ်ဖါဆေး), Sulfamerazine (ဆာလ်ဖါဆေး), Sulfamethoxazole (ဆာလ်ဖါဆေး), Sulfamethoxypyridazine (ဆာလ်ဖါဆေး), Sulfanilamide (ဆာလ်ဖါဆေး), Sulfapyridine (ဆာလ်ဖါဆေး), Sulfasalazine (ပဋိဇီဝဆေး), Salazosulfapyridine (ဆာလ်ဖါဆေး), Thiazosulfone Thiazosulfone, Tiaprofenic Acid (အနာ-အဖျားဆေး), Tolonium Chloride (ဆိုးဆေး), Trihexyphynidyl (ပါကင်ဆိုနဇင်ဆေး), Trimethoprim (Septin ထဲပါသည့် ပဋိဇီဝဆေး), Trinitrotoluene (ဖေါက်ခွဲပစ္စည်း), Tripelennamine (စိတ်ရောဂါဆေး), Vitamin C, Vitamin K1, Vitamin K3, Vitamin K4 ဗီတာမင် စီ၊ ကေ။
သတိထားရမှာက ကိုယ်ပူ-ကိုက်ခဲရင် Paracetamol ပါရာစီတမော မတိုက်ပါနဲ့။ ငှက်ဖျားဆေး Chlorguanidine, Chloroquine, Quinine တွေ မတိုက်ပါနဲ့။ တိုက်ဖွိုက် စတဲ့ရောဂါကို ပေးတတ်တဲ့ Chloramphenicol ဆေး လုံးဝရှောင်ပါ။ တီဘီဆေး Streptomycin, (INH) မတည့်ပါ။ ဆာလ်ဖါဆေးတွေ အားလုံးမတည့်ပါ။ ကလေးအတော်များများပေးတတ်တဲ့ Septrin ဆက်ပထွန် မတည့်ပါ။
G6PD မွေးရာပါရောဂါ အမေး-အဖြေ
• ပဌမကလေးမှာ G6PD ရှိနေရင် နောက်မွေးလာမဲ့ကလေးမှာလဲ ဖြစ်နိုင်တဲ့အလားအလာရှိတယ်လို့ ပြောရပါမယ်။ မိဘတဦးဦးဆီကနေ ရလာတာဖြစ်လို့ပါ။
• G6PD deficiency ဆိုတာ X chromosome နဲ့ဆိုင်တယ်။ ယောက်ျားမှာ X chromosome တခုရှိပြီး။ မိန်းမမှာ (အိတ်က်စ် ခရိုမိုဇုန်း) ၂ ခု ရှိတယ်။
• မိန်းမရဲ့ (အိတ်က်စ် ခရိုမိုဇုန်း) မှာ ချို့ယွင်းချက်ရှိနေရင် သယ်ဆောင်ပေးသူဖြစ်နေမယ်။ ယောက်ျားမှာရှိနေရင် အခြေအနေလိုက်ဖြစ်စေမယ်။
• သားမှာ ရှိလာတာဟာ မိခင်ဆီကနေရလာတာဖြစ်ပြီး သမီးလေးမှာရှိနေတာက မိဘနှစ်ပါးလုံးဆီကနေ ရလာတာ ဖြစ်တယ်။
• သားဟာ မိခင်ဆီကနေ အခြေအနေအရ ရလာတာဖြစ်တယ်။
• ဖခင်ဆီကနေတော့ သူ့သမီဆီးကို အခြေအနေပေးဖြစ်စေပေမဲ့ သားဆီကို အခြေအနေအပေးမဖြစ်စေဘူး။
• မိခင်အကောင်း + ဖခင် ချို့ယွင်း = သမီး သယ်ဆောင်ပေးသူ နဲ့ သား ဘာမှမဖြစ်။
• မိခင် ချို့ယွင်း + ဖခင် ဘာမှမဖြစ် = သမီး သယ်ဆောင်ပေးသူ နဲ့ သား ချို့ယွင်းသူ။
• မိခင် ချို့ယွင်း + ဖခင် ချို့ယွင်း = သမီး ချို့ယွင်းသူ။ သား ချို့ယွင်းသူ။
• မိခင်သယ်ပေးသူ + ဖခင် ဘာမှမဖြစ်သူ = သမီး သယ်ပေးသူဖြစ်ဘို့ ၅၀%နဲ့ ချို့ယွင်းဘို့ ၅၀%။ သား မဖြစ်ဘို့ ၅၀% နဲ့ ဖြစ်ဘို့ ၅ဝ%။
• မိခင်သယ်ပေးသူ + ဖခင် ချို့ယွင်းသူ = သမီး သယ်ပေးသူဖြစ်ဘို့ ၅၀%နဲ့ ဖြစ်ဘို့ ၅၀%။ သား ဖြစ်ဘို့ ၅၀% နဲ့ မဖြစ်ဘို့ ၅၀%။
သူများနိုင်ငံတွေမှာ ဆေးပညာပညာပေးတွေကို (အင်တာနက်) ကနေလည်း အတော်အသုံးချပါတယ်။ ရောဂါတိုင်း လိုလိုအတွက် အသင်းအဖွဲ့တွေလုပ်ထားပြီး အသိပညာပေးမှုတွေ အတွေ့အကြုံဖလှယ်တာတွေ လုပ်ကြတယ်။ အတော်လည်း အကျိုးရှိတယ်။ ဆရာတော့ G6PD အကြောင်း စာတပုဒ်သာရေးဖြစ်သေးတယ်။ အချိန်ရရင် မေးတဲ့သူ သိချင်တာတွေကိုပါ ထည့်ရေးပါအုံးမယ်။
Tolfenamic acid ဆေးကို ကိုယ်ပူတာ၊ နာတာအတွက်သုံးနိုင်ပါတယ်။ Paracetamol (ပါရာစီတမော) ကို တချို့ဆေးသုတေသနတွေက ဆေးအဆမများရင်သုံးနိုင်တယ်လို့ဆိုတယ်။ ကလေးတွေကိုယ်ပူရင် ရေအေးဝတ်တိုက်နည်းကိုသုံးသင့်ပါတယ်။
1. G6PD မွေးရာပါရောဂါ http://doctortintswe.blogspot.com/2014/11/g6pd.html
2. G6PD Low-risk Drugs မွေးရာပါချို့ယွင်းချက်နဲ့ ဆေး http://doctortintswe.blogspot.com/2015/05/g6pd-low-risk-drugs.html
3. G6PD and Blood groups နဲ့ သွေးအုပ်စု http://doctortintswe.blogspot.com/2015/06/g6pd-and-blood-groups.html
4. Chances of passing G6PD on to kids http://doctortintswe.blogspot.com/2015/06/chances-of-passing-g6pd-on-to-kids.html
5. G6PD Deficiency Support Group http://doctortintswe.blogspot.com/2015/06/g6pd-deficiency-support-group.html
6. G6PD မွေးရာပါရောဂါ အမေး-အဖြေ http://doctortintswe.blogspot.com/2015/08/g6pd.html
Dr. တင့်ဆွေ
၁၈-၉-၂၀၁၇

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ