Keloid ကီးလွိုက် အမာရွတ်

ဆရာရှင့် Keloids အမာရွတ်နဲပတ်သတ်တာလေးတင်ထားတာတွေ့လို့ပါရှင့် ဒါက keloids အမာရွတ်လားရှင့်

ဖြစ်တာ ဘယ်လောက်ကြာ။ ဘယ်လိုကနေ စဖြစ်။

ဟုတ်ကဲ့ဆရာ။ ၅လ ၆လလောက်ရှိပြီ ဆရာရှင့်။ နဖူးကွဲလို့ ချုပ်ရင်ကနေ ဖြစ်လာတာဆရာ ချုပ်ရင်း တခါတလေ ဖောင်းပြီး တခါတလေ မှာ ပိန်လာတာ ဖြစ်တယ်ဆရာ။ မျက်နှာမှာဆိုတောစိုးရိမ်လို့ပါဆရာ

အကြံပြုချက်

လင့်ကိုဖတ်ပါ။

ကီးလွိုက်နဲ့ ဆင်တယ်။

ယားတဲ့အခါ Steroid cream လိမ်းနိုင်တယ်။

ထိုးဆေး၊ လေဆာတွေနဲ့လည်း ပျောက်အောင်မလုပ်နိုင်ပါ။

Common Medical Treatments ကုသနည်းများ

Corticosteroid Injections ထိုးဆေး

ရောင်တာကျစေတယ်။ ယားတာသက်သာစေမယ်။ အရွယ်အစားသေးလာနိုင်တယ်။

Silicone Gels/Sheets နည်း

အချိန်ကြာမယ်။ ပြားစေနိုင်တယ်။ ပျော့စေနိုင်တယ်။

Laser Therapy လေတာနည်း

အမြင့်ကျလာစေမယ်။ နီတာ သက်သာလာစေမယ်။

Cryotherapy (Freezing) အေးခဲနည်း

သေးတာအတွက်သင့်တယ်။ တခြားကုနည်းနဲ့ တွဲလေ့ရှိတယ်။

ဒီအတိုင်းသာ ထားသင့်တယ်။ မျက်နှာဖြစ်လို့ ပိုမဆိုးစေအောင် ဂရုစိုက်ရမယ်။

အရပ်နည်းတွေ မလုပ်သင့်။

အသက် ၂၅နှစ်ယောက်ကျားလေးပါဆရာ ရင်ဘတ်နဲ့ဝမ်းဗိုက်မှာ keloid အမာရွတ်ဖြစ်နေလို့ပါဆရာ keloid ကိုဆေးမထိုးပဲကုသလို့ရပါသလားဆရာ ဆေးထိုးတာကဘေးထွက်ဆိုးကျိုးများတယ်ပြောကြလို့ပါဆရာ အကြံညဏ်လေးပေးပါဆရာ ကျေးဇူးတင်ပါတယ်ဆရာ။
ကင်ဆာအုပ်စုမှာ ဘယ်သူဖြေဖြေသဘောနဲ့ မေးတယ်။ ရင်ဘက်မှပေါက်နေတာ ငါးမျက်ဆိလို့တော့ပြောတာပဲ ကင်ဆာဖြစ်နိုင်လား
တယောက်က ဖြေတယ်။ အမြင်နဲ့ဘယ်သူမှကင်ဆာလို့မပြောနိုင်ပါဘူး တတ်ကျွမ်းတဲ့ဆရာဝန်နဲ့ပြသစစ်ဆေးကြည့်ပါ
ကိုယ့်မေးတာ မဟုတ်ပေမဲ့ မနေတတ်လို့ ကျွန်တော်ကလည်း ဖြေလိုက်တယ်။
Keloid ဖြစ်တယ်။ သည်အတိုင်းထားရမယ်။ ကင်ဆာ မဟုတ်ပါ။ မမေးပဲ နောက်တခုထပ်ဖြေဦးမယ်။ ငါးမျက်စိလို့ ရေးရတယ်။ ရောဂါကိုဖြေတာ မဟုတ်။ သတ်ပုံ။ မေးတဲ့သူတွေအတွက် ဖြေထားပါတယ်။
၁။ ဆရာရှင့် ကျမအမျိုးသား အသက် ၃၀ ပါ ရင်ဘတ်မှာ keyloid အမာရွတ်ရှိပါတယ် အရင်ကတော့ sivkort ဆိုတာ ကိုယ်ဘာကို ထိုးတယ် ခုဆေးခန်းသွားရင်းထိုးတော့ ပုံပါအတိုင်း ဆေးနဲ့ထိုးတယ် ဘယ်ဟာက ပိုကာင်းတာလဲဆရာ ပုံထဲကဆေးနာမည်ကရော ဘာလဲဆရာ နောက် အဲ့ဆေးပဲဝယ်ထိုးရမလားဆရာ
၂။ သမီးကို အဲဒီ့လို အမာရွတ် ရှိတာ ကီးရိုက် ရှိလို့တဲ့ဆရာ။ ပြီးတော့ အဲဒီ့ အမာရွတ် တွေကို လေဆာနဲ့ ဖျောက်လို့ ရနိုင်ပါ့မလားဆရာ။ အဲ့ဒါလေးသိချင်လို့ပါ။ သမီးအမာရွက်တွေက သိပ်မဖောင်းဘူးဆရာ။ အသားနဲ့ တပြေးညီပဲဆရာ။ ဒါပေမယ့် ဆရာရယ် အမာတွေနဲ့ လက်ဖမိုးပေါ်မှာ ရှက်လို့ လေဆာနဲ့ ရမရ ရယ် တချို့ဆေးခန်းက plastic surgery လုပ်ရမယ်လို့ ပြောလို့ ဆရာရယ်။ သမီးကို အကြံပေးပါရှင်။
၃။ ကျနော့်မှာ ရင်ဘက် နို့နှစ်ခုရဲ့ အလယ် အထက်နားမှာ အမာရွတ်တခု ရှိပါတယ်။ ကျနော် မမှတ်မိခင် အချိန် ကတည်းက အနာပေါက်ပြီး အမာရွတ် ကျန်ခဲ့တာလို့ အမေကပြောပါတယ်။ အခုကျနော်အသက် ၂၅ ရှိပါပြီ။ အနာရွတ်က တဖြေးဖြေး ကြီးလားတယ်။ တခါတလေကျရင် နာသလိုခံစားရတယ်။ ပေါင်မှာလည်း အနာရွတ် တခုရှိတယ်။ အဲတာက ဘာမှ မပြောင်းလဲဘူး။ ရင်ဘက်ကဟာက ကြီးလာတယ်။ အရင်တုံးက တလက်မတောင် မရှိဘူး။ အခုဆိုရင် နှစ်လက်မ လောက် ရှိတယ်။ အနာရွတ်က ဖေါင်းကြွနေတော့ ဘယ်လိုမှ ကြည့်မကောင်းဘူး ဖြစ်နေတယ်။ အန္တရာယ်ရှိလား။ ကင်ဆာလိုဖြစ်မှာ ကြောက်တာ။ ပြီးတော့ အမာရွတ်ကို ခွဲစိတ် ထုတ်လိုက်လို့ ရလား။ ဖြစ်နိုင်ရင် ခွဲစိတ်ထုတ်လိုက်ချင်တယ်။
မှန်းကြည့်ပြီး ပြောပါ့မယ်။ Keloid ကီးလွိုက် ဖြစ်နေမယ်။ အရုပ်ဆိုးတဲ့ အမာရွတ်။ အမာရွတ်မှာ လှတာကော ရှိလား မေးနိုင်တယ်။ မင်းသား Harrison Ford ကြည့်မလား၊ မင်းသမီး Elizabeth Taylor လည်ပင်းမှာ အမာရွတ်ပါတယ်၊ Catherine Zeta-Jones သတိထားမိလား ဘယက်ဖြစ်ဖြစ်၊ လည်စည်းဖြစ်ဖြစ် စီးထားတာ လည်ပင်းမှာ အမာရွတ်ရှိလို့ပါ။ Sandra Bullock, Sharon Stone အကုန်လုံး အချောအလှတွေ မဟုတ်ပါလား။
အနာတခု ကျက်ရင် အမာရွတ်ဖြစ်တယ်။ အမာရွတ်မှာ Collagen ဆိုတာပါတယ် သူ လိုတာထက် ပိုများနေတာပါ။ ကြည့်ရင် အထက်ပိုကြွနေတယ်၊ တောက်ပြောင်နေမယ်။ အရောင်ကနေ နီညိုညိုရှိမယ်၊ ရာဘာခဲလို မာတင်းတင်း ရှိတယ်။ မျက်နှာပြင် မချောပါ။ ကင်ဆာမဟုတ်တဲ့ အကျိတ်အုပ်စုဝင် ဖြစ်တယ်။ မကူးစက်နိုင်ဘူး။ နာနိုင်တယ်၊ ယားနိုင်တယ်။ ဒီဘက်နားမှာဖြစ်ပေမဲ့ ဟိုဘက်နားမှာ လာမဖြစ်ပြန်ပါ။
Hypertrophic scar ဆိုတဲ့ အရောင်ပိုရင့်နေတဲ့ ရိုးရိုးအမာရွတ်နဲ့ ခွဲခြားရမယ်။ ရိုးရိုးဆိုတာမျိုးက အနာနေရာထက် ဘေးကို ပိုကျယ်မနေဘူး။ ဒီအကောင်က ဘေးကို ပိုရောက်ရောက်လာတယ်။
ကီးလွိုက် ဘာလို့ ဖြစ်တာလဲ။ ဆရာဝန်တွေ သိပ်နားမလည်သေးပါ။ ကျား-မ ဆတူ ဖြစ်တယ်။ အသက် သိပ်ငယ်သူတွေနဲ့ လူအိုတွေမှာ အဖြစ်နဲတယ်။ အသား သိပ်မဖြူသူတွေ ပိုဖြစ်တယ်။ အမျိုးထဲ တယောက်ထဲ မဖြစ်တာ တွေ့ရတယ်။ အဖြစ်များနေရာတွေက ရင်ပတ်၊ ကျော၊ ပခုံး၊ နား၊ တင်ပါး၊ မျက်နှာမှာ မေးရိုးကလွဲရင် သိပ်မဖြစ်ပါ။
ဆေးကုရတာ မလွယ်တဲ့ အစားထဲမှာ ပါတယ်။
• lntra-lesional corticosteroids ကီးလွိုက်ထဲ စတီရွိုက်ဆေးထိုးနည်းပါ။ ရဝ% လောက်က အကျိုးရှိတယ်။ ပြန်ဖြစ်တာလဲ ၅ဝ% လောက်ရှိပါတယ်။
• Excision ခွဲထုတ်နည်းကိုလည်း ဆေးထိုးနည်းမရတာကို စမ်းသင့်တယ်။ Triamcinolone or Interferon injections ထိုးဆေး တခုခုကို မခွဲခင်၊ ခွဲနေတုံးနဲ့ ခွဲအပြီးမှာ ပေးသင့်ပါတယ်။
• Silicone gel sheeting နည်းကိုတော့ ယားလို့၊ နာလို့ဆိုတဲ့ ခံစားနေရတာ သက်သာဘို့အတွက် သုံးနိုင်တယ်။
• Cryosurgery ဆိုတဲ့ အေးခဲနည်းနဲ့ ကုတာလဲ ရှိပါတယ်။ ဒီနည်းက အရောင်ပျော့သွားတာ ဖြစ်လာတတ်တယ်။
• Radiation therapy ဓါတ်ကင်နည်းလည်း လုပ်ပါတယ်။ ခွဲပြီးမှ ဆက်လုပ်တာလဲ ရှိတယ်။
• Pulsed dye laser လေဆာနည်းလဲ ရှိတယ်။
• Interferon ဆိုတာ ကိုယ်ခန္ဓာကနေ ရောဂါပိုးတွေကို ခံတိုက်တဲ့ ရောဂါပြီးစနစ်က ထုတ်ပေးနေတဲ့ ပရိုတင်းတမျိုးပါ။ ဒီဆေးမျိုးလဲ ထိုးတယ်။
• Fluorouracil Injections ထိုးဆေးနည်း။
အလှအပတွက် ကွင်းတပ်သူများ သတိထားပါ။ တနေရာမှာ ကီးလွိုက်ရှိနေသူဟာ ခွဲတာ-စိတ်တာ လုပ်စရာ ရှိရင် ရှောင်လို့ဖြစ်ရင် ရှောင်သင့်ပါတယ်။ ကီးလွိုက်ကို ပျောက်အောင်ကုသနည်း မရှိသေးပါ။ ဆောရီး။ အဲလိုရောဂါဆိုရင် အရပ်ဆေးနည်းတွေ၊ ကြော်ငြာတွေကများပြီ။ မယုံသင့်ကြပါ။ ကီးလွိုက်ကနေ ကင်ဆာမဖြစ်ပါ။
ကီးလွိုက်ကနေ ကုသပြီးနောက် ဆာကိုးမားခေါ် ကင်ဆာဖြစ်သွားသူရှိကြောင်း မက်ဆေ့ချ်ကနေ ပို့ပါတယ်။
Dr. တင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ