World Kidney Day ကမ္ဘာ့ကျောက်ကပ်နေ့

မတ်လ (၁၃) ရက်နေ့မှာကျရောက်တယ်။
ကမ္ဘာ့လူဦးရေ ၁၀% မှာ Chronic Kidney Disease (CKD) နာတာရှည်ကျောက်ကပ်ရောဂါရှိနေကြတယ်။ ၅၀% ဟာ အသက် ၇၀ ကျော်တွေမှာဖြစ်တယ်။
ကလေးများနဲ့ ကျောက်ကပ်ရောဂါ
ကျောက်ကပ်ရောဂါတွေဟာ ကလေးတွေကို နည်းမျိုးစုံနဲ့ဖြစ်စေနိုင်တယ်။ နာတာရှည်ဖြစ်နိုင်သလို အသက်ကိုပါ ရန်ရှာနိုင်တယ်။
Acute kidney disease (AKI) ဆိုတာ ဆိုးလှတဲ့ရက်တိုကျောက်ကပ်ရောဂါတခုဖြစ်တယ်။ ကုသရင် ကောင်းသွားမယ်။ ဒါပေမယ့် မသိလို့မကုပဲထားရင် တသက်လုံးဒုက္ခပေးမယ်။ AKI ထဲကတခုကို Hemolytic uremic syndrome (HUS) လို့ခေါ်တယ်။ ဆီးထဲသွေးပါနေမယ်။ နောက်တမျိုးက ထိခိုက်ဒဏ်ရာတွေ၊ မီးလောင်ခံရတာ၊ ရေဓါတ်ဆားဓါတ် ခမ်းခြောက်တာကနေ ဆက်ဖြစ်တယ်။
Chronic kidney disease (CKD) နာတာရှည်ဖြစ်ရင်တော့ ကြာလေဆိုးလေဖြစ်မယ်။ နောက်ဆုံး ကျောက်ကပ် လဲရတော့မယ်။ နာတာရှည်ကျောက်ကပ်ရောဂါဆိုတာ မွေးရာပါလည်းဖြစ်နိုင်တယ်။ မျိုးရိုးလည်းလိုက်တယ်။ အဲတာမျိုးကို polycystic kidney disease လို့ခေါ်တယ်။ အဲတာတွေအပြင် Infection ပိုးဝင်တာ၊ nephrotic syndrome ဆီးလမ်းရောဂါ (ဆီးထဲအနည်ပါ + ကိုယ်ရောင်)၊ Lupus (လူးပတ်စ်) ရောဂါ၊ ဆီးလမ်းကြောင်းပိတ်တာတွေကနေ ဆက်ဖြစ်နိုင်တယ်။
မွေးစကနေ အသက် ၄ နှစ်သားအထိ မွေးရာပါရောဂါကြောင့်ဖြစ်တာတွေကနေ ကျောက်ကပ်အလုပ်မလုပ်နိုင်တာ ဖြစ်မယ်။ ၅ နှစ်ကနေ ၁၄ နှစ်သားအရွယ်မှာ မျိုးရိုးအရဖြစ်တာတွေနဲ့ တခြားအကြောင်းတွေကနေဖြစ်စေမယ်။ ၁၅ နှစ်ကနေ ၁၉ နှစ်အထိဆိုရင် ကျောက်ကပ်ထဲက glomeruli (ဂလိုမာရူလိုင်) နေရာကိုထိခိုက်လို့ ကျောက်ကပ် အလုပ်မလုပ်နိုင်တာဖြစ်စေမယ်။
အကြံပြုချက်များ
ရေတဖန်ခွက်သောက်လိုက်ပါ။ ကိုယ့်ကျောက်ကပ်ကိုလည်း တခွက်သောက်စေပါလို့ ဖိတ်ခေါ်ပါတယ်။ ဒါဟာ ကိုယ်ခန္ဓာမှာအလွန်အရေးပါတဲ့ကျောက်ကပ်ကို သတိရှိကြစေဖို့ရာ သင်္ကေတဆောင်ရွက်မှုပါ။ အဲလိုပါပဲ လူနေမှုပုံစံကို ပြောင်းကြစေချင်ပါတယ်။
ကာကွယ်ရေးအတွက် (၈) ချက်ဥပဒေသ
ကျောက်ကပ်ရောဂါဟာ လူကိုသေစေတယ်။ မကောင်းတော့ရင် လူ့အရည်အသွေးတွေကျဆင်းလာမယ်။ ဒါပေမဲ့ ကာကွယ်ဖို့ရာ နည်းလမ်းတွေရှိပါတယ်။
၁။ တက်ကြွနေပါ။ ကျန်းမာအောင်နေပါ။ လမ်းလျှောက်ပါ။ စက်ဘီးစီးပါ။ ပြေးပါ။
၂။ သွေးထဲကအချိုဓါတ်ထိန်းထားပါ။
၃။ သွေးဖိအားစစ်ဆေးနေပါ။ သွေးဖိအား (ဘီပီ) လျှော့ချရင် နာတာရှည် ကျောက်ကပ်ရောဂါ မဖြစ်စေပါ။ နှလုံး အတက်ရမှာကိုလည်းတားနိုင်တယ်။ 120/80 ကနေ 139/89 မှာသာရှိနေစေပါ။ 140/90 နဲ့ အထက်ဆိုရင် ဆရာဝန်ပြပါ။
၄။ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာစားပါ။ ကိုယ်အလေးချိန်ထိန်းပါ။ ဆားလျှော့စားပါ။ တနေ့မှာ ဆား Sodium 5-6 grams (လဖက်ရည်ဇဇွန်း တဇွန်း) ထက်မများစေပါနဲ့။ ဆားများများသုံးတဲ့ ဆိုင်ဝယ်အစာတွေ ရှောင်ပါ။ လတ်ဆတ်တာတွေကိုသာ ကိုယ်တိုင်ပြင်ဆင်ချက်ပြုတ်စားသုံးပါ။
၅။ ကျန်းမာရေးနဲ့ညီတဲ့အရည်တွေသာသောက်သုံးပါ။ တနေ့မှာ ရေ 1.5 to 2 litres (3 to 4 pints) အနည်းဆုံး သောက်ပါ။ ချွေးထွက်တဲ့အလုပ်လုပ်ရတာ၊ ကိုယ်ဝန်ဆောင် ကလေးနို့တိုက်နေရတာ၊ ရာသီဥတု ပူတာဆိုရင် ပိုသောက်ပါ။ တနေ့မှာ ၂-၃ လီတာသောက်ပါ။
၆။ ဆေးလိပ်မသောက်ပါနဲ့။ ဆေးလိပ်သောက်သူတွေမှာ ကျောက်ကပ်ကိုသွေးစီးဝင်တာ ၅၀% နှေးကြတယ်။ ကျောက်ကပ်ကင်ဆာဖြစ်မှာ ၅၀% ပိုစေတယ်။
၇။ အလွယ်ဝယ်ရဆေးသတိပေးပါရစေ။ NSAD ခေါ်တဲ့ ibuprofen လိုအနာအကိုက်ပျောက်ဆေး တွေ တာရှည် မသောက်သင့်ပါ။ မသောက်မဖြစ်သူတွေ ဆရာဝန်ညွှန်သလိုသာ သောက်ပါ။
၈။ ကျောက်ကပ်ကိုစစ်ဆေးပါ။ (ဆီးချိုရှိသူ၊ သွေးတိုးရှိသူ၊ ဝလွန်းသူ၊ မိသားစု ရာဇဝင်မှာ ကျောက်ကပ်ရောဂါရှိသူ)
မြန်မာပြည်သားတွေ ဘယ်မှာနေနေ ကျောက်ကပ်ကျန်းမာရေးနဲ့ ပြည့်စုံကြပါစေ။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ

Allergic skin အရေပြား အလာဂျီ